ဒေါ့မွန် နှင့် စပါး (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)
ဒေါ့မွန်အသင်းက စပါးအသင်းရဲ့ အိမ်ကွင်းမှာ (၃)ဂိုးပြတ်ရှုံးထားလို့ နောက်တစ်ဆင့်ကိုတက်ဖို့အတွက် (၄)ဂိုးအသာရအောင်ကစားရမယ့် အနေအထားဖြစ်နေတယ်။ ပထမအကျော့ပွဲမှာတုန်းက သူတို့အသင်းရဲ့အဓိကဂိုးသွင်းရှင်ဖြစ်တဲ့ မာကိုရွိုက်စ် ဒဏ်ရာကြောင့် မကစားနိုင်ခဲ့ဘဲ ဒီပွဲမှာတော့ ဂျာမန်လက်ရွေးစင်ကစားသမားဟာ ဒဏ်ရာကနေ ပြန်လာနိုင်ပါပြီ။ စပါးခံစစ်ကို အဓိကခြိမ်းခြောက်မယ့် ကစားသမားလည်းဖြစ်တယ်။ စပါးအသင်းက ဒီပွဲမှာ ခံစစ်ကို အဓိကအာရုံစိုက်ဖို့များပြီး အထူးသဖြင့် ဒေါ့မွန်အသင်းရဲ့ လျင်မြန်တဲ့တောင်ပံတွေနဲ့ မာကိုရွိုက်စ်ရဲ့အတွဲအဖက်တွေကို အဓိကထားရမယ်။ ဟာရီကိန်း ဒဏ်ရာက ပြန်လာပြီးကတည်းက ခြေစွမ်းမပြနိုင်သလို၊ သူမရှိခင်က ခြေစွမ်းပြခဲ့တဲ့ ဆွန်ဟောင်မင်ပါ ခြေပျက်သွားတာက စပါးအတွက် စိုးရိမ်စရာဖြစ်နေတယ်။ ဒါပေမဲ့ မနှစ်ကနဲ့ ဒီနှစ် ဒေါ့မွန်နဲ့ ရင်ဆိုင်ခဲ့တဲ့ (၃)ပွဲစလုံး အနိုင်ရထားဖူးတဲ့ အစဉ်အလာနဲ့ စိတ်ပိုင်းဆိုင်ရာကြောင့် စပါး ရုပ်ပျက်ဆင်းပျက်နဲ့ ပြိုင်ပွဲကထွက်ရဖို့တော့မရှိဘူး။ ဒေါ့မွန် (၂-၁)လောက်နဲ့ပြီးသွားမယ်။
ရီးယဲလ်မက်ဒရစ် နှင့် အေဂျက်စ် (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်က နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲမှာ ဘာစီလိုနာကို အိမ်ကွင်းမှာဆက်တိုက်ရှုံးခဲ့လို့ ဒီပွဲမှာသာ အေဂျက်စ်ကို ထပ်ရှုံးခဲ့ရင် ဖိအားပိုများသွားလိမ့်မယ်။ ဘာစီလိုနာကို (၀-၁)နဲ့ ရှုံးခဲ့တဲ့ နောက်ဆုံးပွဲမှာတော့ ရီးယဲလ်ရဲ့ခြေစွမ်းပိုင်းက အားရစရာ အနေအထားမှာရှိခဲ့ပြီး ကံမကောင်းလို့ ရှုံးခဲ့တာပါ။ အေဂျက်စ်က အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တွေအများကြီး ပိုင်ဆိုင်ထားပေမယ့် အခြားတစ်ဖက်မှာတော့ ဘာနေဗျူးလိုကွင်းမျိုးမှာ ကစားရမယ့် အဆုံးအဖြတ်ပွဲစဉ်မျိုးတွေအတွက် အဆင်သင့်မဖြစ်လောက်သေးပါဘူး။ ပထမအကျော့မှာ နိုင်ခဲ့တဲ့ (၂-၁)ဆိုတဲ့ ရလဒ်အတိုင်း ပဲ ရီးယဲလ် ထပ်နိုင်လိမ့်မယ်ထင်တယ်။