မန်ယူအသင်း၏ တိုက်စစ်ကစားသမားများဖြစ်သော ရပ်ရှ်ဖို့ဒ်နှင့် မာစီယဲလ်တို့သည် ဘောလုံးလောကမှ အနားယူသွားခဲ့သည့် အသင်း၏နည်းပြဟောင်း လူးဝစ္စဗန်ဟားလ်အတွက် ကျေးဇူးတင်စကားများ ဆိုခဲ့ကြောင်းသိရသည်။
အသက် (၆၇) နှစ်အရွယ်ရှိ နယ်သာလန်လူမျိုးနည်းပြ ဗန်ဟားလ်သည် မတ်လ (၁၁)ရက်နေ့က ဘောလုံးလောကမှအနားယူခဲ့ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ဗန်ဟားလ်သည် မန်ယူအသင်းနည်းပြအဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိဆောင်ရွက်ခဲ့ပြီး ၄င်းလက်ထက်တွင် မန်ယူအသင်းမှာ ရုန်းကန်ခဲ့ရသော်လည်း လူငယ်ကစားသမားအများနေရာပေးခဲ့သည့်အတွက် မန်ယူပရိသတ်များ၏ အားပေးမှုကိုခံခဲ့ရသူဖြစ်သည်။
ဗန်ဟားလ်သည် ပြင်သစ်တောင်ပံကစားသမားမာစီယဲလ်အား ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် မိုနာကိုအသင်းမှ မန်ယူအသင်းသို့ ပေါင် (၃၆)သန်းဖြင့်ခေါ်ယူခဲ့သူဖြစ်ပြီး ထိုစဉ်က မာစီယဲလ်မှာ အသက်(၁၉)နှစ်သာရှိသေးကာဥရောပ၏အကောင်းဆုံးလူငယ်ကစားသမားများထဲမှ တစ်ဦးအဖြစ်သတ်မှတ်ခံထားရသူဖြစ်သည်။
မာစီယဲလ်သည် လက်ရှိအချိန်တွင်လည်း မန်ယူအသင်း၏ အဓိကကစားသမားတစ်ဦးအဖြစ်ခြေစွမ်းပြနေသူဖြစ်သည်။
ထို့ပြင်ဗန်ဟားလ်သည် မန်ယူအသင်း၏အကယ်ဒမီကစားသမားဖြစ်သူ ရပ်ရှ်ဖို့ဒ်ကိုလည်း ၄င်းနည်းပြစဉ်ကာလအတွင်း ထိပ်တန်းအဆင့်လူငယ်တစ်ဦးဖြစ်အောင် ယုံကြည်စွာဖြင့်နေရာပေးခဲ့သူဖြစ်သည်။
အသက် (၂၁)နှစ်အရွယ်သာရှိသေးသည့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် ဗန်ဟားလ်၏လက်အောက်တွင်လည်း ခြေစွမ်းပြနိုင်ခဲ့ပြီး တောက်ပလာခဲ့သလို၊ လက်ရှိအချိန်တွင်လည်း မန်ယူအသင်း၏ အဓိကတိုက်စစ်မှူးအဖြစ် ခြေစွမ်းပြနေနိုင်သူဖြစ်သည်။
ထို့ကြောင့် ဗန်ဟားလ်နှင့်အတူ မန်ယူအသင်းတွင် တောက်ပလာခဲ့သည့် မာစီယဲလ်နှင့် ရပ်ရှ်ဖို့ဒ်တို့က နည်းပြဟောင်း ဗန်ဟားလ်အနားယူချိန်တွင် ၄င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများ၌ ကျေးဇူးတင်စကားများဆိုခဲ့ခြင်းဖြစ်သည်။
မာစီယဲလ်က '' အရာရာအတွက် ကျေးဇူးတင်ပါတယ် နည်းပြကြီး။ ခင်ဗျားဆီကနေ သင်ယူလေ့လာခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်" သူ၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
ထို့အတူ ရပ်ရှ်ဖို့ဒ်ကလည်း '' ကျွန်တော့်အတွက် တံခါးဖွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်စွာအနားယူနိုင်ပါစေ နည်းပြကြီး" သူ၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
အေဂျက်စ်၊ ဘာစီလိုနာ၊ နယ်သာလန်၊ ဘိုင်ယန်မြူးနစ်၊ မန်ယူအသင်းများကို ကိုင်တွယ်ခဲ့ဖူးသည့် ဗန်ဟားလ်သည် နည်းပြဘဝတွင် ဆုဖလား အောင်မြင်မှုများစွာရယူနိုင်ခဲ့သလို၊ တစ်ဦးချင်းအောင်မြင်မှုမှတ်တမ်းများစွာလည်း စိုက်ထူနိုင်ခဲ့သူဖြစ်သည်။