ပြီးခဲ့သည့်ရာသီကဲ့သို့ အာဆီယံဇုန်ဆီမီးဖိုင်နယ်ရောက်ရှိရန် မျှော်မှန်းထားဟု ဦးမျိုးမင်းထွန်းပြောကြား

ပြီးခဲ့သည့်ရာသီကဲ့သို့ အာဆီယံဇုန်ဆီမီးဖိုင်နယ်ရောက်ရှိရန် မျှော်မှန်းထားဟု ဦးမျိုးမင်းထွန်းပြောကြား
Photos : YUFC
Photos : YUFC
Published 26 February 2019

၂၀၁၉ AFC Cup ပြိုင်ပွဲ ယှဉ်ပြိုင်ကစားရမည့် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ရောက်ရှိခဲ့သော အာဆီယံဇုန် ဆီမီးဖိုင်နယ်အဆင့်သို့ ထပ်မံတက်ရောက်နိုင်ရန် မျှော်မှန်းထားကြောင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြောကြားသည်။

AFC Cup ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲအဖြစ် စင်ကာပူကလပ် တမ်ပနိစ်ရိုဗာအသင်းနှင့် ယှဉ်ပြိုင်ကစားမည့်ပွဲအတွက် ဖေဖော်ဝါရီ ၂၅ ရက်ကပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဦးမျိုးမင်းထွန်းက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ 

'' ပြီးခဲ့တဲ့နှစ် အာဆီယံဇုန်ဆီမီးဖိုင်နယ်မှာ ဂိုးကွာခြားချက်နဲ့ ထွက်ခဲ့ရပါတယ်။ ဒီနှစ်တော့ သေချာပြင်ဆင်ထား တယ်။ နိုင်ငံခြားကစားသမားတွေ၊ ပြည်တွင်းကစားသမားတွေ၊ လူငယ်ကစားသမားတွေအားလုံးနဲ့ အကောင်းဆုံး ပြင်ဆင်ထားပါ တယ်။ မနှစ်က ရပ်တည်နိုင်ခဲ့တဲ့အဆင့်ထိ အနည်းဆုံးရောက်ရပါမယ်။ AFC နဲ့ ACL (အာရှချန် ပီယံလိဂ်) ကတော့ အဆင့်တစ်ခု အထိ ကွာခြားပါတယ်။ ရန်ကုန်က ACL မှာ ဒုတိယအဆင့်ခြေစစ်ပွဲအထိ ရောက်ခဲ့တဲ့အတွက် အသင်းကောင်းတွေနဲ့ ကစားခဲ့ရတယ် ဆိုတာ ငြင်းမရပါဘူး''ဟု ဦးမျိုးမင်းထွန်းက မီဒီယာများအား ပြောကြားသည်။ 

ထို့ပြင် ရန် ကုန်ယူနိုက်တက်အသင်းအနေဖြင့် အုပ်စုအဖွင့်ပွဲတွင် ရင်ဆိုင်တွေ့ရမည့် ပြိုင်ဘက်အသင်း တမ်ပနိစ်ရိုဗာစ်အသင်း၏ ကစားကွက်နှင့် ဖွဲ့စည်းပုံကို လေ့လာထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

''ပြိုင်ဘက်အသင်းအကြောင်းကို လေ့လာထားတယ်။ စင်ကာပူလက်ရွေးစင်အသင်းရော ကလပ်အသင်းတွေရော နှစ်သစ်စလုံးက Long Ball တွေကို ဦးစားပေးကစား ကြပါတယ်။ အားသာချက်၊ အားနည်းချက် တွေကို သိထားတဲ့အတွက် မနက်ဖြန် ပြိုင်ပွဲ မှာ အကောင်းဆုံးရလဒ်ရရှိအောင် ယှဉ်ပြိုင် ကစားနိုင်ဖို့ ယုံကြည်ပါတယ်''ဟု ၎င်းက ဆိုသည်။ 

ရန်ကုန်ယူနိုက်တက်နှင့် တမ်ပနိစ်ရိုဗာစ်အသင်းတို့သည် အုပ်စု (F) ပထမဆုံးပွဲ အဖြစ် ဖေဖော်ဝါရီ ၂၆ ရက် (ယနေ့) မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကစားရမည်ဖြစ်သည်။ 

အုပ်စု (F) တွင် နာဂါဝေါ (ကမ္ဘောဒီးယား)၊ ဟနွိုင်း (ဗီယက်နမ်) တို့လည်း ပါဝင်နေသည်။

Most Read

Most Recent