တိုင်းရင်းသားများ၏ မျှော်လင့်ချက် (သို့မဟုတ်) ပုဒ်မ ၂၆၁

တိုင်းရင်းသားများ၏ မျှော်လင့်ချက် (သို့မဟုတ်) ပုဒ်မ ၂၆၁
၂၀၁၆ ခုနှစ် မတ် ၂၈ ရက်က ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရာထူးအတွက် အမည်စာရင်းအဆိုပြုလာခြင်းအား ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်များက ရင်ဘတ်တွင် စတစ်ကာအမည်းများကပ်၍ ကန့်ကွက်ခဲ့စဉ်
၂၀၁၆ ခုနှစ် မတ် ၂၈ ရက်က ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရာထူးအတွက် အမည်စာရင်းအဆိုပြုလာခြင်းအား ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်များက ရင်ဘတ်တွင် စတစ်ကာအမည်းများကပ်၍ ကန့်ကွက်ခဲ့စဉ်
Published 18 February 2019
ဆန်းမိုးထွန်း

NLD အစိုးရ လက်ကျန်သက်တမ်း နှစ်နှစ်ခန့်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးသည် လွှတ်တော်၌ တစ်ကျော့ပြန် အသက်ဝင်လာသည်။

မည်သူမျှ ထင်မှတ်မထားသောအချိန်တွင် လွှတ်တော်၌ ဖွဲ့စည်းပုံပြင်ဆင်ရန် NLD၏ ကြိုးပမ်းလာမှုသည် ပြည်သူများနှင့် နိုင်ငံရေး လေ့လာစောင့်ကြည့်နေသူများကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် NLD ပါတီအာဏာရရှိသည့် ၂၀၁၆ ခုနှစ် မှစ၍ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်လမ်းကြောင်းမှ မသွားဘဲ ငြိမ်းချမ်းရေးလမ်းကြောင်းမှ တစ်ဆင့် ပြုပြင်ရန်ကြိုးပမ်းနေရာမှ ရုတ်ခြည်းလွှတ်တော်လမ်းကြောင်းအတိုင်း ပြင်ဆင်ရန်ကြိုးစားခြင်းသည် ပြည်သူများ ထင်မှတ်မထား သောအချိန်ဖြစ်သည့်အတွက် အံ့အားသင့်စေသည်မှာ အမှန်ပင်။

ထိုသို့ ပြည်သူများ အံ့အားသင့်စေသည်သာမက တိုင်းရင်းသားများ၏ မျှော်လင့်ချက်များကို လည်း တစ်ဖန်ပြန်လည်၍ လင်းပလာခဲ့သည်။

တိုင်းရင်းသားများ၏ မျှော်လင့်ချက်သည်ကား အခြားမဟုတ်။ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် လွှတ်တော်များက ရွေးချယ်ခန့်အပ်နိုင်ရေးပင် ဖြစ်သည်။

 

■ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ခြင်း

ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက် က ပြည်ထောင်စုလွှတ်တော်တွင် NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီတစ်ရပ် ဖွဲ့စည်းရန် အရေးကြီးအဆို တင်သွင်းခဲ့သည်။

ယင်းအဆိုအား ဦးအောင်ကြည်ညွန့်က တင်သွင်းကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က စပြီးအသိပေးချိန်မှာပင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က လုပ်ထုံးလုပ်နည်းနှင့် မညီဟုဆိုကာ ကန့်ကွက်ပြောဆိုမှုရှိခဲ့ပြီး တင်းမာမှုများရှိခဲ့သည်။

ယင်းနေ့ မွန်းလွဲပိုင်း၌ ဦးအောင်ကြည်ညွန့်၏ အဆိုတင်သွင်းပြီးချိန်တွင် တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်က စတင်ကန့်ကွက်သည်။ ဗိုလ်မှူးချုပ်မောင်မောင်၏ ကန့်ကွက်မှုနှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် နာယကက လက်မခံကြောင်း ကြေညာပြီးချိန်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်အားလုံးက မတ်တတ်ရပ်ကာ အရေးကြီးအဆိုကို မဲခွဲဆုံးဖြတ်ရန် မလိုအပ်ကြောင်းနှင့် ဥပဒေနှင့်မညီကြောင်း တုံ့ပြန်သည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အခြေခံဥပဒေအခန်း (၁၂) ပါ ပုဒ်မ ၄၃၃ မှ ၄၃၆ အထိ ပြဋ္ဌာန်းချက်အတိုင်း၊ ပြည်ထောင်စုလွှတ် တော်နည်းဥပဒေအခန်း (၁၈)ပါ ပုဒ်မများအတိုင်း ဆောင်ရွက်ရမည်ဟု ရပ်တည်ခဲ့သည်။

