မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းကို အဆုံးအဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များအကြား အမြော်အမြင်ရှိရှိ၊ နားလည်မှုရှိရှိ၊ ယုံကြည်မှုရှိရှိ ညှိနှိုင်းဆွေးနွေးအဖြေရှာနိုင်ရေးသည် လတ်တလော စိန်ခေါ်သံပင်ဖြစ်သည်။ သားစဉ်မြေးဆက် အရှည်တည်တံ့ခိုင်မြဲနိုင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးနှင့် ဆက်စပ်နေသည့် သော့ချက် အချိုးအကွေ့လည်းဖြစ်သည်။ ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းသည်ဖြစ်စေ၊ ပူးပေါင်း ကော်မတီ ဖွဲ့စည်းဆောင်ရွက်သည်ဖြစ်စေ ညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ရှေးရှုသင့်သည်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက် (အင်္ဂါ နေ့) တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ် တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ကျင်းပမည်ဖြစ်သည်။ အဋ္ဌမနေ့ အစီအစဉ်(လျာထားချက်) အရ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယကသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်း ကော်မတီဖွဲ့စည်းတာဝန်ပေးအပ်ရန် ဆောင်ရွက်ထားမှုနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူမည်ဖြစ် သည်။ ဇန်နဝါရီ၂၉ ရက် ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်ကတင်သွင်းခဲ့သော အရေးကြီးအဆိုကို လွှတ်တော်၏အဆုံးအဖြတ် ရယူခဲ့ပြီးဖွဲ့စည်းမည့် ပူးပေါင်းကော်မတီဖြစ်သဖြင့် ဖွဲ့စည်းပုံအကျပ်အတည်း အဖြေရှာရေး ရှေ့ခရီးနှင့်စပ်လျဉ်း၍ သော့ချက်ခြေလှမ်းတစ်လှမ်းဟု သတ်မှတ်နိုင်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကသည် ဦးသိန်းထွန်း (ကျောင်းကုန်းမြို့နယ် မဲဆန္ဒနယ်) အပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးက လက်မှတ်ရေးထိုးတင်ပြလာသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်ကို အသိပေးတင်ပြမည်ဖြစ်သည်။ ဦးသိန်းထွန်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (ပြည်ခိုင်ဖြိုး) ကိုယ်စားပြု ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီသည် ကိုယ်စားလှယ် ၄၂ ဦးနှင့်တိုင်းရင်းသား ပါတီများအပါအဝင် အခြားကိုယ်စားလှယ် ၆၃ ဦးရှိသဖြင့် လက်မှတ်ရေးထိုးသည့်ကိုယ် စားလှယ် ၁၄၃ ဦးအနက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ မလွဲမသွေပါဝင်မည်ဟု မှတ်ချက်ပြုနိုင်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ အ ခန်း (၁၂) ပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်များအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်နေ သည့်တစ်ပြိုင်နက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်း၍ တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း ပြုစု၊ တင်သွင်းသည့်လမ်းကြောင်းကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အကြောင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၃ မှသည် ၄၃၆ အထိ ပြဋ္ဌာန်းချက်များတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်း ကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရမည်ဟုသာ ဖော်ပြထားပြီး အချိန်ကာလသတ်မှတ်လျက် တင်သွင်းခွင့်ရှိသည့်အကြိမ် ကန့်သတ်ထားခြင်းမရှိသောကြောင့်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းအား လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ပြည်ထောင်စုလွှတ်တော်၌ ထပ်မံ တင်သွင်းနိုင်ခွင့်ရှိနေသည်။
ထိုနည်းတူ စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကိုလည်း လိုအပ်ပါက ထပ်မံတင် သွင်းခွင့်ရှိနေသည်ကို မျက်ခြေမပြတ်သင့်ပေ။ မြန်မာ့နိုင်ငံရေးပတ်ဝန်းကျင်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအကျပ်အတည်းသည်လည်း ပြည်တွင်းငြိမ်းချမ်းရေး အကျပ်အတည်းနည်းတူ ရေရှည်အမြင်ရှိရှိ၊ ဗျူဟာမြောက် စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးအဖြေရှာရမည့် စိန်ခေါ်ချက်ကြီးဖြစ်နေသည်ကို မျက်ခြေမပြတ်သင့်ပေ။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအနေဖြင့် ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းခဲ့သည်နှင့်အညီ ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး ဦးတည်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို တတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းအား အမြန်ဆုံး ဆွေးနွေးအပြီးသတ်နိုင်ရန် အရေးကြီးမည ်ဖြစ်သည်။ အချိန်ဆွဲသကဲ့သို့ ဖြစ်မည်ဆိုလျှင် မှန်းချက်နှင့် နှမ်းထွက် လွဲနိုင်သည်ကို ချင့်ချိန်သင့်သည်။ ပူးပေါင်းကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ညှိနှိုင်းဆွေးနွေးနေစဉ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးသည် လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦး၏ သဘောတူညီမှုနှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများ ထပ်မံတင်သွင်းခွင့်ရှိနေ သည်ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ် သည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးကော်မတီအနေဖြင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အများပြည်သူနှင့် သတင်းမီဒီယာများကို အချိန်နှင့်တစ်ပြေးညီ ပွင့်လင်းမြင်သာ အသိပေးချပြနိုင်ဖို့ အရေးကြီးမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်း ချဉ်းကပ်အဖြေရှာရေးနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်မည့် အရပ်ဘက်ခေါင်းဆောင်များနှင့် စစ်ဘက်ခေါင်း ဆောင်များအကြား တွေ့ဆုံဆွေးနွေး၍ ဆုပ်ဆုပ်ကိုင်ကိုင် သဘောတူညီချက်များ ရရှိသည်အထိ အလျင်အမြန် ဖော်ဆောင်နိုင်ဖို့ အရေးကြီးသည်ကို သတိမလစ်သင့်ပေ။
ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်တင်သွင်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ ကြမ်းသည် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဖြစ်သည်ဟု ပြောသံဆိုသံကြားနေရသည်။ ပုဒ်မ ၂၆၁ ကို ပြင်ဆင်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (ခ) အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံလျှင် အထမြောက်ပြီဖြစ်သည်။ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် အဆောတလျင် အပြီးသတ်၍ ပြင်ဆင်ရေး ခြေလှမ်းတစ်လှမ်း လက်စသတ်နိုင်ရေး ဦးတည်သင့်သည်။ မဖြစ်မနေ ပြင်ဆင်ရမည့် ပုဒ်မတစ်ခုဖြစ်သ ဖြင့် လွှတ်တော်ထဲတွင် အကျယ်ချဲ့ဆွေးနွေးနေသည်ထက် လွှတ်တော်၏အဆုံးအဖြတ်ကို ရယူ၍ ၂၀၂၀ ပြည့်နှစ်အလွန် လွှတ်တော် သက်တမ်းသစ်တွင် အမြန်ဆုံး အသက်ဝင်နိုင်ရေး ရှေးရှုသင့်သည်။
၂၀၁၅ ခုနှစ် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တာဝန်ပေးနိုင်ရေးနှင့်သက်ဆိုင်သည့် ပုဒ်မ ၂၆၁ ပုဒ်မခွဲ (ခ) (ဂ) (ဃ) (င) တို့ကို ပြင်ဆင်နိုင်ရန် လျှို့ ဝှက်ဆန္ဒမဲပေးဆုံးဖြတ်ရာ ထောက်ခံမဲ ၆၆ ဒသမ ၀၃ ရာခိုင်နှုန်းသာရရှိခဲ့သည်။ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်မရရှိခဲ့သဖြင့် ပြင်ဆင်အစားထိုးနိုင်ခဲ့ခြင်းမရှိပေ။ ၉ရာခိုင်နှုန်း ထောက်ခံမှု လိုအပ်ခဲ့ပြီး ပြည်ခိုင်ဖြိုးကိုယ်စား လှယ်များအားလုံး ထောက်ခံမဲပေးခဲ့ခြင်းမရှိ သည့်အပြင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များလည်း ထောက်ခံမှုမရှိခဲ့သဖြင့် ၉ရာခိုင်နှုန်းအလိုဖြင့် အထမမြောက် ဖြစ်ခဲ့ရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၆၁ (ခ) တွင် နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ်၊ ခန့်အပ်တာဝန်ပေးရန် ပြဋ္ဌာန်းထားပြီး အဆိုပါ ပြဋ္ဌာန်းချက်ကို ပြင်ဆင်နိုင်ပါက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအနေ ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန် ကြီးချုပ်ကို ဆန္ဒမဲပေးရွေးချယ်နိုင်မည်ဖြစ် သဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်၊ တန်းတူရည်တူခွင့်တို့နှင့်ဆက်စပ်၍ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးအခင်းအကျင်းအတွက် နိုင်ငံရေးအရ အလုံးအရင်း အထောက်အကူပြုလာနိုင်မည်မှာ ဧကန်မုချဖြစ်သည်။ သို့ဖြစ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၂၆၁ ပြင်ဆင်ရေးသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေး၊ ပြည်တွင်းငြိမ်း ချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ယုံ ကြည်မှုတည်ဆောက်ရေးတို့အတွက် ဗျူဟာမြောက်အရေးပါသော ခြေလှမ်းတစ်လှမ်းဟု သုံးသပ်ရမည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်အပေါ် အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးကို မမှိတ်မသုန် ဖော်ဆောင်နိုင်ရေး ရှေးရှုလျက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) အကျပ်အတည်း ညှိနှိုင်းဆွေးနွေး၊ အဖြေရှာနိုင်ရေးနှင့်စပ်လျဉ်း၍ ကျောချင်းကပ်ဖော်ဆောင်နိုင်ရန် အရေးကြီး မည်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအားလုံးအနေဖြင့် ပုဒ်မ၂၆၁ ပြင်ဆင်ရေး ဒုတိယအကြိမ် ပြင်ဆင်ချက် ဥပဒေကြမ်း အဆောတလျင် အပြီးသတ်ဖော် ဆောင်နိုင်ရေး အင်တိုက်အားတိုက် ဖော် ဆောင်သင့်ပါကြောင်းနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်း ကော်မတီဖွဲ့စည်း၍ ဆောင်ရွက်မည့်လမ်း ကြောင်း အဆောတလျင် ထိရောက်အလုပ် ဖြစ်နိုင်ရေး ပြိုင်တူတွန်းဖော်ဆောင်သင့်ပါ ကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။