တိုက်ကြီးမြို့နယ် ရပ်ကွက်သစ်ဖြတ်ချောင်းအတွင်း အလေးချိန် ခုနစ်ပေါင်ခန့်ရှိ ဗုံးသီးဟောင်းတစ်လုံး တွေ့ရှိခဲ့ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
အဆိုပါ လုံးပတ် ၁၀ လက်မ အလေးချိန် ခုနစ်ပေါင်ခန့်ရှိ ဗုံးသီးဟောင်းအား တွေ့ရှိခဲ့သူများမှာ တိုက်ကြီးမြို့နယ်နေ အမျိုးသားနှစ်ဦးဖြစ်ပြီး ၎င်းတို့မှာ စက်တင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ယင်းမြို့နယ် ကွက်သစ်ဖြတ်ချောင်းအတွင်း ငါးဖမ်းနေစဉ် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီးနောက် ရပ်ကွက်တာဝန်ရှိသူများထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ရပ်ကွက်တာဝန်ရှိသူများက အဆိုပါဗုံးသီးကို တိုက်ကြီးမြို့မရဲစခန်းသို့ သွားရောက်အပ်နှံခဲ့ပြီး စစ်ဆေးကြည့်ရှုရာ ယင်းဗုံးသီးမှာ စစ်ကျန်ဗုံးသီးဟောင်းတစ်လုံးဖြစ်ကြောင်း သိရပြီး ယင်းဗုံးသီးကို သဲအိတ်များဖြင့် ကာရံထားရှိပြီး အမှတ် (၁၁) တပ်မတော်ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး တပ်သို့အပ်နှံရန် ဆက်သွယ် အကြောင်းကြားခဲ့ကြောင်း သိရသည်။
အဆိုပါဗုံးသီးကို အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (ညောင်တုန်း) မှ တပ်မတော်အရာရှိများက လာရောက် စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ယင်းတပ်ရင်းသို့ ရဲတပ်ဖွဲ့မှ အပ်နှံခဲ့ကြောင်း သိရသည်။