ဒီတစ်ပတ်ထုတ် ဂျာနယ်တစ်စောင်တွင် သတင်းတစ်ပုဒ်ဖတ်ရသည်။ ထိုသတင်းမှာ အိမ်ပိုင်ဆိုင်လိုသူများ၏ အခြေအနေကိုလိုက်၍ ဆောင်ရွက်ပေးမည့် အိမ်ရာချေးငွေ အတိုးနှုန်းအစီအစဉ်သစ်ငါးခု ကမ္ဘောဇဘဏ် စတင်ဟူ၍ ဖြစ်သည်။ ကျွန်တော့်မှာ ထိုသတင်းကို ဖတ်နေရင်းကပင် အတွေးများစွာ ပွားရသည်။ တားမရဆီးမရ အတွေးများ။ ကျွန်တော့် အသက် ၃၅ နှစ်ရှိပြီဖြစ်သည်။ ဒီအသက်အရွယ်အတွင် ကိုယ်ပိုင်အိမ်လေး လိုချင်သည်ဟူသောအတွေးကို အကြိမ်ပေါင်း ၃၅၀၀ မက တွေးခဲ့ဖူးမှာ သေချာပါသည်။ ခုလိုပြောလို့ ကျွန်တော့်မှာ နေစရာအိမ်မရှိလို့လားဟု မေးစရာရှိသည်။ ပြန်ဖြေရလျှင်နေစရာအိမ်များ ရှိပါသည်။ သို့သော် ကျွန်တော့်ကိုယ်ပိုင်အိမ်များတော့ မဟုတ်ပါ။
ကျွန်တော်ငယ်စဉ် ကလေးဘဝကနေခဲ့ပြီး ကျွန်တော့်အတွက် လက်ရှိအချိန်အထိ ခိုနားရာအိမ်သည် အမေနှင့် ညီအစ်ကိုမောင် နှမများပိုင်ဆိုင်သော နယ်ကအိမ်လေးဖြစ်သည်။ ထိုအိမ်လေးကို ကျွန်တော်က အမေ့အိမ်လို့သာ ခေါ်ဝေါ်သုံးစွဲပါသည်။ တကယ်တော့ ထိုအိမ်ကို အမေ့အတွက် အဖေဖန်တီးပေးခဲ့သော အိမ်လေးဖြစ်သည်။ အဖေဖန်တီး ဆောက်လုပ်ပေးခဲ့သော ထိုအိမ်လေးတွင် ကျွန်တော်အပါအဝင် မောင်နှမသားချင်းအားလုံး ခုချိန်တိုင်အောင် နွေးထွေးစွာ ခိုလှုံခွင့်ရနေသည်မှာ အဖေနှင့်အမေ၏ သားသမီး အပေါ်ထားသော နွေးထွေးသော မေတ္တာကြောင့်သာ ဖြစ်သည်။ နောက် ကျွန်တော်နှင့် ဆိုင်ပေမဲ့ ကျွန်တော်မနေဖြစ်သောအိမ်မှာ ဇနီးမောင်နှံနှစ်ယောက် စိတ်တူကိုယ်တူ ဖန်တီးတည်ဆောက်ခဲ့သော ၀ါးရုံပင်များဖြင့် ဝန်းရံထားသော မိသားစုအိမ်လေးဖြစ်သည်။
လွန်ခဲ့သောလေးနှစ်က ကျွန်တော် အိမ်ထောင်ကျသည်။ အိမ်ထောင်ကျကျချင်း အမျိုးသမီးရဲ့ မိဘတွေပိုင်ဆိုင်သော မြေကွက်ထဲတွင် ဖြစ်သလို အိမ်တစ်လုံးဆောက်ကာ နေဖြစ်ကြသည်။ သို့သော် ထိုအိမ်လေးသည် ကျွန်တော့်အတွက် နွေးထွေးမှုမရှိ။ ခန်းခြောက်သော နေ့များကိုသာ ပေးခဲ့သည်။ ဒါနဲ့ တခြားတစ်နေရာမှာ အိမ်လေးတစ်လုံး ငှားကာနေဖြစ်ခဲ့သည်။ ထိုသို့နေပြီး သုံးလခန့်အကြာ အမျိုးသမီးက သူပါလိုက်နေမည်ဟုဆိုကာ လိုက်လာသည်။ ထိုသို့ဖြင့် တစ်နှစ်ခွဲ၊ နှစ်နှစ်နီးပါး အိမ်ငှားဘဝဖြင့် လုံးချာလည် နေ့ရက်များကို ဖြတ်သန်းရပြန်သည်။ သမီးလေး မွေးလုမွေးခင်မှာ အိမ်ငှားဘဝနဲ့ နေလို့မဖြစ်တော့ဟု ဆုံးဖြတ်မိသည်။ ကျွန်တော်အလုပ်သွားချိန်မှာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ အမျိုးသမီးအတွက် စိတ်ပူရသည်။ ကိုယ်မရှိတဲ့အချိန် တစ်ခုခုဖြစ်မှာစိုးရိမ်ရသည်။ ဘေးပတ်ဝန်းကျင်မှာက ကိုယ့်ဆွေမျိုးသားချင်း မရှိ။ ရန်ကုန်မြို့မှာက သိတဲ့အတိုင်း။ တစ်အိမ် နှင့်တစ်အိမ် ဝင်ထွက်သွားလာတာ မရှိ။ တစ်ဦးနှင့်တစ်ဦး ခေါ်ထူးမေးဖြေသာ ဆက်ဆံလေ့ရှိကြသည်။ တခြားတစ်ယောက်ရဲ့ တစ်စုံတစ်ခုသော ပြဿနာသည် ကိုယ်နှင့်ဘာမှ မဆိုင်ဟူသော မြို့ပြနီတိနဲ့သာ နေထိုင်ကြတာများသည်။ လမ်းမှာ တစ်စုံတစ်ယောက် မူးလဲတာ၊ မတော်တဆ တစ်ခုခုဖြစ်တာကို မြင်လျှင်တောင်မှ ကွက်ကြည့်ကွက်ကြည့် လုပ်ရုံထက် ပိုမိုမစူးစမ်းကြ။ အကူအညီပေးတယ်ဆိုတာကတော့ အင်မတန်ရှားသည်။
ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ငူကေတုမတီ မြို့သစ်မှာဖြစ်သွားသော ဗီဒီယိုဖိုင်ကို ကြည့်ရသည်။ ကလေးတစ်ယောက်ရိုက်ထားသော ဗီဒီယိုဖိုင်ဟုဆိုသည်။ ထိုအခင်းဖြစ်ပွားရာ တခြားလူတွေလည်း ရှိနေသည်ဟု ဆိုသည်။ ဗီဒီယိုဖိုင်ထဲမှာတော့ အနီးအနားမှာရှိသော လူများသည် ဝင်ရောက်တားဆီးခြင်း၊ ဝင်ရောက်ဖျန်ဖြေခြင်းလုပ်သည်ကို မတွေ့ရပါ။ အားလုံးက ကိုယ့်ကိစ္စမဟုတ်ဘူး၊ ကိုယ်နဲ့ မဆိုင်ဘူးဆိုသော မြို့ပြနီတိဖြင့်သာ နေကြသည်ကို တွေ့ရသည်။ ထို့ကြောင့် မိမိဆွေမျိုးသားချင်းများရှိသော စိတ်ချရသော ပတ်ဝန်းကျင်ကို ကျွန်တော်တို့ လိုအပ်ခြင်းဖြစ်သည်။ ထားပါ။ သမီးလေးကို မွေးလုမွေးခင်မှာ ကျွန်တော်က နယ်ကိုပြန်ချင်သည်။ နယ်မှာက အမေရှိသည်။ အစ်မတွေရှိသည်။ အစ်ကိုတွေ ရှိသည်။ တခြား ဆွေမျိုးသားချင်းတွေလည်း အများအပြားရှိသည်။ သမီးလေးအတွက်ရော အမျိုးသမီးအတွက်ပါ လိုအပ်သော နွေးထွေးသည့် ပတ်ဝန်းကျင်ကောင်းရှိသည်။ သို့သော် နယ်သို့ပြန်မည့် ကျွန်တော့်အစီအစဉ်ကို အမျိုးသမီးက လက်မခံ။ ဒီလိုနဲ့ အမျိုးသမီးရဲ့ မိဘတွေပိုင်သော မြေကွက်ထဲတွင် ဆောက်ထားသော အိမ်ဟောင်းလေးကို ပြန်ပြောင်းရသည်။ ပတ်ဝန်းကျင်သည် ကျွန်တော့်ဆွေမျိုးသားချင်းတွေ မဟုတ်သော်လည်း သမီးလေးရဲ့ ဆွေမျိုးသားချင်းတွေဖြစ်တာကြောင့် ဖြေသာခဲ့သည်။
သမီးလေးမွေးဖွားတော့ ခြောက်ကပ်နေသော အိမ်လေးသည် စိုစိုပြည်ပြည် ဖြစ်လာသည်။ အိမ်လေးကလည်း အိမ်နှင့် ပို၍တူလာသည်။ သို့သော် ထိုစိုပြည်နွေးထွေးသော အိမ်ကလေးသည် သမီးလေး ခြောက်လသမီးအရွယ်မှာပင် ပြန်လည်ပျက်စီးသွားခဲ့သည်။ ထိုသို့ပျက်စီးရသည်မှာ အိမ်အသစ် ဆောက်လိုက်သောကြောင့်ဟု ကျွန်တော့်စိတ်က မဆီမဆိုင် တွေးနေမိသည်။ တစ်နေ့ အိမ်အသစ်ဆောက်ချင်ကြောင်း အမျိုးသမီးက ပူဆာလာသည်။ ထိုသို့ဖြင့် အိမ်ဟောင်းကိုဖျက်ပြီး အိမ်သစ်ဆောက်သည်။ အိမ်သစ်ဆောက်ပြီး ပြဿနာများသည် နေ့စဉ်လိုလို ရောက်လာသည်။ မိသားစုကြားတွင် နွေးထွေးမှုတွေ ဆိတ်သုဉ်းသွားသည်။ နားလည်မှုတွေ ဝေးချင်တိုင်းဝေးကုန်သည်။
