ရဲနှစ်ဦး၏ ရိုက်နှက်ခြင်းခံရသူတစ်ဦး ၂၅ ရက်အကြာတွင် မြစ်ကြီးနားဆေးရုံ၌ သေဆုံး

ရဲနှစ်ဦး၏ ရိုက်နှက်ခြင်းခံရသူတစ်ဦး ၂၅ ရက်အကြာတွင် မြစ်ကြီးနားဆေးရုံ၌ သေဆုံး
Published 16 September 2017

သြဂုတ် ၂၀ ရက်က ရဲနှစ်ဦး၏ ရိုက်နှက်ခြင်းခံရသူတစ်ဦး ၂၅ ရက်အကြာ၌ စက်တင်ဘာ ၁၄ ရက်က မြစ်ကြီးနားဆေးရုံတွင် သေဆုံးခဲ့သောကြောင့် ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ တကွင်းကျေးရွာမှ ဦးအိုက်ကမ်အသက် (၅၁) နှစ်သည် ညနေပိုင်းနွားမောင်းသွားရာ ရွာဘေးရှိ ခြံအတွင်း ဆိုင်ကယ်ရပ်၍ နွားသွားမောင်းရာတွင် အမျိုးသားနှစ်ဦးက ဝိုင်းဝန်းလုံးထွေး ရိုက်နှက်ခဲ့ကြောင်း၊ ထို့နောက်လက်ထိတ်ခပ်ကာ ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အရိုက်ခံရသူ ဦးအိုက်ကမ်မှာ အိမ်အထိ ပြေးလာသဖြင့် ရွာသားများ ဝိုင်းလာသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ခေါ်ဆောင်ကာ ဟိုပင်ရဲစခန်းမှ လက်ထိတ်လာဖြုတ်ခဲ့ကြောင်း သိရသည်။

ဦးအိုက်ကမ်း၏ သမီးဖြစ်သူ ဒေါ်မွေလှိုင်က “ကျွန်မမြင်တာ အဖေကလက်ထိတ်နဲ့ အိမ်ဝင်းထဲ ပြေးဝင်လာတာ။ ခေါင်းတွေခြေထောက်တွေမှာ ဒဏ်ရာတွေ အများကြီးပဲ။ အမေကသွားဆွဲတော့ အမေ့ကိုကန်တယ်။ ရပ်ရွာလူကြီးတွေရောက်မှ ဖြေရှင်းပေးတယ်။ အဖေက မူးယစ်ဆေးဝါးဆိုလို့ အရက်တောင် မသောက်တာ။ နွား ၁၂ ကောင် တစ်ကောက်က ရွာအဝင်မှာ မောင်းလို့မရလို့ ကျန်နေတာ။ အဲဒီတစ်ကောင် သွားမောင်းတာမှာဖြစ်တာ။ သြဂုတ် ၂၁ ရက်မှာ ဟိုပင်ရဲကုန်းတိုင်တော့ အဲဒီရဲတွေက စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ကရဲတပ်ကြပ်ဇော်မျိုးနှင့် တပ်သားကျော်လွင်ဦးလို့ သိရတယ်။ သူတို့မှားကြောင်းလည်း တောင်းပန်းတယ်။ ရဲစခန်းမှာ အမှုတော့ ဖွင့်ထားခဲ့တယ်။ အဖေကိုတော့ မိုးညှင်းဆေးရုံကို ပို့လိုက်ရတယ်။ ခြေထောက်တစ်ချောင်း ကျိုးတယ်။ မိုးညှင်းဆေးရုံမှာ ရှစ်ရက်လောက်နေပြီး ပြန်လာတယ်။ ထမင်းတော့ မစားနိုင်သေးဘူး။ အိမ်ရောက်လို့ မကြာဘူး။ သွေးဝမ်းတွေသွားတယ်။ မနေ့က မြစ်ကြီးနားဆေးရုံမှာ ညရောက်တော့ ဆုံးပြီ။ ဥပဒေအတိုင်းပဲ ဖြစ်စေချင်တယ်” ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဟိုပင်မြို့မရဲစခန်းတွင် (ပ) ၂၂ /၂၀၁၇ လူသေမှု ပုဒ်မ ၃၀၂ သို့ ပြောင်းလဲ အမှုဖွင့်ထားသည်။

ဟိုပင်မြို့မရဲစခန်းမှူး ရဲအုပ်ထိန်လင်းက “ကျွန်တော်တို့ကတော့ ဒီနေ့မှာဒဏ်ရသူ သေဆုံးသွားလို့ ပုဒ်မ ၃၀၂ နဲ့ ဟိုပင်မြို့မရဲစခန်းမှာ အမှုဖွင့်ထားလိုက်ပါပြီ။ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ရော၊ ရဲတရားရုံးက အရေးယူထားပါတယ်။ ရဲတရားရုံးကတော့ တာဝန်ကျရာ အင်းတော်မြို့နယ်မှာ ဖွင့်တာပါ” ဟု ပြောကြားသည်။

Most Read

Most Recent