ထိုသို့ တပ်မတော်သားကိုယ်စားလှယ်များဘက်က လုပ်ထုံးလုပ် နည်းနှင့်မညီဟုဆိုကာ ကန့်ကွက်မှု များရှိသော်လည်း ယင်းအဆိုကို ဖေဖော်ဝါရီ ၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးနောက် ဒုတိယနာယကအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေး၍ နိုင်ငံရေးပါတီအသီးသီးနှင့် တပ်မတော်သား ကိုယ်စားလှယ်အရေအတွက် အချိုးကျပါဝင်ဖွဲ့စည်းမည် ဖြစ်သည်။

 

■ ပြည်ခိုင်ဖြိုးတင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်း

ထိုသို့  ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စည်းရန် ဆောင်ရွက်နေသော်လည်း အငြင်းပွားမှုများ ရှိနေချိန်တွင် ပြည်ခိုင်ဖြိုး ပါတီက ပုဒ်မ ၂၆၁ တစ်ခုတည်းကိုသာ ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံ အခြေ ခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်း ကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ရာခိုင်နှုန်း ၂၀ မှ တင်ပြလာပါက လွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်း ၁၂  တွင် ပါရှိသည့်အတွက် ယင်းဥပဒေကြမ်းတင်သွင်းရာတွင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တပ်မတော်သားကိုယ်စား လှယ်များအပြင် တိုင်းရင်းသားပါတီအချို့မှ ကိုယ်စားလှယ်များလည်း ပါဝင် လက်မှတ်ရေးထိုး၍ တင်ခဲ့ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ  ၂၆၁ ပါပြဋ္ဌာန်းချက်များအရ ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတက သက်ဆိုင်ရာလွှတ်တော်သဘောတူညီချက်ဖြင့် ခန့်အပ်ခြင်းဖြစ်သည်။ အဆိုပါ ပြဋ္ဌာန်းချက်ကို သက်ဆိုင်ရာ လွှတ်တော်များက ရွေးချယ်ခန့်အပ်နိုင်ရန်ပြင်ဆင်၍ တင်သွင်းခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

“ဒါမှလည်း အမျိုးသားညီ ညွတ်ရေးရော၊ နောက်တစ်ခါ တိုင်းရင်းသားတွေရဲ့အခွင့်အရေးရော၊ နောက်တစ်ခုက လွတ်လပ်ပြီး တရားမျှတတဲ့အခွင့် အရေးတွေရော ဒါတွေ ပိုပြီးတော့ ရလာနိုင်မယ်ဆိုတဲ့ မျှော်မှန်းချက်ပေါ့။ နောက်တစ်ခါ အပေါ်ကနေ ပြီးတော့ ဗဟိုချုပ်ကိုင်မှုပေါ့။ ဒါလေးတွေ လျော့ပါးသွားဖို့ ဒါလေးတွေ တွေးပြီးတော့မှ ဒီဥပဒေကို  ဦးဆုံး ပြင်လိုက်တာပါ” ဟု ဦးသောင်းအေးက ရှင်းပြသည်။

အခြေခံဥပဒေပုဒ်မ ၂၆၁ သည် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက သဘောတူရမည့်အပြင် လူထု ဆန္ဒခံယူပွဲဖြင့် အတည်ပြုပြင်ဆင်ရန် လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်လည်း ဖြစ်သည်။

 

■ ပထမအကြိမ်လွှတ်တော်တွင် ပုဒ်မ ၂၆၁ ပြင်ဆင်မှုအခြေအနေ

ပထမအကြိမ်ပြည်ထောင်စု လွှတ်တော်တွင် ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ခန့်အပ်နိုင်ရေး  အခြေခံဥပဒေပါ ပုဒ်မကို ပြင်ဆင်ပေးရန် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုဆွေးနွေးခဲ့ကြသော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ယင်းပုဒ်မကို ပြင်ဆင်ခြင်းမပြုရန် ကန့်ကွက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ဇူလိုင် ၁ ရက်တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ အခြေခံဥပဒေပြင်ဆင်ရေး ဒုတိယပိုင်းအဖြစ် ပုဒ်မ ၄၃၆ (ခ)နှင့် သက်ဆိုင်သော ပုဒ်မများဖြစ်သည့် ပုဒ်မ ၂၆၁ (ခ)၊ (ဂ)၊ (ဃ) နှင့် (င) တို့ကို ပြင်ဆင်၍ ပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များအား သမ္မတက တိုက်ရိုက်ခန့်အပ်ခြင်းမပြုဘဲ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များက ရွေးကောက်တင်မြှောက်နိုင်မည့် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းပါ အချက်များကို တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့သော်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက မူလအတိုင်းထားရှိရန် ဆွေးနွေးခဲ့သည်။

“ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ လွှွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်ခွင့်ရရေး ကိစ္စရပ်ဟာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အသက်တမျှအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဒါတွေပြင်မှ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မယ်။ လွှတ်တော်က ဒါကို ပြင်မပေးနိုင်ရင် တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေကြားမှာ ယုံကြည်မှုပျက်ပြီး ထာဝရ ငြိမ်းချမ်းရေးရဖို့ အလှမ်းဝေးသွားနိုင်ပါတယ်”ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ကချင်တိုင်းရင်းသား ဦးစံပြည့်က ပြောသည်။

ထိုကဲ့သို့ ဝန်ကြီးချုပ်များကို သက်ဆိုင်ရာလွှတ်တော်များက တိုက်ရိုက်ရွေးကောက် တင်မြှောက်မည်ဆိုပါက ဝန်ကြီးချုပ်များအပေါ် သက်ဆိုင်ရာလွှတ်တော်များက သြဇာလွှမ်းမိုးနိုင်ပြီး မလိုလားအပ်သည့်ကိစ္စရပ်များ ပေါ်ပေါက်လာနိုင်သဖြင့် ပြင်ဆင်ခြင်းမပြုဘဲ မူလအတိုင်းသာထားရှိရန် ဗိုလ်မှူးချုပ်အောင်ကျော်က ပြန်လည်ဆွေး နွေးခဲ့သည်။

“ဥပဒေတစ်ရပ်ဟာ နိုင်ငံသားများအတွက် အကျိုးမရှိဘူးဆိုရင် ပြင်ဖို့၊ ဖြေလျှော့ဖို့ ပြုလုပ်ဖို့လိုကို လိုပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဒါကို ကန့်ကွက်တာ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီလိုဥပဒေကို ပြင်ဖို့ ကန့်ကွက်တာဟာ တိုင်းပြည်ကိုချစ်သလား၊ နှစ်သလားဆိုတာ စဉ်းစားသင့်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ချင်း တိုင်းရင်းသား ဦးပေါ်လျှံလွင်က ပြောသည်။

အခြေခံဥပဒေပြင်ဆင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ တပ်နှင့်အရပ်ဘက် ဆက်ဆံရေးမှာ ပို၍ ဝေးကွာသောသဘောကို ဆောင်နေပြီဖြစ်ပြီး တိုင်းရင်းသားများနှင့်ပတ်သက်သည့် အချက်များကို ပြင်ဆင်ခြင်းမပြုရန် ဆွေးနွေးမှုများအား ပြန်လည်စဉ်းစားသုံးသပ်၍  လာမည့်ရက်သတ္တပတ် မဲခွဲသည့် ကာလတွင် အတွေးအမြင်များ ပြောင်းလဲပေးကြရန် မေတ္တာရပ်ခံကြောင်း လွှတ်တော် ကိုယ်စားလှယ် ရခိုင်တိုင်းရင်းသား ဒေါက်တာအေးမောင်က ပြောသည်။