ကျွန်တော့်စိတ်ထဲမှာ အိမ်သည် အိမ်နှင့် မတူ။ ထိုအိမ်ထဲကို ဝင်ရမှာ ကြောက်လာသည်။ ထိုအိမ်ထဲမှာလည်း နေချင်စိတ်မရှိတော့။ တကယ်တော့ ဒီအိမ်လေးကို သမီးလေးရဲ့ ရှေ့ရေးအတွက် ကျွန်တော်တို့ ဖန်တီးခဲ့ကြတာ မဟုတ်ဘူးလား။ ကျွန်တော့်အတွက်တော့ အိမ်ဆိုသည်မှာ အမိုးအကာဖြင့် တည်ဆောက်ထားခြင်းသက်သက်မဟုတ်။ အိမ်သည် နားလည်မှုများဖြင့် စိုပြည်နေရမည်။ တစ်ဦးကိုတစ်ဦး ဖေးမကူညီခြင်းများဖြင့် နွေးထွေးနေရမည်။ တစ်ဦးကို ထောက်ပံ့စောင့်ရှောက်ပေးရမည်။ ယနေ့ခေတ်မှာ အိမ်သည် လူသားအားလုံးအတွက် မဖြစ်မနေ လိုအပ်သည်မှာမှန်သော်လည်း နားလည်မှုမရှိ၊ နွေးထွေးမှုမရှိ၊ စိုစိုပြည်ပြည်မရှိသော အိမ်သည် တစ္ဆေခြောက်သောအိမ်ထက်ပင် ကြောက်စရာကောင်းကြောင်း ကျွန်တော် နားလည်ခဲ့သည်။ ယခု ကျွန်တော့်မှာ နွေးထွေးသောအိမ်နှင့်တူသောအိမ်သည် အမေ့အိမ်တစ်ခုသာ ရှိသည်။ အမေ့အိမ်သို့ရောက်တိုင်း နွေးထွေးမှုကို ခံစားရသည်။ ကျွန်တော်ဘယ်အရပ် ဘယ်ဒေသရောက်ရောက် အမေ့အိမ်ကို လွမ်းသည်။
အခုလည်း ခြောက်သွေ့နေသော တစ်ကိုယ်စာအိမ်လေးထဲကနေ အမေ့အိမ်ကို လွမ်းနေမိသည်။ တစ်ကိုယ်စာ အိမ်လေးထဲကနေ အနာဂတ်အိမ်ကို တွေးတောနေမိသည်။ သမီးလေး အရွယ်ရောက်သောအခါ သမီးလေးအတွက် လုံခြုံနွေးထွေး၍ သာယာစိုပြည်သော အိမ်လေးတစ်လုံးတော့ မဖြစ်မနေ ဖန်တီးပေးရသည်။ ဒါမှသာ ကျွန်တော် အမေ့အိမ်ကိုလွမ်းသလို သမီးလေးကလည်း အဖေ့အိမ်ကို လွမ်းတတ်လာမည်ဖြစ်သည်။ ခုတော့ သမီးလေးနဲ့ ကျွန်တော်သည် တစ်ယောက်တစ်ကမ္ဘာစီဖြစ်နေသည်။ သမီးလေးအတွက် ကျွန်တော့်စိတ်ကူးထဲက အိမ်ကလည်း အလှမ်းဝေးနေဆဲ။ ကျွန်တော့်လိုပင် အနာဂတ်အိမ်လေးတွေကို စိတ်ကူးနဲ့ တည်ဆောက်နေသူတွေ အများအပြားရှိလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်ပိုင်အိမ် မရှိသူတွေ အများအပြားရှိနေသောကြောင့် ဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ဝေသည့် ၂၀၁၄ ခုနှစ်ကထုတ်ဝေသော လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အစီရင်ခံစာတွင် မြန်မာနိုင်ငံမှာ အိမ်ပိုင်ဆိုင်သူဦးရေ မြင့်တက်နေသော်လည်း မြို့ပြဒေသများတွင် အိမ်မပိုင်သူဦးရေမှာ ၆၆ ရာခိုင်နှုန်းအထိ ကျဆင်းနေကြောင်း။ ထို့ပြင် လူငယ်များအကြား အိမ်ပိုင်ရှိသူဦးရေ အလွန်နည်းပါးပြီး အသက် ၃၀၊ ၃၅ အိမ်ထောင်များတွင် ၁၄ ဒသမ ၆ ရာခိုင်နှုန်းသာ အိမ်ပိုင်ဖြင့် နေထိုင်ကြကြောင်း ဖော်ပြထားသည်။
