မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သည် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းနည်းပြရာထူးအတွက် လျှောက် ထားသူ နိုင်ငံခြားသားနည်းပြများထဲမှ နောက်ဆုံးအဆင့်အနေ ဖြင့် ဆန်ခါတင် (၃)ဦး ရွေးချယ်ထားကြောင်း သိရသည်။
MFF သည် ယင်းဆန်ခါတင် (၃)ဦးထဲမှ (၁)ဦးကို မကြာမီနည်းပြသစ်အဖြစ် ခန့်အပ်မည်ဖြစ်ပြီး တရားဝင်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း MFF အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၏ပြောကြားချက်အရ သိရသည်။
''မြန်မာ့လက်ရွေးစင်နည်းပြချုပ်ရာထူးအတွက် လူတွေ့ မေးမြန်းမှုတွေလုပ်ခဲ့တာ အခုဆိုရင် နောက်ဆုံးဆန်ခါတင် (၃)ယောက်ပဲကျန်ပါတော့တယ်။ သူတို့ကို လာမယ့်ရက်ပိုင်းမှာ ဒုတိယအကြိမ် အင်တာဗျူး ထပ်ခေါ်ပါမယ်။ ပြီးရင် မြန်မာ အသင်းကစားခဲ့တဲ့ပွဲစဉ်တွေကို ဗီဒီယိုဖိုင်အဖြစ်နဲ့ လုပ်ပြီး ပေးပို့မယ်။ သူတို့ဘက်က သုံးသပ်ချက်တွေကို နားထောင် ကြည့်မယ်။ အဲဒါတွေကနေ ပြန်ကြည့်ပြီး ဆုံးဖြတ်သွားမှာပါ။ အဲဒီ (၃)ယောက်ထဲက (၁)ယောက်ကို နောက်ဆုံးအနေနဲ့ ရွေးချယ်ခန့်အပ်သွားမှာဖြစ်ပါတယ်''ဟု MFF အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က First Eleven Sports Journal သို့ အတည်ပြုပြောကြားသည်။
MFF သည် ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲအပြီးတွင် ဂျာမန်နည်းပြ အန်တွမ်နီဟေးနှင့် လမ်းခွဲခဲ့ပြီးနောက် လက်ရွေးစင်အသင်းအတွက် နည်းပြသစ်ခန့်အပ်ရန် ရှာဖွေနေခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် မတ်တတိယပတ်နှင့် နောက်ဆုံးပတ်အတွင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အသိအမှတ်ပြု ခြေစမ်းပွဲ (၂)ပွဲကို မန္တလေးမြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သော်လည်း လက်ရှိအချိန်အထိ နည်းပြသစ်ကို မခန့်အပ်နိုင်သေးခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းခြေစမ်းပွဲ (၂)ပွဲအတွက် စခန်းဝင်လေ့ကျင့်မှုကို လာမည့်ရက်သတ္တပတ်အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
MFF သည် မန္တလေးမြို့၌ ယှဉ်ပြိုင်ကစားမည့် ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲ (၂)ပွဲမတိုင်မီ နည်းစနစ်ကော်မတီအစည်းအဝေးကိုလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
MFF သည် ယခုနှစ်အတွင်း၌ မြန်မာ့လက်ရွေးစင်အသင်း နှင့်ပတ်သက်သည့် နိုင်ငံတကာပြိုင်ပွဲ ကြီးကြီးမားမားမရှိသော်လည်း လာမည့် ၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲအပါအဝင် ကာလ ရှည်ပြင်ဆင်မှုပြုလုပ်လိုသောကြောင့် နိုင်ငံခြားသားနည်းပြကို စောစီးစွာခန့်အပ်လိုနေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် ၂၀၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ၌ အုပ်စုမှထွက်ခဲ့ရပြီးနောက် အသင်းကို ဖျက်သိမ်းထားပြီး လက်ရှိအချိန်ထိ ပြည်တွင်းခြေစမ်းပွဲအပါအဝင် နိုင်ငံတကာခြေစမ်းပွဲများကိုလည်း ယှဉ်ပြိုင်ကစားထားခြင်းမရှိကြောင်း သိရသည်။