တောင်တွင်းကြီးမြို့တွင် လူအုပ်စုဖြင့် ဆူပူမှု၌ ပါဝင်သူ လေးဦး ထပ်မံ ဖမ်းဆီးရမိပြီး ဈေးဆိုင်နှင့် အိမ် ခုနစ်လုံး ပျက်စီးကြောင်း သတင်းထုတ်ပြန်

တောင်တွင်းကြီးမြို့တွင် လူအုပ်စုဖြင့် ဆူပူမှု၌ ပါဝင်သူ လေးဦး ထပ်မံ ဖမ်းဆီးရမိပြီး ဈေးဆိုင်နှင့် အိမ် ခုနစ်လုံး ပျက်စီးကြောင်း သတင်းထုတ်ပြန်
Published 12 September 2017

ဆူပူမှုဖြစ်ပွားခဲ့သည့် မကွေး-တောင်တွင်းကြီး ကားလမ်းနံဘေးနေရာအား စက်တင်ဘာ ၁၁ ရက် နံနက်က တွေ့ရစဉ် (ဓာတ်ပုံ - သက်ပိုင်ဇော်)

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့တွင် စက်တင်ဘာ ၁၀ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော လူအုပ်စုဖြင့် ဆူပူမှုတွင် ပါဝင်သူ လေးဦး ထပ်မံ ဖမ်းဆီးရမိပြီး ဖြစ်စဉ်ကြောင့် ဈေးဆိုင်နှင့် အိမ် ခုနစ်လုံး ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်သည်။

ဆူပူမှုတွင် ပါဝင် ပတ်သက်သည့် နှင်းကိုကိုလင်း (ခ) နှင်းကိုကိုအား စက်တင်ဘာ ၁၀ ရက်ညက ဖမ်းဆီးရမိခဲ့ပြီးနောက် စက်တင်ဘာ ၁၁ ရက် နံနက်တွင် တောင်တွင်းကြီးမြို့ ရွှေအိုး (၂) ရပ်ကွက်နေ စိုးသူ (၃၃ နှစ်) နှင့် သိန်းဇံဌေး (၂၂ နှစ်)၊ ရွှေကြာအင်း (၁) ရပ် ကွက်နေ နိုင်အောင်ထက် (၂၇ နှစ်)နှင့် စည်သူအောင် (၁၈ နှစ်) တို့ကို ထပ်မံ ဖမ်းဆီးရမိပြီး ၎င်းတို့အား ထိန်းသိမ်း၍ စိစစ်မေးမြန်းလျက်ရှိပြီး ကျန်ရှိသူများကို ဆက်လက် ဖမ်းမိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်များတွင် ကျူးလွန်ခဲ့သူများမှာ မျက်နှာတွင် မျက်နှာဖုံးများ ဝတ်ဆင်ထားပြီး ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆူပူမှုများမှာ နေရာ ရှစ်ခုခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် က ပြောကြားသည်။