လူများသည် အစကနဦးတွင် အိမ်နှင့် ယာနှင့် မနေတတ်ကြဘဲ သွားရင်းလာရင်း ဂူတွေ၊ လျှိုမြောင်တွေထဲမှာသာ နေကြသည်။ တစ်နေရာမှတစ်နေရာ စားကျက်ပြောင်း နေထိုင်ရင်း လမ်းမှာတွေ့သမျှ သစ်သီးဝလံ၊ သစ်ဥသစ်ဖုများကို စားသည်။ အသားငါးများကို စားသည်။ ထိုသို့ အုပ်စုဖွဲ့၍ ရှင်သန်ရေးအတွက် သွားလာနေထိုင်ရင်း သူတို့စားထားသည့် သစ်သီးဝလံမှ သစ်စေ့များကို ပစ်ချထားခဲ့သည်။ နောက်တစ်ဖန် သူတို့ ထိုနေရာသို့ ပြန်ရောက်လာသောအခါ သူတို့ပစ်ချထားခဲ့သော သစ်စေ့များက အပင်ပေါက်ကာ အသီးတွေပါ သီးနေသည်ကိုတွေ့ရပြီး သစ်သီးသစ်ပင်ဆိုတာ စိုက်ပျိုးယူလို့ရကြောင်း သိသွားပြီး စိုက်ကြပျိုးကြသည်။ သို့သော်သူတို့ စားကျက်ပြောင်းသွားလာနေချိန်တွင် စိုက်ပျိုးထားသော သီးပင်စားပင်တွေ တောကောင်တွေက ဝင်ရောက်ဖျက်ဆီးပစ်ကြသည်။ စိုက်ပျိုးထားသော သစ်ပင်များကို တောကောင်ရန်မှ ကာကွယ်ရန် အနီးတစ်ဝိုက်တွင် အခြေချနေထိုင်ရင်း အိမ်နဲ့ ယာနဲ့နေသော အဆင့်သို့ ပြောင်းလဲတိုးတက်လာခဲ့သည်ဟု ဆိုပါသည်။ သို့သော် အိမ်ဆိုတာ သူတို့တွင် မရှိခင်ကတည်းက သူတို့နေထိုင်သော ဂူတွေ၊ လျှိုမြောင်တွေသည် သူတို့အတွက် အိမ်ဖြစ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဂူတစ်ခုတည်း၊ လျှိုမြောင်တစ်ခုတည်းတွင် အဖွဲ့လိုက် သိုက်သိုက်ဝန်းဝန်း ညီညီညွတ်ညွတ် မိသားစုစိတ်ဖြင့် နေကြသောကြောင့် ဖြစ်သည်။
တကယ်တော့ အမိုးအကာရှိရုံ၊ အိမ်သုံးပစ္စည်းတွေရှိရုံ၊ တိုက်တာ အဆောက်အအုံတွေ ပိုင်ဆိုင်ရုံနဲ့လည်း နွေးထွေးသော သာယာစိုပြည်သော အိမ်တစ်ဆောင် ဖြစ်လာမည် မဟုတ်ပါ။ တစ်မိုးတည်းအောက်၊ အကာတစ်ခုတည်းအောက်မှာ နေသူချင်း နားလည်မှု၊ စာနာမှု၊ ကူညီဖေးမမှုများဖြင့် တည်ဆောက်နိုင်မှ သာယာစိုပြည်သောအိမ်။ နေ၍ပျော်သောအိမ်။ လုံခြုံမှုရှိသောအိမ် ဖြစ်လိမ့်မည်။ ကျွန်တော့်အတွက် အမေ့အိမ်လိုမျိုး သမီးလေးအတွက် အဖေ့အိမ်လေး ကျွန်တော်ဖန်တီးတည်ဆောက်ပေးချင်ပါသည်။ စိမ်းစို တောက်ပပြီး နွေးထွေးလုံခြုံသော အိမ်လေးပေါ့။ ထိုအိမ်လေးသည် သမီးအတွက် လုံခြုံမှုကို ခံစားစေရမည်။ သူ့စိတ်ကြိုက်အနာဂတ်အတွက် ကူညီထောက်ပံ့ပေးနိုင်ရမည်ဟု ကျွန်တော်သန္နိဋ္ဌာန်ချထားပါသည်။