ဇာတိချက်ကြွေ မွေးရပ်မြေ မဟုတ်သော်လည်း ဤမြို့ကလေးကို ကျွန်တော် ချစ်ပါသည်။ မှော်ဝန်းချောင်း၊ ပါဒခေတ် ရှေးဟောင်း အမွေအနှစ်များမှအစ စိမ်းမြဝေစည်နေသည့် လယ်ကွင်းများအဆုံး အားလုံးကို ကျွန်တော် နှစ်လိုနှစ်ရ ရှိပါသည်။ အထူးသဖြင့် ရိုးသား ခြင်းအမွေအနှစ်ကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းခဲ့ကြသည့် မြို့ကလေး၏ ခမ်းနားမှုကို ကမ္ဘာ့အခမ်းနားဆုံး နေရာဆိုသည်များထက် ကျွန်တော် ပို၍မက်မောမိပါသည်။ ယုတ်စွအဆုံး မြို့ကလေးဆီမှ ကျွန်တော် နေ့ စဉ်ရှူသွင်းခွင့်ရနေသည့် လေ၊ မြို့ကလေးရင် ခွင်က ကျွန်တော် ခြေချနင်းလျှောက်ခွင့်ရနေသည့် ဂဝံရောင်ဖျဖျ မြေသားများအပေါ်၌ပင် ကျွန်တော့်၏ ချစ်မက်စိတ်က သစ်ကပ်အမြစ်ကဲ့သို့ ရစ်ပတ်ငြိတွယ်နေမိခဲ့ပြီ ဖြစ်ပါသည်။
တကယ်တော့ ဘော်ငွေရောင် ပင်လယ်ကြီးဖြင့် အနားသတ်ထားသည့် ဤမြို့ကလေးဆီ၌ အခြားသော မြို့ရွာများထက် ပိုမို တောက်ပသည့် နေရောင်ခြည်များ မရှိပါ။ ထို့အတူ ကမ္ဘာကျော်အောင် ထင်ရှားသည့် ပျော်စရာနေရာများလည်း မရှိပါ။ သို့ပါသော်လည်း ၀ါရွှေရောင် စပါးခင်းများနှင့် ဖြာနေအောင် ညွန့်သန်စိမ်းမြနေကြသည့် သစ်ပင်ပေါင်းများစွာကိုတော့ လက်ညှိုးထိုး၍ မလွဲအောင် တွေ့မြင်ကြရမည်ဖြစ်ပါသည်။ တကယ်လည်း မည်သည့်ဘက်ကို ယိမ်းယိမ်း စိမ်းလန်းစိုပြည်နေသည့် သစ်ရိပ်များ၏ အေးမြသည့် အရသာကို ခံစားရမည်ဖြစ်ပါသည်။ အထူးသဖြင့် ကျေးလက်ရနံ့၊ ကျေးလက်အငွေ့အသက်များဖြစ်ကြသည့် ရိုးသားပွင့်လင်းခြင်း၊ ယဉ်ကျေးပျူငှာဖော်ရွေခြင်း၊ စေတနာ သဒ္ဓါတရား ထက်သန်ခြင်းများကို မျက်ဝါးထင်ထင် တွေ့မြင် ခံစားကြရမည် ဖြစ်ပါသည်။ “ဒါတင်ပဲလား” ဆိုလျှင် ရာဇဝင်သမိုင်းနှင့်ချီသည့် အဖြစ်အပျက်များလည်း ပါသေးသည်ဟု ပြောရလိမ့်မည်ဖြစ်ပါသည်။