“ပြုပြင်သင့်တာကို မပြုပြင်ရင် အကျပ်အတည်းတစ်ခုကို တွန်းပို့တဲ့ သဘောဖြစ်သွားမယ်ဆိုတာ သတိပြုသင့်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၅ ဇူလိုင် ၂ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ အခြေခံ ဥပဒေပြင်ဆင်ရေး ဒုတိယပိုင်းအ ဖြစ် ပုဒ်မ ၄၃၆ (ခ) နှင့်သက်ဆိုင်သည့် ပြင်ဆင်ရေးဥပဒေကြမ်းပါ ပုဒ်မများကို လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက “ခေတ်နဲ့ လိုက်လျောညီမှု မရှိရင် ပြင်သင့်တာကို ပြင်ရပါမယ်။ လက်ရှိအနေအထားအရ တပ်က သဘောမတူရင် ဘယ်ပုဒ်မမှ မပြင်နိုင်တဲ့သဘော ဖြစ်နေပါတယ်။ အခု အနည်းငယ်လောက် ကလေးပြင်ချင်တာကိုတောင် ၂၅ ရာခိုင်နှုန်းက  မထောက်ခံလို့ မပြင်နိုင်ပါဘူး” ဟု ပြောကြားသည်။

မိမိတို့ တိုင်းရင်းသားများသည် ဖက်ဒရယ်လိုလားသူများဖြစ်ပြီး ဖက်ဒရယ်သည် ပြည်ထောင်စုမှ ခွဲထွက်လိုသောသဘော မဟုတ်ကြောင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များသည် ရှိကိုရှိရမည့် အရာများဖြစ်သည့်အတွက် ဝန်ကြီးချုပ် ခန့်အပ်ရေးနှင့် ပတ်သက်သည့် ပုဒ်မ ၂၆၁ မှာ မပြင် မဖြစ်ပြင်ဆင်ရမည့် ပုဒ်မဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က ပြောသည်။

လက်ရှိအနေအထားတွင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ သဘောတူညီမှုမရှိပါက အခြေခံဥပဒေကို ပြင်ဆင်နိုင်မည်မဟုတ်သောကြောင့် အဆိုပါ ကိစ္စရပ်အား တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက မူလအတိုင်းထားရှိရန် ဆွေးနွေးခဲ့ပြီး မဲခွဲသည့်အခါတွင်လည်း ၎င်းအချက်ကို ကန့်ကွက်မည်ဆိုပါက မိမိတို့အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ထိခိုက်မည်ကို စိုးရိမ်နေမိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များ ပြောကြားခဲ့သည့်အတိုင်းပင် ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်မဲပေးခဲ့သည့်အတွက် ပထမအကြိမ် လွှတ်တော်တွင် ပုဒ်မ ၂၆၁ ပြင်ဆင်မှုမှာ အရာမထင်ခဲ့ပေ။

 

■ NLD လက်ထက် ရခိုင်လွှတ်တော်တွင် ပွတ်တိုက်မှု

၂၀၁၅ အထွေထွေရွေးကောက်ပွဲပြီးဆုံးချိန်တွင် NLD ပါတီသည် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီး ပြည် ထောင်စုလွှတ်တော်တွင် ရွေး ကောက်ခံကိုယ်စားလှယ်ဦးရေ ရာခိုင်နှုန်း ၈၀ ကျော်သိမ်းပိုက်နိုင်ခဲ့ သည့်အတွက် အစိုးရဖွဲ့နိုင်ခဲ့သည်။

သို့သော်ပြည်နယ်လွှတ်တော် အချို့တွင်မူ အနိုင်ရရှိမှုတွင် NLD ပါတီအနေဖြင့် ဌာနေတိုင်းရင်းသား ပါတီများထက် ကိုယ်စားလှယ်ဦးရေ  လျော့နည်းခဲ့သည်။

အထင်ရှားဆုံးအနေဖြင့် ရခိုင်ပြည်နယ်တွင် မဲဆန္ဒနယ် ၃၄ နေရာ ရှိသည့်အနက်  NLD ပါတီက ကိုး နေရာသာနိုင်ပြီး ရခိုင်အမျိုးသားပါတီ (ANP) က ၂၃ နေရာအထိ အနိုင်ရရှိခဲ့သည်။ ကျန်နှစ်နေရာတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့သည်။

ထိုသို့ ရခိုင်ပြည်နယ်တွင် နေရာအများစုအနိုင်ရရှိခဲ့သည့်အတွက် ရခိုင်ပြည်နယ်အစိုးရဖွဲ့စည်း ရေးနှင့်ပတ်သက်ပြီး ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် ANP ပါတီတို့ နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့ သည်။

“ကျွန်တော်တို့က အများစု အနိုင်ရတဲ့ပါတီ၊ အများစုပြည်သူကို ကိုယ်စားပြုတဲ့ပါတီမို့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စည်ပင်ဧည့်ရိပ်သာ မှာ ဆွေးနွေးတဲ့အခါမှာ ကျွန်တော်တို့ကို ဝန်ကြီးချုပ်နေရာကို ပေးပါလို့ တောင်းဆိုတယ်။ အဲဒါကလည်း သူ့အနေနဲ့ ဒီမိုကရေစီ ဖက်ဒရယ်လို့ အမြဲတမ်းပြောနေတဲ့အတွက်  ကျွန်တော်တို့က တောင်းတာ။ အများစုကို ကိုယ်စားပြုတဲ့သူပဲ ဖြစ်သင့်တာပေါ့” ဟု ANP ပါတီမှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဖေသန်းက ယင်းတွေ့ဆုံမှုနှင့်ပတ်သက်၍ ရှင်း ပြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နေရာနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီသည် ပြည်နယ်ဝန်ကြီး ချုပ်နေရာနှင့် ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့်မရပါက မည်သည့် အစိုးရအဖွဲ့တွင်မှ ပါဝင်ခြင်း မပြုဘဲ အတိုက်အခံအဖြစ် ဆက်လက်ရပ်တည်မည်ဟု ၂၀၁၆ ဇန်န ၀ါရီတွင် ထုတ်ပြန်ကြေညာသည်။

၂၀၁၆ မတ်လတွင်လည်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းမှ ဒေသခံအချို့က ရခိုင်အမျိုးသား ပါတီ၏ သဘောထားထုတ်ပြန် ချက်အတိုင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ဖွဲ့စည်းရာတွင် ဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့သည်။

သို့သော် NLDပါတီအနေဖြင့် ၎င်းတို့၏ ရခိုင်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးညီပုကိုသာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် သမ္မတက ရွေးချယ်ခဲ့ပြီး လွှတ်တော်က အတည်ပြုခန့်အပ်ခဲ့သည်။

ထိုထက်ဆိုးသည်က နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော် အဆိုပြုထားသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၏ အမည်ကို ပြည်နယ်လွှတ်တော်၌ ကြေညာသည့်အချိန်တွင် ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်ခန်းမအတွင်းမှ ထွက်ခွာပြီး သပိတ်မှောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်မတ်၂၈ ရက်က ပြုလုပ်သည့် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ရခိုင် အမျိုးသားပါတီလွှတ်တော်ကိုယ်စားလှယ်များက ရင်ဘတ်တွင် စတစ်ကာအမည်းများကပ်၍ ကန့်ကွက်ကြောင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

“ NLD အနေနဲ့ ရခိုင်ပြည်နယ်ဘက်မှာ တော်တော်သဘောပေါက်ဖို့ ကောင်းတယ်။ ရခိုင်ပြည်နယ်အစိုးရက ရခိုင်ပြည်နယ်လွှတ်တော်နဲ့ အတိုက်အခံဖြစ်သွားတယ်။ အများစု အနိုင်ရတဲ့ ANP ပါတီကို ရခိုင်ပြည်နယ်အစိုးရနဲ့ လက်တွဲပြီး မလုပ်နိုင်အောင်အထိ ဖြစ်သွားတာပေါ့။ ရခိုင်ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်က သီးခြားစီ ဖြစ်သွားတယ်။ အတိုက်အခံဖြစ်သွားတယ်။ အဲဒါ ပြည်နယ်အတွက် အလားအလာ မကောင်းဘူး”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။

