စောထူးအောင်ကိုအလဲထိုးကာ လိုက်ဝယ်တာဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ပေါ်တူဂီနိုင်ငံသား အန်တိုနီယိုဖာရီယာ သိမ်းပိုက်

စောထူးအောင်ကိုအလဲထိုးကာ လိုက်ဝယ်တာဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ပေါ်တူဂီနိုင်ငံသား အန်တိုနီယိုဖာရီယာ သိမ်းပိုက်
Photos : Kaung Htet Aung
Photos : Kaung Htet Aung
Published 22 February 2019



 WLC-7:MIGHTY WARRIORS လက်ဝှေ့ပြိုင်ပွဲကို ဖေဖော်ဝါရီ(၂၂)ရက်နေ့က မန္တလေးမြို့ရှိ မန္တလာသီရိ အားကစားရုံတွင်ကျင်းပခဲ့ရာ စောထူးအောင််(မြန်မာ)ကို ပေါ်တူဂီနိုင်ငံသား အန်တိုနီယိုဖာရီယာက အလဲထိုးဖြင့်အနိုင်ရခဲ့ပြီး လိုက်ဝယ်တာဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကိုသိမ်းပိုက်နိုင်ခဲ့သည်။ 

အဓိကတွဲဆိုင်းအဖြစ်ထိုးသတ်ခဲ့သော လိုက်ဝယ်တာဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲတွင် စောထူးအောင်(မြန်မာ)နှင့်အန်တိုနီယိုဖာရီယာ(ပေါ်တူဂီ)တို့ထိုးသတ်ခဲ့ခြင်းဖြစ်သည်။အဆိုပါတွဲဆိုင်းတွင် အန်တိုနီယိုဖာရီယာက စောထူးအောင်ကို တန်ပြန်တိုက်စစ်ဖြင့်ထိုးသတ်ခဲ့ပြီး တတိယအချီတွင် ဘယ်ညာလက်သီးတွဲလုံးဖြင့် အလဲထိုးကာအနို်င်ရခဲ့ခြင်းဖြစ်သည်။ 

 

 

 

 

''ဒီပြိုင်ပွဲမှာ စောထူးအောင်ရဲ့အကောင်းဆုံးပုံစံကြောင့် ခက်ခဲခဲ့ပါတယ်။ဒါပေမဲ့ချန်ပီယံဆုကိုရယူနိုင်ခဲ့တာက ဝမ်းသာစရာပါပဲ။ ဒီပြိုုင်ပွဲက ကံကောင်းပြီးအနိုင်ရခဲ့တာလို့ပြောရင် ကျွန်တော်ငြင်းပါတယ်။ အကောင်းဆုံးယှဉ်ပြိုင်ခဲ့လို့ ချန်ပီယံဖြစ်တာပါ''ဟု အန်တိုနီယိုဖာရီယာက ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဒု-ခေါင်ပွဲအဖြစ်ထိုးသတ်ခဲ့သော မြန်မာ့လက်ဝှေ့ကျော် ရွှေရာမာန်နှင့် 2018 Thai Fight,2018 Real Hero ပြိုင်ပွဲတို့တွင် ချန်ပီယံဆုရရှိထားသူ ယူကရိန်းနိုင်ငံသား ဆာရှာမွိုင်ဆာ(Sasha Moisa) တို့၏ပွဲစဉ်တွင် ဆာရှာမွိုင်ဆာက ရွှေရာမာန်ကို တတိယအချီ၌ အလဲထိုးကာအနိုင်ရခဲ့သည်။ ရွှေရာမာန်သည် ဆာရှာမွိုင်ဆာ၏ တရစပ်တိုက်စစ်ဆင်မှုကို အလူးအလဲခံခဲ့ရပြီး ဒုတိယအချီတွင် တံတောင်ရိုက်ချက်ကြောင့် အနားတောင်းခဲ့ရသည်။ တတိယအချီ စတင်ပြီး(၁)မိနစ်တွင် ညာလက်သီးဖြင့် ရွှေရာမာန်အလဲထိုးခံခဲ့ရခြင်းဖြစ်သည်။

 

 

 



 နိုင်ငံခြားတွဲဆိုင်းတစ်ဆိုင်းအဖြစ် ကမ္ဘောဒီးယားမှ ပစ်ခ်မထဲခမန်း(Pich Mtes Khnang) နှင့် ဗီယက်နမ်မှ ငုယင်ထရန်ဒူးနတ်(Nguyen Tran Duy Nhat)တို့ထိုးသတ်ခဲ့ရာ ငုယင်ထရန်ဒူးနတ်က ပထမအချီမှာပင်  အလဲထိုးဖြင့်အနိုင်ရခဲ့သည်။



 ပြည်တွင်းတွဲဆိုင်း(၄)ဆိုင်းတွင် ရန်နိုင်ထွန်း(ဇွဲကပင်မြေ)က စောဘဦး(ရွှေဘာလား)ကို အမှတ်ဖြင့် အနိုင်ရခဲ့သည်။ အခြားတွဲဆိုင်းများတွင်  ထူးနေသူ (တောင်ကလေး)က ဒေါင်းဖြူ(Adventure)ကိုအမှတ်ဖြင့်လည်းကောင်း၊ စောမင်းမင်း(ရွှေသထုံ)က စောဒါဝိတ်(တောင်ကလေး)ကိုအမှတ်ဖြင့်လည်းကောင်း၊ ထွန်းမင်းနိုင်(Fit & Fight)က စောသားငယ်(ရွှေဖူး)ကို အမှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရခဲ့သည်။ 

Most Read

Most Recent