ဟုတ်ပါသည်။ မြို့ကလေး၏ ဝမ်းဗိုက်ကို ဖွင့်ဖောက်ကြည့်မည်ဆိုပါက ပါဒခေတ် အမွေအနှစ်များကို ထင်ရှားစွာ တွေ့ကြရလိမ့်မည်ဖြစ်ပါသည်။ ပါဒဧကရီကို တွေ့ကြရလိမ့်မည်ဖြစ်ပါသည်။ ကျိုက်မှော်ဝန်း ရေလယ် စေတီတော်မြတ်ကြီးကို တွေရလိမ့်မည် ဖြစ်ပါသည်။ ကျိုက်ပါဒကြီးဆံတော်ရှင် စေတီတော်မြတ်ကြီးကို တွေ့ကြရလိမ့်မည် ဖြစ်ပါသည်။ နောက် သဘာဝက ပေးထားခဲ့သည့် အလှအပမြောက်မြားစွာကို တွေ့ကြရလိမ့်မည်ဖြစ်ပါသည်။ အမှန်အတိုင်းဝန်ခံရလျှင် ဖြာနေအောက်လက်သည့် မီးဆိုင်းမီးပန်းများ ရှိရာ မြို့ကြီးများထက် ၀ါနေအောင်ညက်သည့် သနပ်ခါးပါးကွက်ကျားကလေးများရှိရာ ဤမြို့ကလေးကိုသာ ကျွန်တော် ပို၍ ခင်တွယ်မိပါသည်။ ယုတ်စွအဆုံး ရေနံချေးဝနေသည့် အိမ်ကြီးများကနေ ကုက္ကိုလ်ပင်ကြီးများအောက်က ရေချမ်းစင်ကလေးများအထိ မြို့ကလေး၏ ပုံရိပ်များကို ကျွန်တော့်စိတ်နှလုံးသားများက တံဆိပ်ခတ်နှိပ် ရယူထားခဲ့ပြီ ဖြစ်ပါသည်။
တကယ်တော့ ရိုးသားဖော်ရွေမှုများကို သာမက မြို့ကလေးသည် ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးများ၏ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ ဓလေ့စရိုက်များကိုပါ ယနေ့အထိ ထမ်းပိုးပေးထားသည့် နေရာတစ်ခုဖြစ် သည်ဟု ကျွန်တော်ကတော့ ထင်မြင်မိပါသည်။ တကယ်လည်း ယနေ့ မြို့ကြီးများ၌ တွေ့မြင်ရန် မလွယ်ကူတော့သည့် ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးများ၏ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာ၊ ဓလေ့စရိုက်များကို ယနေ့အထိ မြို့ကလေးဆီ၌ တွေ့မြင်ကြရမည် ဖြစ်ပါသည်။ အထူးသဖြင့် မြန့်မာ့ရနံ့၊ မြန်မာ့အ ငွေ့အသက်များကို မြို့ကလေးဆီမှ အထူးတလည် ရယူခံစားနိုင်ကြမည် ဖြစ်ပါသည်။ မြန်မာ့အစားအစာ၊ မြန်မာ့ ဝတ်စားဆင်ယင်ပုံများကနေ မြန်မာ့စိတ်ရင်းများဆီအထိ မြို့ကလေးဆီမှ ရရှိခံစားနိုင်ကြမည်ဖြစ်ပါသည်။ ထို့အတူ ယဉ်ကျေးပျူငှာဖော်ရွေခြင်း၊ ကူညီ တတ်ခြင်းဆိုသည့် လှပသည့်စိတ်ဓာတ်များကိုလည်း မြို့ကလေး၏ရင်ခွင်၌ မှီတင်းနေထိုင်နေသည့် မည်သူ့ဆီမှမဆို တွေ့မြင်ရရှိ နိုင်ကြလိမ့်ဦးမည်ဖြစ်ပါသည်။
