(၁)
ဆောင်းကုန်တဲ့အထိ ဆောင်းရဲ့အရသာကို ခံစားလို့ရမှာ မဟုတ်တော့ဘူးဆိုတာ သေချာသွားခဲ့ပါတယ်။ အိမ်မှာနေရတာ လည်း ပိုပြီးကျပ်ညပ်အိုက်စပ်လာတယ်လို့သာ ခံစားနေခဲ့ရတယ်။ ဒီရက်ပိုင်းကျမှ ပိုပြီး ပူလောင်လာခဲ့သလိုပဲတဲ့။ ပြက္ခဒိန်ကို ကြည့်ပြီး ပြိုင်တူရယ်လိုက်ကြတယ်။ ဖြစ်ချင်တော့ အိမ်မှာ အဲကွန်းကလည်း ပျက်နေပြန်တယ်တဲ့ လေ။ ဆောင်းတွင်းကြီးမှာ အဲကွန်းပျက်လို့ ရူးနေတဲ့လူတွေဆိုလို့လည်း မြင်ရကြားရတာ ကိုးလို့ကန့်လန့် ရယ်စရာစကားမျိုးကြီး ဖြစ်နေမှာပေါ့။ ဒါပေမဲ့ အပြင်မှာ အဲဒါ တကယ် ဖြစ်နေခဲ့တာပါ။ တခြားနေရာဒေသတွေမှာ ဘယ်လိုဖြစ်နေသလဲတော့ မသိဘူး။ အီကွေတာနဲ့ပိုနီးတဲ့ မြို့ပြဟာ ပူနွေးစိုစွတ်တဲ့ နှလုံးသားတွေကို အိုက်စပ်ထိုင်းမှိုင်းစေခဲ့။ နှစ်တစ်နှစ်ရဲ့ အတိုဆုံးလမှာ အရှည်လျားဆုံး သက်ပြင်းတွေနဲ့သာ အချိန်ကုန်မြန်ခဲ့ကြရ တယ်။ လကုန်မြန်မယ့်ရက်တွေထဲ ထပ်တိုးလာတဲ့ အကြွေးကျန်စနစ်နဲ့ နေ့တာအတိုတွေကို ဆွဲဆန့်ထားနေရတယ်။ အဲဒီလိုကမောက်ကမအဖြစ်တွေနဲ့အတူ ရှင်သန်နေထိုင်ဖြစ်နေဆဲ မြို့ပေါ်က တိုက်ခန်းတစ်ခန်းပေါ်က မိသားစုတစ်ခုပေါ့လေ။ ဒီရက်ပိုင်းတွေမှာ အိမ်ကို သန့်ရှင်းရေးလုပ်ထားရမယ်။ညစ်ပေနေတဲ့ နံရံတွေ၊ ဟောင်းနွမ်းလာသလိုထင်ရ တဲ့ တံခါးချပ်တွေကို ဆေးအသစ် ထပ်သုတ်ရတော့မယ်။ အိမ်မှာ အားနေတဲ့သူ တစ်ယောက်မှမရှိဘူး။ အဝတ်အစားတွေကို တစ်သုတ်ပြီး တစ်သုတ် ခပ်မြန်မြန်လျှော်ပစ်နေကြတယ်။ မောပန်းနွမ်းနယ်မှုဆိုရင်တောင် အဖျော် ရည်တစ်ခွက်နဲ့ ကာထားမှ ရလိမ့်မယ်ထင်ပါတယ်။ ကလေးတွေကလည်း ချူချာလိုက်တာ မပြောပါနဲ့ဆိုလား။ ဒီရက်ပိုင်းတွေကျမှ ငွေဟာ လက်ထဲရောက်မလာခင်ကတည်းက ပြန်ထွက်သွားနှင့်ပြီးသားပေါ့။
ငယ်ငယ်တုန်းက လှုံခဲ့တဲ့ မီးဖိုလေးမှာ အနွေးဓာတ်ကလေး တစ်စွန်းတစ်စလောက်မှ မကျန်ရစ်တော့။ ကိုယ့်နံဘေးကို ပို့လွှတ်ရမယ့် မေတ္တာတရားတွေအတွက်လည်း စောင်အထပ်ထပ် ခြုံပေးနေမိပေမဲ့ မနွေး တတ်တော့။ ကလေးတွေဟာ အိပ်ပျော်သွားပေမဲ့ ခြုံစောင်ကို ကန်ထုတ်ပစ်လိုက်တတ်တယ်။ အိပ်နေရင်းတောင် ပူလောင်မှုကို သိနေတတ်ကြတယ်။ ကိုယ်ကလည်း ဝတ်ထားတဲ့ ချိုင်းပြတ်စွပ်ကျယ်နောက်မှာ ချွေးစေးတွေ ပြန်နေခဲ့တာပါပဲ။ မွေ့ရာပေါ်မှာ ဘယ်ညာလူးလွန့် စောင်းငဲ့လို့ ဘယ်လိုမှ အိပ်စက်မပျော်တဲ့ ညနဲ့။ ကလေးတွေဟာ ကုတင်ပေါ် ပန်ကာဒလက်တွေလို လှည့်ရင်း အအေးဓာတ်ကို ရှာဖွေနေကြတယ်။ မီးပျက်ရင် စူးစူးဝါးဝါး လန့်အော်တတ်ကြပြန်တယ်။ ခန္ဓာကိုယ်ဟာ ငြိမ်သက်နေပေမဲ့ လှုပ်ရှားနေတဲ့စိတ်မှာ လျှပ်စစ်စီးလာတယ်။ ငယ်ငယ်တုန်းကဆိုရင် စောင်အထပ်ထပ် မွေ့ရာ ထဲမှာတောင် ဘယ်လိုမှ အိပ်လို့မရတော့လို့ မနက်မနက်ဆို စောစီးစွာ အိပ်ရာထ၊ တလင်းထဲက ကောက်ရိုးတွေ စုပုံပြီး မီးမြှိုက်ရင် တောင်ဘကြီးက အိပ်ရာက ငေါက်ခနဲထပြီး တားတတ်ခဲ့သေးတာပေါ့။ တစ်ခါတစ်ခါကျ ငယ်ဘဝကို ပြန်ရောက် သွားခဲ့လေ့ရှိတတ်ကြ တယ် မဟုတ်လား။ အကြမ်းအိုးကို အလယ်မှာ ချ၊ ဆောင်းမနက်ခင်းတွေမှာ မီးလှုံခဲ့ရတဲ့ အချိန်တွေဆီ စိတ်နဲ့တောင် ပြန်ပြန်ရောက် သွားတတ်ကြတယ်။
(၂)
အဲဒီရက်တွေထဲ နားထဲမှာ မအေးတော့ ဘူးဆိုတဲ့ အသံတွေချည်း ကြားကြားနေ။လမ်းပေါ်မှာလည်း ဒီမအေးဘူးဆိုတဲ့ ဆောင်းနဲ့ပဲ။လက်ဖက်ရည်ဆိုင်ထဲမှာလည်း မအေးဆေးတဲ့ ငြင်းခုံမှုနဲ့။ ဘတ်စ်ကားပေါ်မှာလည်း မအေးချမ်းဘူးဆိုတဲ့ တစ်ဦးကိုတစ်ဦး ရန်လိုမှုတွေနဲ့ချည်းပါပဲ။ အိမ်ထဲမှာ ထိုင်နေတော့လည်း မလည်ပတ်တဲ့ စားဝတ်နေရေးပန်ကာမှာ ဟောင်းနွမ်းပင့်ကူမျှင်တွေနဲ့။ ဖုန်အထပ် ထပ်တက်နေတဲ့ ပြတင်းတံခါးပေါက်နဲ့။အားလုံးဟာ အဲဒီလိုမအေးဘူးလား အေးတော့မှာ မဟုတ်ဘူးလားဆိုတဲ့ မျှော်လင့်ချက်တွေကို အရောင်ချယ်၊ ဒုက္ခသစ္စာနဲ့သာ တိုင်ပတ်နေ ကြမယ်ဆိုတာချည်းပဲ။ အဲဒီစကားကိုပဲ အရ သာရှိရှိ အရသာမဲ့မဲ့ ပြောနေမကျေမနပ်ဖြစ် နေကြတယ်ပေါ့။ မင်းတို့နယ်ဘက်မှာ အေးနေပြီလားဆိုတဲ့ မေးခွန်းကိုပဲ တယ်လီဖုန်းတစ်လုံးနဲ့ အထပ်ထပ်ဆက်သွယ်ပြီး အငမ်းမရ မေးနေရတယ်။ ဒီမှာတော့ ပူလောင်လွန်း လှချည်ရဲ့။
