နေမာနှင့်ဘာပေ နှစ်ဦးစလုံးဆက်ရှိနေရန် ရာခိုင်နှုန်း ၂၀၀၀ သေချာဟု PSG အသင်းဥက္ကဋ္ဌ အတည်ပြု

နေမာနှင့်ဘာပေ နှစ်ဦးစလုံးဆက်ရှိနေရန် ရာခိုင်နှုန်း ၂၀၀၀ သေချာဟု PSG အသင်းဥက္ကဋ္ဌ အတည်ပြု
Phots : AFP, Gettyimages
Phots : AFP, Gettyimages
Published 25 February 2019

PSG အသင်း ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ် အယ်လ်ခီလိုင်ဖီက ကြယ်ပွင့်ကစားသမားများ ဖြစ်သည့် နေမာနှင့် ဘာပေတို့နှစ်ဦးစလုံး အသင်း၌ဆက်ရှိနေရန် ရာခိုင်နှုန်း ၂၀၀၀ သေချာကြောင်း ကတိပြုပြောကြားသည်။

ကမ္ဘာ့အကြီးဆုံး ဟိုတယ်လုပ်ငန်းစုဖြစ်သည့် Accor နှင့် အကျႌရင်ဘတ်စပွန်ဆာ စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် အယ်လ်ခီလိုင်ဖီက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်ပြီး ကစားသမားသစ်များလည်း ထပ်မံ အားဖြည့်ရန် အစီအစဉ်ရှိကြောင်း ဆက်လက် ပြောကြားသည်။

''ကီလီယန်နဲ့ နေမာက PSG ကစားသမားတွေပါ။ Accor နဲ့ စာချုပ်ချုပ် သည်ဖြစ်စေ၊ မချုပ်သည်ဖြစ်စေ သူတို့က PSG ကစားသမားအဖြစ် ရှိနေဦးမှာပါ။ အဲဒါ ၁၀၀ ရာခိုင်နှုန်းမဟုတ်ပါဘူး။ ရာခိုင်နှုန်း ၂၀၀၀ အထိ သေချာပါတယ်။ မီဒီယာတွေ အထူးသဖြင့် ပြင်သစ်မီဒီယာတွေက ကျွန် တော်တို့အနေနဲ့ နေမာ ဒါမှမဟုတ် ကီလီယန် တစ်ဦးဦးကို ရောင်းချရလိမ့်မယ်လို့ ဖော်ပြ နေကြတယ်။ သူတို့နှစ်ယောက်စလုံး ပါရီမှာပဲ ဆက်ရှိနေမယ်ဆိုတာ ကျွန်တော်ကိုယ်တိုင် အတည်ပြုပါတယ်။ စပွန်ဆာစာချုပ်သစ် ကြောင့် ဝင်ငွေပိုများလာမှာ သေချာပြီး ရင်းနှီး မြှုပ်နှံမှုလည်း ပိုလုပ်ခွင့်ရမှာပါ။ ဒီသဘောတူ စာချုပ်က ကျွန်တော်တို့အတွက် အရေးကြီးပါ တယ်။ နည်းပြအနေနဲ့ ဘယ်ကစားသမားကို လိုချင်လဲဆိုတာ ကျွန်တော်တို့ ဆွေးနွေးသွား မှာပါ။ ဘယ်ကစားသမားကိုခေါ်မယ်၊ မခေါ် ဘူးဆိုတာ ပြောဖို့စောပါသေးတယ်။ FFP (ဘဏ္ဍာရေးမျှခြေစည်းမျဉ်း) ကိုလည်း လေး စားမှုရှိပါတယ်။ Accor နဲ့ စာချုပ်မရှိရင်လည်း PSG အတွက် စိုးရိမ်မှုမရှိပါဘူး''ဟု ၎င်းက ဆိုသည်။

ထို့ပြင် အယ်လ်ခီလိုင်ဖီက အားကစား ဒါရိုက်တာ ဟင်းနရစ်ကိုထုတ်ပယ်၍ အာ ဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်း ဂါးအား အစားထိုးခန့်အပ်မည့်သတင်းများမှာ မှန်ကန်မှုမရှိကြောင်း ငြင်းဆန်ပယ်ချသည်။

PSG အသင်း၏ ပြင်သစ်လူငယ်ကြယ်ပွင့် ဘာပေ (၂၀ နှစ်) သည် ဖေဖော်ဝါရီ ၂၃ ရက် က နီးစ်အသင်းအား (၃-၀) ဂိုးဖြင့် အနိုင်ရ သည့်ပွဲ၌ နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး လီဂူးပြိုင်ပွဲ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဖြင့် ဂိုး ၅၀ ပြည့်သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

Most Read

Most Recent