ချယ်လ်ဆီးအသင်းဂိုးသမား ကယ်ပါသည် ဖေဖော်ဝါရီ(၂၄)ရက်က ကစားခဲ့သော လိဂ်ဖလားဗိုလ်လုပွဲတွင် အသင်းနည်းပြ ဆာရီ၏လူစားလဲမှုကို ငြင်းဆန်ပြီး ဆက်လက်ကစားမှုကြောင့် တစ်ပတ်စာဝင်ငွေနှင့်ညီမျှသည့် ဒဏ်ငွေ တပ်ရိုက်ခံရပြီး ၎င်းက ယင်းဖြစ်ရပ်အတွက် ပြန်လည်တောင်းပန်ခဲ့သည်။
'' နားလည်မှု လွဲမှုခဲ့ပေမယ့် ပြန်လည်သုံးသပ်ကြည့်ရင် ဒီအခြေအနေမှာ ကျွန်တော်ဟာ အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့ပါတယ်'' ဟု ကယ်ပါက ပြောကြားခဲ့ကြောင်း ချယ်လ်ဆီးအသင်း၏ကြေညာချက်တွင် ပါရှိခဲ့သည်။
နည်းပြ ဆာရီကလည်း သူနှင့်ကယ်ပါတို့မှာ ယင်းဖြစ်ရပ်အပြီး ကောင်းမွန်သောဆွေးနွေးမှုရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဆာရီ '' ကယ်ပါဟာ သူ အမှားကြီးလုပ်ခဲ့မိတယ်ဆိုတာ ဝန်ခံပါတယ်။ သူ ကျွန်တော့်အပြင် အသင်းဖော်တွေနဲ့ ကလပ်ကိုတောင်းပန်ခဲ့ပါတယ်။ ကလပ်စည်းမျဉ်းတွေအရ အရေးယူတာ အသင်းကဏ္ဍပါ။ ကျွန်တော်ကတော့ ဒီကိစ္စကို ပြည်ဖုံးကားချလိုက်ပါပြီ။ ဒီဗိုလ်လုပွဲမှာ အသင်းစွမ်းဆောင်ရည်က လုံးဝကောင်းမွန်ခဲ့တယ်။ ဒါပေမဲ့ အဲဒီဖြစ်ရပ်က ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို လုံးဝဖုံးလွှမ်းသွားပြီး အရှက်ရစေပါတယ်'' ဟုလည်း ဖွင့်ဟခဲ့သည်။
ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၇၁)သန်းဖြင့် ဘီလ်ဘာအိုကစားသမားဟောင်း ကယ်ပါက '' ကျွန်တော့်စိတ်ထဲက အပြည့်အဝတောင်းပန်လိုပါတယ်။ နည်းပြ၊ ဝီလီ(ကာဘယ်လာရို)၊ အသင်းဖော်တွေနဲ့ ကလပ်အသင်း အားလုံးကိုပေါ့။ ကျွန်တော် ဒီအမှားကို ကျူးလွန်ခဲ့ပြီး ပရိသတ်တွေကိုလည်း အလားတူတောင်းပန်လိုပါတယ်။ ဒီဖြစ်ရပ်ကနေ ကွန်တော် သင်ခန်းစာယူရမှာပါ။ ကလပ်အသင်းရဲ့အရေးယူမှုကိုလည်း ကျွန်တော် လက်ခံပါတယ်''ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ကယ်ပါ၏ဒဏ်ငွေကို ချယ်လ်ဆီးဖောင်ဒေးရှင်းသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။