လမ်းရောက်တော့ တောင်ကတုံးတွေကို ငေးကြည့်နေရင်း အမေက တမ်းတမ်းတတ ဆိုရှာတယ်။ ဆောင်းဟာ အမေတို့ သားတို့ ငယ်ငယ်ကလောက် ဘာလို့ အေးစက်မနေခဲ့ တာလဲတဲ့။ ဆောင်းဟာ ခဏတဖြုတ် ဆောင်း ပီသဖို့ကိုတောင်မှ မေ့နေရလောက်အောင် ဘာကြောင့်များ မာနကြီးနေရတာလဲတဲ့။ အမေတို့တုန်းကဆိုရင် ဘုရားပွဲခင်းထဲ ပျော်ကလည်း ပျော်ချင်၊ ရာသီဥတုကလည်း အေးခဲ နေလွန်းတော့ ကုပ်ချောင်းချောင်းသွားခဲ့ဖူး တာတွေကို သတိရနေမိတာပဲတဲ့လေ။ အမေ့ စကားဟာ အားလုံးကို ရယ်ချပစ်လိုက်စေခဲ့တယ်။ အခုကျတော့လည်း ကိုယ့်ဘေးနားမှာ ရယ်စရာကောင်းနေတဲ့ ဆောင်းနဲ့၊ ဆောင်းမှာ အေးတတ်တယ်ဆိုတာကို မေ့လျော့လာတတ်တဲ့ လွဲချော်မှုမျိုးတွေနဲ့။ အကုန်လုံး အနွေထည်တွေကို ထည့်ယူလာဖို့တောင် သတိမရဘဲ ဘီဒိုထဲမှာ ဒီအတိုင်း ပိတ်သိမ်းထားခဲ့မိ ကြတယ်လေ။ လက်ထဲ အသင့်ပါမလာတော့တဲ့ ခေါင်းစွပ် သိုးမွေးဦးထုပ်တစ်လုံးဟာ ချောင်တစ်ချောင်ထဲမှာ ဒီအတိုင်းကြီး မှိုနံ့စွဲနေခဲ့တယ်။ ခရီးထွက်လာတယ်သာဆိုတယ် အဝတ်အစားတစ်စုံနဲ့ အလေ့ကျဖြစ်တည်နေတဲ့စိတ်နဲ့ လက်ကျန်ငွေကြေး အနည်းငယ်နဲ့။ ဘာမှထည့်သယ်လာဖို့တောင် သတိမရနိုင်တော့လောက်အောင် ဆောင်းရာသီအတုထဲက ထွက်ပြေးလာမိခဲ့သလားဆိုတာကလည်း မသေချာခဲ့ပါဘူး။
ဟိုးအဝေးက ပျပျလေးမြင်နေရရင်တောင်မှ စိတ်လှုပ်ရှားနေခဲ့တဲ့ တောင်တန်းတွေ။ အခု ကိုယ့်ဘေးကို တကယ်ရောက်လာ ခဲ့ပါပေါ့လား။ မတ်စောက်လွန်းတဲ့ တောင်ကမ်းပါးရံနဲ့၊ စီးကျနေတဲ့ စမ်းရေနဲ့ စိမ်းစိုနေတဲ့ အရွယ်အမျိုးမျိုး သစ်ပင်သစ်တောတွေ နဲ့။ ဒီအသက်အရွယ်ရောက်တဲ့အထိ ဖြတ်သန်းခဲ့ရသမျှတွေထဲ ရှာရှာကြံကြံ ကံကောင်းတာတစ်ခုက ဒီနေရာပတ်ဝန်းကျင်မှာ ဒီလို သစ်ပင်သစ်တောတွေ ကျန်နေခဲ့သေးတာပဲ။ တောင်နံရံတွေထဲ ပဲ့တင်ထပ်အောင် အသံကုန်အော်ပစ်လိုက်ချင်မိသေးပေါ့။ အားအင်တွေလည်း ကျန်နေနိုင်ပါရဲ့လားပေါ့။ စီးလာတဲ့ ခြောက်လုံးထိုးကားကြီးဟာ ဟောဒီ တောင်တန်းတွေပေါ်ကို ရောက်အောင်တက် နေတာပါလားဆိုတဲ့ အသိဟာ လိုက်ပါလာ သူအားလုံးကို စိတ်ကျေနပ်စရာဖြစ်စေတာ တော့အမှန်ပဲ။ နားထဲမှာ တဝီဝီအော်နေတဲ့ အထိ လေဖိအားတွေနဲ့ တံတွေးကို အခါခါ မြိုချနေမိတဲ့အထိ။ ချက်ချင်း နံဘေးမှာ တိမ်တိုက်တွေ ရောက်လာသလို ဖြတ်တိုက်နေတဲ့ လေအေးအေးတွေ။ စိတ်ကျေနပ်စရာကောင်းတဲ့အခါတွေဆို တစ်ခုခု အော်ဟစ်ထုတ်ပစ် လိုက်ချင်မိသလိုမျိုးပေါ့။ ကလေးတွေကတော့ ဟေးခနဲ ချက်ချင်း ထအော်ပစ်တတ်ကြပါ တယ်။ ဟိုးရှေ့မှာ သွားမယ့်နေရာကို လှမ်းမြင် နေရပြီ မဟုတ်လားတဲ့။ နားထဲမှာ လေတိုးသံဟာ ပိုမိုကျယ်လောင်လာတယ်။
(၃)
အိမ်မှာတုန်းက မအေးဘူးဆိုတဲ့ ခံစား ချက်တွေနဲ့ ဆောင်းဆန်တဲ့ အထိအတွေ့ကို ငတ်မွတ်နေတဲ့ မောပန်းမှုဟာ ခဏနဲ့ဖြေဖျောက်လိုက်သလိုပဲ။ ဒီရက်တွေမှ မသွားရင် ဒီနှစ်ထဲ ရောက်မှာမဟုတ်တော့ဘူးလို့ ပြောခဲ့မိတယ်တူပါရဲ့။ သွားမယ်ဆို ချက်ချင်း အခုလို ဖုတ်ဖက်ခါ ထသွားလိုက်ရတာ အင်မတန် အရသာရှိလှပါတယ်။ တကယ်ကြီး မန်းမှုတ် ပြောင်းလဲလိုက်သလို တောင်ပေါ်ရောက်လာ ခဲ့ကြတယ်မဟုတ်ပါလား။ “ဟိုး သိပ်ကို ခြားနားတဲ့ အပြောင်းအလဲတစ်ခုပဲ” လို့ ထပြော လိုက်မိတယ်ထင်တယ်။ ပတ်ဝန်းကျင်ဟာ ရယ်သံတွေနဲ့ ဆူညံသွားတော့တာပါပဲ။ မြေ ပြင်နဲ့ မိုးကုပ်စက်ဝိုင်းရဲ့ အနားသတ်ကိုတောင် မမြင်ရတော့တဲ့ မြူတွေထဲ ကလေးတွေဟာ တိမ်တွေကြား ရောက်နေသလို ပျော်ခဲ့။ အ ပြင်ဘက်မှာ အေးနေပေမဲ့ အလုံပိတ်အခန်းထဲ ပြန်မဝင်ချင်ဘူးဆိုတာချည်းပါပဲ။ ကိုယ့်အိမ်မဟုတ်တဲ့ နေရာတစ်နေရာ ရောက်နေမှတော့ အလုံပိတ်အခန်းတစ်ခန်းထဲ မွန်းကျပ်နေစရာ မလိုဘူးဆိုတာလည်း ဖြစ်သင့်တဲ့ ခံစားချက်တစ်ခုပေါ့လေ။ တောင်ပေါ်က အဆင်းအတက်နေရာတွေမှာ ခဏခဏ နားတော့ ကလေးတွေအမေက သရော်စကားဆိုတယ်။ အသက်ကြီးလာတော့ အမောမခံနိုင်တော့ဘူး မဟုတ်လားတဲ့။ အဲဒီမတ်စောက်နေတဲ့ လှေကားတွေကို ကလေးချီပြီးတက်ရတာလောက် ရူးချင်စရာကောင်းတာ ဘယ်ရှိ မှာလဲကွာလို့။ ဘုရားပေါ်ရောက်တော့ ရင်ပြင်တစ်ခုလုံး မို့မောက်ခုန်ထလို့ မောပန်းတုန်လှုပ်နေတဲ့ရင်ကို တောင်ပေါ်လေ စေတီရိပ် မှာ ချွေးသိပ်လို့ အချိန်အကြာကြီး အမောဖြေနေရတယ်။
ကိုယ့်မှာ ငွေမရှိရုံနဲ့ ပျော်ရွှင်မှုက ိုလက်လွှတ်ပစ်လိုက်ဖို့ လိုရဲ့လား စဉ်းစားကြည့်တယ်။ ဒီနေရာ ဒီပတ်ဝန်းကျင်မှာ ကိုယ်ဟာ ဘာကောင်ကြီးမှမဟုတ်ခဲ့။ မိသားစု အပန်းဖြေခရီးမှာ လိုက်ပါပျော်ဝင်ခဲ့သူသာ။ သာမန်ခရီးသွား မိသားစုတစ်စုက မိသားစုပျော်ရွှင်မှုကို မြင်လို ကြားလိုသော ကလေးနှစ်ယောက်ရဲ့ဖခင် အဖြစ်သာ။ ဒီသဘောပါပဲ။ ပျော်ရွှင်ခြင်းကို စွန်းထင်းသွားစေဖို့ လမ်းခရီးမှာ ဟိတ်ဟန်လုပ်မာန်တက်စရာ ဂုဏ်ပုဒ်တွေမလို သလို တမင်တကာ ဇာတ်နာထားတဲ့ ဇာတ်ညွှန်းဇာတ်ကွက်တွေလည်း မလိုခဲ့ဘူးပေါ့။လက် တွေ့ဘဝဆိုတာ ဤမျှသာလို့ စာတန်းထိုး လိုက်သွားကြရရုံပဲ ရှိနေသင့်တော့တာပါ။ ကိုယ်မပျော်လည်း လူတိုင်းပျော်သွားနိုင်တဲ့ နေ့စဉ်ဘဝတွေထဲ ကိုယ်မဟုတ်လည်း တခြားတစ်ယောက်မဟုတ် တစ်ယောက်ကတော့ လောကဓံအကြောင်း ညည်းညူနေတတ်ကြ မြဲ။ အဲဒီကြားထဲကမှ ကိုယ်က ဘာဖြစ်လို့များ အပိုဆာဒါး ဟင်းချိုတွေ လိုက်ပွဲတောင်းနေ ရမှာလဲပေါ့။ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး ဆိုတဲ့ စကားအတိုင်း ဘာမှဖြစ်လာစရာမရှိ လည်း ဘာမှမဖြစ်ခဲ့တဲ့အတိုင်း နေသွားကြရုံ ရှိတာပဲမဟုတ်လား။ တစ်မျိုးပြီးတစ်မျိုး ဂျီ ကျနေတတ်တဲ့ ကလေးတွေကို မရမက နှစ်သိမ့်လို့ ခရီးထွက်ကာနီး ချေးငှားလာရတဲ့ ပိုက်ဆံတချို့ကို လွယ်လင့်တကူ သုံးပစ်ရဲဖို့လောက် ကို ဘာကြောင့်များ တွေဝေလေးကန်နေစရာ လိုမှာလဲပေါ့။ ကိုယ်မရှိလည်း မိသားစုရှိတယ်။ ရှေ့မှာ မြင်နေရတဲ့ ခရီးစဉ်တစ်လျှောက် တစ်ယောက်ယောက်ကတော့ တစ်နေရာရာမှာ အကုန်အကျခံသွားဦးမှာပဲဆိုတော့ အခုလို ဆို ပျော်စရာကြီးပေါ့။