“စက်တင်ဘာ ၁၀ ရက် ညက အုန်းတော (၂) ရပ်ကွက် လမ်းထိပ်မှာ လူ ခုနစ်ယောက်လောက်ကစပြီး သွေးထိုးလှုံ့ဆော်တယ်။ အစ္စလာမ် ဘာသာဝင် အိမ်တချို့ကို ခဲနဲ့ထုတယ်။ သူတို့မှာတော့ မျက်နှာမှာ မက်(စ်) တပ်ထားတယ်။ တချို့ကလေးတွေဆိုရင် မျက်နှာမှာ အိုးမည်း အနက်ရောင် ခြယ်ထားတာမျိုးတွေ ရှိပါတယ်။ နောက်ပြီးတော့ တုတ်၊ ဓား၊ လက်နက် ကိုင်ဆောင်ထားတယ်။ အဲဒီကနေ လမ်းမှာတွေ့တဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဆိုင်လေးတွေကို ခဲနဲ့ထုတာတွေ လုပ်ပါတယ်။ အယောက် ၃၀ လောက် ဖြစ်သွားပြီးတာနဲ့ ဗလီဘက်ကို လာတယ်။ ဟိုရောက်တဲ့ အခါမှာတော့ တာဝန်ရှိသူတွေက ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ ထိန်းသိမ်းခဲ့ပေမယ့် တချို့နေရာလေးတွေမှာ ဆူပူတာမျိုးလေးတွေ လုပ်ခဲ့ပါတယ်။ အကုန်လုံး ရှစ်နေရာ ရှိတယ်။ အဲဒီနေရာတွေကို သွားပြီး ဖျက်ဆီးတယ်။ ခဲနဲ့ ပစ်တယ်။ ဝန်ကြီးချုပ်ကို ညက ခရိုင်ရဲတပ်ဖွဲ့ကို လွှတ်ပေးဖို့ အကြောင်းကြားလိုက်တယ်။ ခရိုင်ရဲတပ်ဖွဲ့လည်း ရောက်လာခဲ့ပါတယ်။ တာဝန်ရှိသူတွေ စုပေါင်းပြီး ဒီဆူပူမှုကို လူစုခွဲနိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယင်းဖြစ်စဉ်အား ရဲတပ်ဖွဲ့မှ ရော်ဘာကျည်ဆန်များ အသုံးပြု လူစုခွဲခဲ့ရသည်မှာ မဟုတ်မှန်ကြောင်း၊ လူ ၄၀၀ ခန့် အုပ်စု ဖြစ်ပွားခဲ့သည်မှာလည်း မဟုတ်မှန်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အွန်လိုင်းကနေပြီးတော့ ၁၀ ရက်၊ ၁၁ ရက်နေ့မှာ တိုင်းပြည် မငြိမ်မသက်အောင် လုပ်မယ်ဆိုတဲ့ ဖွထားတဲ့ သတင်းလေးတွေလည်း အများကြီး တွေ့နေရတယ်။ အဲဒါကြောင့် ဂရုစိုက်နေနေတဲ့ ကြားထဲကကို ဖြစ်သွားတာ။ လူအနည်းစုက တိုင်းပြည် မငြိမ်မသက်အောင် တစ်နေရာကနေ လုပ်နေတဲ့ အတိုင်းအတာမျိုးတွေ ရှိနေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဖြစ်စဉ်ကြောင့် ဦးစိုးမြင့်လေး၏ လိုင်းသစ် မိုဘိုင်းဖုန်းနှင့် အပိုပစ္စည်း အရောင်းဆိုင်၊ ကိုဟာနစ် (စိစစ်ဆဲ) ၏ လက်ဖက်ရည်ဆိုင်၊ ဒေါ်မျိုးမျိုးဝင်း ( စိစစ်ဆဲ) ၏ ကုန်စုံဆိုင်၊ ကိုအောင်ဝင်း (စိစစ်ဆဲ) ၏ အိရတနာဖြိုး ထမင်းဆိုင်၊ ဦးမြင့်စိုး (စိစစ်ဆဲ) ၏ ကွမ်းယာခုံ၊ ဦးသန်းလှိုင် (စိစစ်ဆဲ) ၏ နေအိမ်၊ ဦးအေးလွင် (စိစစ်ဆဲ) ၏ နေအိမ်နှင့် ဦးမွတ်တား (စိစစ်ဆဲ) နေအိမ်တို့ ပျက်စီးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့ ဆူပူမှုဖြစ်စဉ်တွင် ဥပဒေနှင့်အညီ လူစုခွဲရာတွင် ရဲတပ်ဖွဲ့ဝင်များက ဒိုင်းများ အသုံးပြုခဲ့ရသလို ရာဘာကျည်အချို့ အသုံးပြုခဲ့ရကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီ၏ ကနဦး သတင်းထုတ်ပြန်ချက်အရ သိရပြီး ဖြစ်စဉ်ဖြစ်ပွားပြီး နာရီပိုင်းအတွင်း ရဲအင်အားအပြည့်ဖြင့် တောင်တွင်းကြီးမြို့အား လုံခြုံရေးတင်းကျပ်စွာ ချထားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်များနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၁ ရက် မွန်းလွဲက တောင်တွင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရပြီး လက်ရှိတွင် မြို့မှာ တည်ငြိမ်အေးချမ်းနေပြီ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent