ရန်ကုန်မြို့လယ်ရှိ ရတနာဆိုင် တစ်ဆိုင်အတွင်းမှ ရတနာပစ္စည်းများ နေ့ခင်းကြောင်တောင် လုယက်မှု ဖြစ်ပွား

ရန်ကုန်မြို့လယ်ရှိ ရတနာဆိုင် တစ်ဆိုင်အတွင်းမှ ရတနာပစ္စည်းများ နေ့ခင်းကြောင်တောင် လုယက်မှု ဖြစ်ပွား
Published 16 September 2017

ရန်ကုန်မြို့လယ် ပန်းဘဲတန်းမြို့နယ်ရှိ ရတနာပစ္စည်းဆိုင် တစ်ဆိုင်အတွင်းသို့ အမျိုးသားတစ်ဦး ဝင်ရောက်ပြီး ဆိုင်အတွင်းရှိ ရတနာပစ္စည်းများ လုယက်မှု စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလမ်းမပေါ် ၂၉ လမ်းအနီး ဖွင့်လှစ်ထားသည့် ရတနာပစ္စည်း အရောင်းဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်သည့် မ .... သည် စက်တင်ဘာ ၁၅ ရက် နံနက် ၉ နာရီခန့်က နေအိမ်မှ စိန်ထည်ပစ္စည်း (၂၉) မျိုးထည့်ထားသည့် အမျိုးသမီးကိုင် ဘေးလွယ်အိတ်ကို ယူဆောင်ကာ ၎င်း အလုပ်လုပ်ကိုင်သည့် အဆိုပါဆိုင်အား လာရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လာရောက်ပြီး ဆိုင်တံခါးအားဖွင့်ကာ စိန်ထည်ပစ္စည်းများ ထည့်ထားသော လွယ်အိတ်ကို ကောင်တာစားပွဲပေါ်တင်၍ အခြားကောင်တာများအား ဖွင့်လှစ်ရန် ပြုလုပ်နေစဉ် အမျိုးသားတစ်ဦးက ဆိုင်အတွင်းသို့ ဝင်ရောက်လာပြီး မ.... ၏ ပါးစပ်အား နောက်မှနေ၍ တိပ်ဖြင့်ပတ်ကာ ဦးခေါင်းအား စားပွဲပေါ်သို့ ဆောင့်တွန်းပြီး အိတ်အတွင်း ထည့်ထားသည့် စိန်ထည်ပစ္စည်းများအနက် ပတ္တမြားကို ခရုပတ်ပုံစီခြယ်ထားသည့် ဆွဲသီးတစ်ခုအား ယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“အဲဒီဆိုင်မှာ အလုပ်လုပ်နေတဲ့ ကောင်မလေးက မနက်ပိုင်းဆိုင်ဖွင့်ဖို့ လာတာမှာ သူ့နောက်ကနေပြီးတော့ လူတစ်ယောက် လိုက်လာတယ်ပြောတယ်။ အဲဒီနောက် သူဆိုင်တံခါးဖွင့်တဲ့ အချိန်မှာ အဲဒီလူက ဆိုင်ထဲကို အတင်းဝင်သွားပြီး ပစ္စည်းတွေ လုတာလို့ ပြောတယ်။ အဲဒီမှာ ကောင်မလေးကအော်တော့ အဲဒီလူက ထွက်ပြေးသွားတယ်လို့ ပြောတယ်။ ဆိုင်ထဲက ဘာပစ္စည်းတွေ ပါသွားလဲ ဆိုတာကတော့ ကျွန်တော်တို့ မသိပါဘူး” ဟု အခင်းဖြစ်နေရာ အနီးတွင် နေထိုင်သည့် အမျိုးသား တစ်ဦးက ပြောကြားသည်။

“အဲဒီ ကျူးလွန်သူက ဆိုင်ထဲရောက်တော့ ပစ္စည်းလုတယ်၊ ကောင်မလေးကိုလည်း ထိုးကြိတ်ခဲ့တယ်လို့ သိရတယ်။ အသက် ၃၀ ဝန်းကျင်လောက်ရှိတဲ့ အမျိုးသားလို့ သိရတယ်။ ဆိုင်ထဲမှာရှိတဲ့ သိန်း ၈၀ ဝန်းကျင်လောက် တန်ဖိုးရှိတဲ့ ရတနာပစ္စည်း တစ်ခုတော့ ပါသွားပါတယ်။ ခုဆိုင် အနီးဝန်းကျင်မှာရှိတဲ့ စီစီတီဗွီ မှတ်တမ်းတွေကို ကြည့်ရှုစစ်ဆေးပြီး ကျူးလွန်သူ ဖမ်းဆီးရမိနိုင်အောင် ဆောင်ရွက်နေပါတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရတနာပစ္စည်း အရောင်းဆိုင်မှာ ယင်းနေရာ၌ ငှားရမ်းဖွင့်လှစ်ထားသည်မှာ လပိုင်းခန့်သာ ရှိသေးကြောင်းနှင့် အမျိုးသမီးနှစ်ဦးသာ နေ့စဉ်ဈေးရောင်းချကြောင်း ယင်းတိုက်ခန်းပိုင်ရှင်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်အား ပန်းဘဲတန်းမြို့မ ရဲစခန်းမှ (ပ) ၂၇၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent