ဆီးရီးယားမှ IS များ၏ အန္တရာယ်

ဆီးရီးယားမှ IS များ၏ အန္တရာယ်
Photo : AFP
Photo : AFP
Published 19 February 2019
မောင်ကြွယ်စိုး

အမေရိကန်တပ်များ ရုပ်သိမ်းပြီးချိန်မှာ ဆီးရီးယားလုံခြုံရေးကို အကူအညီပေးရန် ညွန့်ပေါင်းအဖွဲ့မှ မဟာမိတ်တွေကို အမေရိကန်က စည်းရုံးနေခဲ့ပါတယ်။ IS အဖွဲ့အား အပြီးတိုင်နှိမ်နင်းနိုင်ခဲ့ကြောင်း မကြာမီ ကြေညာမယ်လို့ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပါတယ်။ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ IS နှိမ်နင်း ရေးအတွက် နိုင်ငံတကာညွန့်ပေါင်းမှ ကာ ကွယ်ရေးဝန်ကြီး ၁၃ ဦး တက်ရောက်ကြပါ တယ်။ အမေရိကန်က စစ်သွေးကြွနှိမ်နင်းရေး ကို ဆက်လက်ထောက်ပံ့မယ်လို့ အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာ ဟန်က ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ IS တွေဟာ ဆီးရီးယား မြောက်ပိုင်းရှိ Baghuz မှာရှိနေပြီး ၎င်းင်းတို့ ကို ချေမှုန်းပြီးပါက ကာ့ဒ်တွေ ထိန်းချုပ်ထား တဲ့ အရပ်ဒေသတွေကနေ အမေရိကန်တပ်ဖွဲ့ ဝင်တွေ ရုပ်သိမ်းဖို့ စီစဉ်ထားပါတယ်။ အမေ ရိကန်တပ်ဖွဲ့ဝင်တွေဟာ လပိုင်းအတွင်း မဟုတ်ဘဲ သီတင်းပတ်အတွင်း ဆီးရီးယားမှ ထွက်ခွာမယ်လို့ ညွန့်ပေါင်းမဟာမိတ်တွေ ကို ၀ါရှင်တန်က အသိပေးထားပါတယ်။ ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့ဝင် ၂၀၀၀ ခန့် ကို ရုပ်သိမ်းမယ်လို့ ထရန့်ရဲ့ ဆုံးဖြတ်ချက် ကြောင့် ဆီးရီးယားမှာ IS နှိမ်နင်းရေးအတွက်  ရောက်ရှိနေတဲ့ အမြောက်တပ်နှင့် တပ်ဖွဲ့ဝင် ၁၂၀၀ ကို အားဖြည့်ထားတဲ့ ပြင်သစ်နဲ့ မဟာမိတ်နိုင်ငံတွေဟာ အံ့အားတသင့်ဖြစ်ခဲ့ရပါ တယ်။

ဆီးရီးယားမှ အမေရိကန်တပ်တွေ ရုပ် သိမ်းခဲ့မယ်ဆိုရင် အီရန်အတွက် အကျိုးအ မြတ်ရရှိစေလိမ့်မယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျောန်ဗီးစ်လီထရီယန်က မြူးနစ်ညီ လာခံမှာ ပြောကြားခဲ့ပါတယ်။ ဂျာမနီကာ ကွယ်ရေးဝန်ကြီး အာဆူလာဗွန်းဒါလီယန်က IS နှိမ်နင်းရေးကို အတူတကွလုပ်ဆောင်ပြီး အတူတကွထွက်ခွာသင့်ကြောင်း ပြောကြားခဲ့ ပါတယ်။

Baghouz ကျေးရွာအနီးမှာ မော်တာသံတွေ အဆက်မပြတ်ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် ကောင်းကင်ယံမှာလည်း ကျည်ဆန်တွေ ပျံဝဲနေပါတယ်။ ထို့ပြင် စစ်လေယာဉ်တွေလည်း ဝေဟင်မှာ ပျံဝဲလျက်ရှိပါတယ်။ ကျေးရွာရှိ အိမ်တွေရဲ့အမိုးပေါ်မှာ အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ ဆီးရီး ယားဒီမိုကရက်တစ်တပ်ဖွဲ့ဝင်တွေဟာ လက်ကျန် IS တွေကို တိုက်ပွဲဆင်နွှဲနေပါတယ်။

IS တွေဟာ သူတို့အချင်းချင်း ကြိုးမဲ့ ကြေးနန်းကနေ ဆက်သွယ်မှုတွေ မပြုလုပ်နိုင်တော့ပါဘူး။ သူတို့တစ်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်တဲ့အခါမှာ အပြင်းအထန် ထိုးစစ်ခံနေရပြီလို့ ပြောပြီးတဲ့နောက် ဆက်သွယ်ရေးတွေ ပြတ်တောက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နံနက်စောစောပိုင်း မှာ IS တွေဟာ သူတို့ရှိနေတဲ့ အရပ်ကို ပိတ်ဆို့ထားပါတယ်။ ဒါ့အပြင် အရပ်သား ၂၀၀၀ ကို စွန့်ခွာမသွားနိုင်အောင် ဖမ်းဆီးထားပါ တယ်။ မိန်းကလေးတွေနဲ့ ကလေးငယ်တွေကို လူသားဒိုင်းအဖြစ် IS တွေက အသုံးပြုထား ကြပါတယ်။ တချို့အရပ်သားတွေဟာ ထွက် ပြေးလွတ်မြောက်လာခဲ့ကြပါတယ်။ သူတို့ တစ်တွေရဲ့ ပြောကြားချက်အရ IS တွေဟာ မိန်းကလေးတွေနဲ့ ကလေးငယ်တွေကို လူ သားဒိုင်းအဖြစ် ကာကွယ်ထားကြတာဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက Baghuz  ကျေးရွာမှာရှိတဲ့ပြည်သူတွေဟာ IS တွေလက် ထဲကနေ သက်စွန့်ဆံဖျား ထွက်ပြေးခဲ့ကြပါ တယ်။

ဆီးရီးယားကာ့ဒ်တွေကတော့ မိမိတို့ပိုင် နက် မိမိတို့ ပြန်လည်သိမ်းပိုက်ဖို့ လိုလားနေ ကြောင်း ပြောကြားနေပါတယ်။ ဒါပေမဲ့ IS တွေကို တိုက်ခိုက်နေတဲ့ မဟာမိတ်တပ်တွေ ကတော့ ဆီးရီးယားကာ့ဒ်တွေရဲ့ တောင်းဆို မှုကို လက်ခံဖို့ နှောင့်နှေးနေဆဲဖြစ်ပါတယ်။ အဓိကအချက်ကတော့ အမေရိကန်တပ်ဖွဲ့ ဝင်တွေ ဆုတ်ခွာသွားခဲ့မယ်ဆိုရင် အဲဒီအရပ် မှာ လုံခြုံရေးကင်းမဲ့တဲ့အရပ် ဖြစ်သွားနိုင်ပါ တယ်။

ထရန့်က ဖမ်းမိထားတဲ့ IS ၈၀၀ ကို ဥရောပနိုင်ငံတွေက ပြန်လည်လက်ခံရမယ် လို့ ပြောကြားနေပါတယ်။ ဥရောပနိုင်ငံတွေ နဲ့ ပြင်သစ်နိုင်ငံက ဂျီဟတ်အဖွဲ့ဝင်ဟောင်း တွေကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေပါ တယ်။ အဲဒီအထဲမှာ အသက် ၁၉ နှစ်အရွယ် ရှိ အမျိုးသမီးတစ်ဦးလည်း ပါရှိကြောင်း သူမဟာ ၂၀၁၅ ခုနှစ်မှာ IS အဖွဲ့ထဲကို ဝင်ရောက် ခဲ့ကြောင်း၊ မိမိဟာ မကြာသေးမီကပဲ ရင်သွေး တစ်ယောက် ဖွားမြင်ခဲ့ကြောင်း၊ တကယ်တမ်း ကျတော့ သာမန်အိမ်ထောင်သည်ဖြစ်ပြီး အကြမ်းဖက်မှုတစ်ခုမှ မလုပ်ခဲ့ကြောင်း၊ မိမိ တိုင်းပြည် ပြန်လာလိုကြောင်း ပြောကြားခဲ့ပါ တယ်။

ပြင်သစ်နိုင်ငံကတော့ IS ထဲမှာ ပြင်သစ်နိုင်ငံသား ၁၅၀ ခန့်ရှိနေပြီး အဲဒီထဲမှာ ကလေး ၉၀ ပါရှိနေတဲ့အတွက် သူတို့တစ်တွေကို ပြင်သစ်ကို ပြန်လည်ခေါ်ယူဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ပြင်သစ်အာ ဏာပိုင်တွေကတော့ တစ်စုံတစ်ရာထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ဗြိတိန်ကတော့ လက်ခံဖို့ တွန့်ဆုတ်နေပါတယ်။ သူတို့တွေအနေနဲ့ ဗြိတိန် မြေပေါ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်မှာကို စိုးရိမ်နေပါတယ်။

ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိတဲ့ပုဂ္ဂိုလ်ကတော့ IS တွေဟာ အရပ်သား ၁၀၀၀ ခန့်ကို ထွက်ခွာခွင့်မပေးခဲ့ဘူး။ တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအေကာနဲ့ အမေရိကန်ယာယီကာကွယ်ရေး ဝန်ကြီး ပက်ထရစ်ရှာနာဟန်တို့ဟာ မြူးနစ်မှာ တွေ့ဆုံပြီး လုံခြုံစိတ်ချရတဲ့ဇုန်တစ်ခု တည်ဆောက်ရေးကို ပြောကြားခဲ့ပါတယ်။

အမေရိကန်တပ်တွေ ရုပ်သိမ်းလိုက်တဲ့အတွက် ဆီးရီးယားကာ့ဒ်တွေဟာ အိမ်နီးချင်းတူရကီနိုင်ငံကို ခြိမ်းခြောက်မှုပြုလုပ်နိုင်ကြောင်းနဲ့ အဲဒီကာ့ဒ်တွေကို အကြမ်းဖက် သမားတွေအဖြစ် တူရကီနိုင်ငံက စွပ်စွဲထား ခဲ့ပါတယ်။ ရှစ်နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ဆီးရီး ယားပြည်တွင်းစစ်ကြောင့် သေဆုံးသူဦးရေ ၃၆၀၀၀၀ ရှိခဲ့ပါတယ်။ ဆီးရီးယားသမ္မတ အာဆတ်က ရုပ်သံမိန့်ခွန်းတစ်ခုမှာ မိမိတို့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ IS တွေရဲ့သိမ်းပိုက်ထား တဲ့ ပိုင်နက်တွေကို တစ်လက်မမကျန် သိမ်းပိုက်နိုင်ကြောင်း ပြောကြားခဲ့သလို ကာ့ဒ် လက်နက်ကိုင်တွေအနေနဲ့ အမေရိကန်ရဲ့ ကာကွယ်မှုကို မှီခိုနေဖို့ မလိုကြောင်း သတိပေးပြောကြားခဲ့ပါတယ်။

““အမေရိကန်အပေါ် မှီခိုနေတဲ့ လက်နက်ကိုင်တွေကို ကျွန်တော် ပြောကြားလိုတာ ကတော့ အမေရိကန်တွေက သင်တို့ကို အကာအကွယ်ပေးမှာမဟုတ်ကြောင်း၊ အမေရိ ကန်တွေဟာ သူတို့ရဲ့ အိတ်ထောင်ထဲကို ထည့်ပြီး သူတို့အကျိုးစီးပွားအတွက် အသုံး ပြုမှာဖြစ်တယ်””လို့ အာဆတ်က ပြောကြား ခဲ့ပါတယ်။

ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ဝင်တွေဟာ IS တွေကို တိုက်ခိုက်ရာမှာ ပါဝင်နေပါတယ်။ ဒါပေမဲ့ တူရကီအနေနဲ့ကတော့ အဲဒီဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့တွေ ဟာ တူရကီနိုင်ငံက အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ ကာဒစ္စတန်အလုပ်သမားပါတီ(PKK) နဲ့ ခွဲခြားလို့မရအောင် တစ်သားတည်းရှိနေတယ်လို့ တူရကီက သတ် မှတ်ထားပါတယ်။ ကာဒစ္စတန်အလုပ်သမား ပါတီ (PKK) ဟာ ကာ့ဒ်လက်ဝဲစွန်းစစ်သွေး ကြွနိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး တူရကီနဲ့ အီ ရတ်နိုင်ငံမှာ အခြေစိုက်ထားပါတယ်။ ၁၉၈၄ ခုနှစ်ကစပြီး ကာ့ဒ်တွေ လွတ်လပ်တဲ့ပြည်နယ် တစ်ခုရရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့ အစည်းဖြစ်ပါတယ်။

Most Read

Most Recent