တကယ်တော့ ဧရိယာအရေအတွက်အားဖြင့် မကျယ်ဝန်းလှသည့် ဤမြို့ကလေးဆီမှ လေသင့်ကာ ပါလာတတ်သည့် ကောက်ရိုးရနံ့ကလေးများကို ရှူရှိုက်နေရခြင်းကပင် ကျွန်တော့်အတွက်က ကျေနပ်စရာ ဖြစ်နေခဲ့ပြီဖြစ်ပါသည်။ ထို့အတူ ဘာသာတရားကို လေးစား တန်ဖိုးထားတတ်သူများ၊ လူလူချင်း လေးစားတန်ဖိုးထားတတ်သူများ၊ ယဉ်ကျေးပျူငှာ ကူညီရိုင်းပင်းတတ်သူများနှင့် တစ်ရေတည်း သောက်ခွင့်ရနေခဲ့ခြင်းက ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပင် ဖြစ်ပါသည်။ အထူးသဖြင့် ဒုစရိုက်မှုနည်းပါးသော၊ တည်ငြိမ်အေးချမ်းသော ဤမြို့ကလေးမှာ နေခွင့်ရရှိခြင်းက ကျွန်တော်အတွက်တော့ ဘုရားပေးသည့် ဆုလာဘ်ပင် ဖြစ်ပါသည်။တကယ်လည်း ဘယ်နှပတ်ပတ်ကြည့်ကြည့် အေးမြငြိမ်းချမ်းနေသည့် မြို့ကလေး၏ အသက်ရှူသံဖွဖွကိုသာ ကြားရမည်ဖြစ်ပါသည်။ ဘယ်နှခါဖွင့်ဖတ်ဖတ် မြို့ကလေး၏ ရိုးသားမှု စာမျက်နှာများကိုသာ တွေ့ကြရမည် ဖြစ် ပါသည်။ အထူးသဖြင့် မြို့ကလေး၏ ရင်ခွင်ထဲသို့ ရောက်ရှိလာသူတိုင်း နူးညံ့ညင်သာသည့် မြို့ကလေး၏ နှလုံးခုန်သံကို ခံစားကြရလိမ့်မည်ဖြစ်ပါသည်။ မြို့ကလေး၏ရိုးသားမှု၊ မြို့ကလေး၏ယဉ်ကျေးပျူငှာ ဖော်ရွေမှုများကို လက်ခံရရှိနိုင်ကြလိမ့်မည် ဖြစ်ပါသည်။ ဤမျှမက ဧည့်ဝတ်ကျေပွန်မှု၊ စေတနာသဒ္ဓါ တရားထက်သန်မှုတို့ကို တွေ့မြင်ခံစားရနိုင် ကြလိမ့်မည်မှာလည်း မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါသည်။
တကယ်လည်း မြို့ကလေး၏ အမှတ်တံဆိပ်သည် ရိုးသားသည့်စိတ်များဖြစ်ပြီး မြို့ကလေး၏ သင်္ကေတသည် အေးမြငြိမ်းချမ်း ခြင်းပင် ဖြစ်ပါသည်။ ဟုတ်ပါသည်။ မည်သည့် စာတန်းတစ်ခုခုမျှ မချိတ်ဆွဲထားသော်လည်း ယဉ်ကျေးပျူငှာဖော်ရွေမည်၊ ကူညီ ဖေးမ စာနာမည်ဆိုသည့် မြန်မာ့စိတ်ရင်းများ ကို မြို့ကလေး၏ ရင်ခွင်တွင်းမှာနေထိုင်သည့် မည်သူ့ဆီကမဆို ရရှိနိုင်ကြလိမ့်မည် ဖြစ်ပါ သည်။ ကောက်ရိုးရနံ့သင်းနေသည့် လေတို့ကို ရှူရှိုက်ခွင့်ရနိုင်သကဲ့သို့ မည်သည့်အရောင် အစွန်းအထင်းမှ မရှိသည့် အပြုံးပန်းပွင့်များ ကိုလည်း မည်သူ့ဆီကမဆို ခူးဆွတ်ရယူ နိုင်လိမ့်ဦးမည်ဖြစ်ပါသည်။ တကယ်တော့ မြို့ကလေးအပေါ် ငြိတွယ်မိသည့် ကျွန်တော့်၏ စိတ်အရွယ်အစားက မည်သည့်ဓားတစ်မျိုးမျိုးနှင့်မှ ဖြတ်၍ မပြတ်နိုင်တော့ပြီ ဖြစ်ပါသည်။ ထို့အတူ ကျွန်တော့်၏ ရင်ထဲမှ မြို့ကလေး၏ ပုံရိပ်များသည်လည်း မည်သည့်အ ကြောင်းတစ်မျိုးမျိုးနှင့်မျှ မှိန်ဖျော့သွားနိုင်လိမ့်မည် မဟုတ်တော့ပါ။