(၄)
နောက်တစ်နေ့ကျရင် ငှားထားတဲ့ ဆောင်း ရာသီကို ပြန်အပ်လိုက်ရတော့မယ်ဆိုတော့ ဖတ်လို့မပြီးခင် ရက်လွန်ကြေး မတတ်နိုင်လို့ ပြန်အပ်လိုက်ရတဲ့ စာအုပ်ကောင်းတစ်အုပ်လို နှမြောနေမိတာတော့ အမှန်ပဲ။ တကယ်လည်း တစ်ရက်တန်သည် နှစ်ရက်တန်သည် ငှားထားရတဲ့ ဆောင်းရာသီတစ်ခုပဲ ဆိုပါတော့။ တောင်ပေါ်မှာ ဘယ်လို ကုန်သွားမှန်း မသိတဲ့ အချိန်တွေနဲ့ မောပန်းမှုကို ခဏနဲ့ ပြေပျောက်စေတတ်တဲ့ အေးမြမှုနဲ့။ တစ်နေရာကနေ တစ်နေရာဆီ သွားနေပေမဲ့ ပျင်းရိ လေးကန်မနေတဲ့ ခြေလှမ်းတွေနဲ့။ အဲဒီခံစား ချက်၊ အဲဒီလိုအရသာမျိုးကို ပြန်အပ်ပစ်လိုက်ရတော့မယ်ဆိုတာ တကယ်လည်း နှမြောစရာ ကောင်းလွန်းလှပါတယ်။ ပြန်ရောက်ရင် အထပ်ထပ် ထပ်လျှော်ရတော့မယ့် အဝတ်အစား တွေ၊ ပြန်ရောက်ရင် ရှိစုမဲ့စုလေးတောင် ကုန် သွားလေဦးမလား၊ သုံးစရာနည်းနည်းလေး တောင် ကျန်ပါ့မလားဆိုတဲ့ အတွေးက လတ် တလော စိတ်ကြည်နူးမှုကို တဒေါက်ဒေါက် လာလာခေါက်တယ်။ ကြိုက်တာလေးတွေ တွေ့ရင်လည်း နောက်ကြောင်းပြန်လှည့်လို့ မရမှတော့ ခင်ရေ.. ဝယ်လိုက်ဆိုတာချည်း ပေါ့။ စားစရာရှိတာ စား၊ သွားစရာရှိတာကို သွားကြရမှာပဲပေါ့။ ပြောပြီးနေပြီမဟုတ်လား။ ခရီးထွက်လာပြီဆိုမှတော့ အပျော်အတွက် ကုန်ချင်သလောက် ကုန်ပါစေ။ ရေစက်ကိုလည်း ဆုံနိုင်တာထက် ပိုဆုံပါစေလို့ပဲ ပြော လိုက်ရမှာပဲပေါ့လေ။ အပြန်လမ်းမှာ အမြန်ကားလေးဟာ အရှိန်မသေဘဲ တစ်နေရာရာကို ဆက်သွားနေတယ်။ လူတွေကတော့ အိမ် ပြန်မရောက်ချင်သေးဘဲ လမ်းမှာ တစ်နေရာ ပြီးတစ်နေရာ ဝင်ဝင်နားနေခဲ့။ သံသရာခရီး ကို သွားနေကြသူချင်းမှာ မဆုံးတဲ့ခရီးကို ဆုံနိုင်သလောက် ထပ်ဆွဲဆန့်ပြီးတော့ ရောက်ပါစေပေါ့။ နောက်တစ်နေ့အကြောင်းတွေကို မိသားစု ခရီးထွက်နေတုန်းမှာ လာမပြောကြေးလေ။