တကယ်လည်း မှော်ဝန်းချောင်းရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသည့်လေ၊ လက်ညှိုးထိုးမလွဲအောင် ရှိနေခဲ့သည့် စေတီပုထိုးများဆီမှ ထွက်ပေါ်လာတတ်သည့် ဆည်းလည်းသံ တိုးဖွဖွတို့ကို မကြားနာ မခံစားရသည့်နေ့များ၌ ကျွန်တော့်၏ စိတ်နှလုံးသားတို့သည် ရေကြည်ကို မသောက်သုံးရသည့် သစ်တစ်ပင်လို နွမ်းရိဖျော့တော့နေတတ်ခဲ့ပြီ ဖြစ်ပါသည်။ တိတိကျကျဆိုရပါမူ ကျွန်တော့်စိတ် နှလုံးသားတို့သည် မြို့ကလေးအပေါ်၌ နွယ်ပတ်ရစ်သလို တွယ်ကပ်ငြိ၍နေခဲ့ပြီ ဖြစ်ပါသည်။ ရေထဲ ပျော်ဝင်တတ်သည့် ဒြပ်တစ်ခုလို နစ်ရှပျော်ဝင်နေခဲ့ပြီဖြစ်ပါသည်။ အထူးသဖြင့် မြို့ကလေး၏ ရိုးသားမှု၊ မြို့ကလေး၏ ဖော်ရွေယဉ်ကျေးမှု၊ မြို့ကလေး၏ ငြိမ်းချမ်း မှုများအောက်မှာ ကျွန်တော့်၏ ကြည့်မွေ့ နှစ်သက်မှုများက အိတ်သွန်ဖာမှောက် အညှောင့်ပေါက်ခဲ့ကြပြီဖြစ်ပါသည်။
တကယ်တော့ ၀ါနေအောင် ညက်နေသည့် ပါးကွက်ကျားကလေးများရှိရာ ဤမြို့ကလေးဆီမှာ ကမ္ဘာကျော်အောင် ထင်ရှားသည့် အဆောက်အအုံမရှိပါ။ ထို့အတူ ၀ါရွှေ ရောင်စပါးခင်းကြီးများနှင့် ဖြာနေအောင် ညွန့်သန်စိမ်းမြနေသည့် သစ်ပင်ပန်းမန်တို့ မှအပ ရှော့ပင်းမောများ၊ အပန်းဖြေစရာ နိုက် ကလပ်များလည်း မရှိပါ။ ထို့အတူ ကိုရီးယားအစားအစာ၊ ထိုင်းအစားအစာ၊ ဂျပန်အစား အစာ၊ ဥရောပအစားအစာများကဲ့သို့ အစားအစာများကိုလည်း ပေါပေါများများ ရနိုင်လိမ့်မည် မဟုတ်ပါ။ သို့ပါသော်လည်း ဧည့်သည် ကို အိမ်ဦးခန်း၌ထား၍ လက်ဖက်၊ ကွမ်းဆေး၊ ရေနွေးကြမ်းများဖြင့် အကျအန ဧည့်ခံတာဝန် ကျေတတ်သည့် ကျွန်တော်တို့ လူမျိုးများ၏ ချစ်စရာကောင်းသည့် အလေ့အထများကို မျက်ဝါးထင်ထင် တွေ့မြင်ခံစားကြရမည် ဖြစ်ပါသည်။ အထူးသဖြင့် ရိုးသားဖော်ရွေမှု၊ စေတနာသဒ္ဓါတရားထက်သန်မှု၊ ဧည့်ဝတ် ကျေပွန်မှုများကို အားနာစရာကောင်းလောက်အောင်ပင် ဤမြို့ကလေးဆီမှ လက်ခံရရှိနိုင်ကြမည်ဖြစ်ပါသည်။ ယုတ်စွအဆုံး ရှူသွင်းခွင့်ရသည့် လေ၊ ခြေချနင်း လျှောက်ခွင့်ရသည့် မြေသားတို့၌ပင် မေတ္တာတရား၏ရနံ့ကို ရှူရှိုက်ရနိုင်ကြမည် ဖြစ်ပါသည်။
တကယ်လည်း သက္ကရာဇ်တွေ ဘယ်မျှပြောင်းပြောင်း မြို့ကလေး၏ အမှတ်တံဆိပ်က မပြောင်းလဲ ရှိမြဲရှိခဲ့သည်သာ ဖြစ်ပါ သည်။ ဖော်ရွေသည့်အပြုံး၊ ရိုးသားသည့် အပြုအမူတို့ကို မြို့ကလေး၏ ရင်ခွင်က မည်သူ့ဆီ၌မဆို တွေ့မြဲ တွေ့မြင်ကြရမည် ဖြစ်ပါသည်။ “ဒါတင်ပဲလား”ဆိုလျှင် ပြာလဲ့ကြည်လင်နေသည့်ကောင်းကင်၊ လိမ္မော်ရောင် ညနေဆည်းဆာနှင့် လရောင် ဖျန်းပက်ခံထားရသည့် ညများလည်း ပါသေးသည်ဟု ပြောရလိမ့်ဦးမည်ဖြစ်ပါသည်။ တကယ်လည်း လရောင်ဖြာဖြာအောက် မှော်ဝန်းချောင်းရေ ပြင်ကို ဖြတ်သန်းတိုက်ခတ်လာသည့် လေကို ရှူရှိုက်ရင်း ကျိုက်မှော်ဝန်းစေတီတော်ကြီးကို ဖူးမြော်ရခြင်းက အရသာ ရှိလှပါသည်။ထို့အတူ စိမ်းလန်းသော သစ်ပင်များ၊ ငြိမ်းချမ်းသော စေတီပုထိုးတော်များ သန့်ရှင်းသော ပတ်ဝန်းကျင်များသည်လည်း မြို့ကလေး၏ ရင်ခွင်ကို ရောက်ရှိလာသည့် မည်သူ့ ၏စိတ်ကိုမဆို ကြည်မွေ့ချမ်းမြသွားစေ လိမ့်မည်သာဖြစ်ပါသည်။
သေချာသည်က ကျွန်တော့်၏ ချစ်မက်စိတ်များက သစ်ကပ်အမြစ်များကဲ့သို့ ဤ မြို့ကလေးအပေါ်၌ ရစ်ပတ်ငြိတွယ်နေခဲ့ပြီ ဖြစ်ပါသည်။ ထို့အတူ မှော်ဝန်းချောင်း၊ ပါဒ ခေတ် ရှေးဟောင်းအမွေအနှစ်များကအစ စိမ်းမြဝေစည်နေသည့် လယ်ကွင်းများအဆုံး အားလုံးအပေါ်၌လည်း နှစ်လိုနှစ်ရ ရှိနေခဲ့ပြီ ဖြစ်သကဲ့သို့ မြို့ကလေး၏ ရင်ခွင်ထဲရှိ ကျွန်တော်တို့ ရှူရှိုက်ခွင့်ရနေရသည့် လေ၊ ခြေချ နင်းလျှောက်ခွင့်ရနေသည့် ဂဝံရောင်ဖျဖျ မြေသားများအပေါ်၌လည်း ကျွန်တော်၏ သံယောဇဉ်များက ရွှဲရွှဲစိုနေခဲ့ပြီဖြစ်ပါသည်။မည်သို့ပင်ဖြစ်စေ မြို့ကလေး၏ ကျက်သရေကို ထိပါးစေသည့် စုန်းပြူးအချို့ ရှိကောင်းရှိခဲ့လိမ့်မည်ဖြစ်သော်လည်း တစ်စုံတစ်ယောက်ယောက်မှသာ ယခုအချိန်အထိ ရိုးသားမှုတို့ ကို ထမ်းပိုးထားဆဲရှိသည့် မြို့တစ်မြို့ကို လက်ညှိုးထိုးပြပါဟု တောင်းဆိုလာခဲ့မည်ဆိုလျှင် ကျွန်တော်ကတော့ ကျွန်တော် ချစ်လှစွာသော မြို့ကလေးကိုသာ လက်ညှိုးထိုး ညွှန်ပြမိလိမ့်မည်သာ ဖြစ်ပါတော့သည်။