 

■ ပုဒ်မ ၂၆၁ အပေါ်  တပ်မတော်၏သဘောထား

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရာတွင် ပုဒ်မ ၂၆၁ သည် တပ်မတော်သားကိုယ်စား လှယ်အစုအဖွဲ့၏ ထောက်ခံမှုမရခဲ့ သဖြင့် မအောင်ခဲ့ပေ။

သို့သော် နောက်သုံးနှစ်အ ကြာ ၂၀၁၈ ခုနှစ်တွင် ယင်းပုဒ်မနှင့် ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်က ပြင်ဆင်သင့်ကြောင်း စပြောလာသည်။

၂၀၁၈ အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်သော NCA သုံးနှစ်ပြည့်အခမ်းအနား၌  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၁၅ အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် တိုင်းဒေသ ကြီး၊ ပြည်နယ်များ၏ လုပ်ပိုင်ခွင့် တိုးချဲ့ပေးခဲ့သည်ကိုတွေ့ရမည် ဖြစ်ကြောင်းနှင့် လိုအပ်ပါက ထပ်မံ ဆွေးနွေး တုုိးချဲ့နိုင်ရေးဆောင်ရွက် ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

“၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာခဲ့တဲ့အချို့ တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားအရ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေမှာ မဲအများဆုုံးရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့မဲနဲ့ပဲ တုုိင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေကို ရွေးကောက် တင်မြှောက်နိုင်ခွင့်ဟာလည်း ထည့်သွင်းစဉ်းစားရမယ့်ကိစ္စတစ်ရပ်ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆုုိသည်။

ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက် ပြည်ထောင်စုလွှတ်တော်ခေတ္တရပ်နားချိန်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တရားဝင်ပြောကြားထားပြီးဖြစ်သည့်အပြင် တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်များကလည်း ဖွဲ့စည်းပုံ၌ လိုအပ်မည့်အချက်များကို ပြင်ဆင်ရန်အတွက် စဉ်းစားထားသည်များ ရှိပြီး ပြင်ဆင်ချင်သည့်အချက်များရှိကြောင်း မီဒီယာများကို ပြောကြားသည်။

“ကျွန်တော်တို့က ဖွဲ့စည်းပုံ ပြင်ဖို့အတွက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြောထားတယ်။ တရားဝင်။ ကျွန်တော်တို့အနေနဲ့ကလည်း လိုမယ့်အချက် တွေကို ပြင်ဖို့အတွက်ကို ကျွန်တော်တို့လည်း စဉ်းစားမိတာတွေရှိတယ်။ ပြင်ချင်တာတွေ ရှိပါတယ်။ ပြင်လို့ရပါတယ်” ဟု ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

ယခင် ဖွဲ့စည်းပုံပြင်ဆင်ခြင်းနှင့်ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသာ ထွက်ပြောလေ့ရှိပြီး ယခုအခါတွင် တပ်မတော်သားကိုယ်စားလှယ်များက ပြောကြားခြင်းသည် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ သို့သော် မည်သည့်ပုဒ်မများကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချင်သနည်းဟု မီဒီယာများ၏မေးမြန်းမှုအပေါ် သီးခြားထုတ်ပြော၍မရကြောင်း ဗိုလ်မှူးချုပ်မောင်မောင်က ဆိုသည်။

ထို့ပြင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ၂၆၁ ပါရှိသည့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန်ဆိုသည့် အချက်နှင့် ပတ်သက်၍ပြင်ဆင်ရန် တပ်မ တော်သဘောထားကို မီဒီယာများ ကမေးမြန်းရာတွင် ဗိုလ်မှူးချုပ်မောင်မောင်က ပြင်သင့်ကြောင်း မှတ်ချက်ပြုသည်။

“အခုဆိုရင် ရခိုင်မှာ ပြဿနာ တော်တော်တက်တယ်။ ရှမ်းမှာ ပြဿနာ တော်တော်တက်တယ်။ သက်ဆိုင်ရာပါတီက မဲအများကြီးနိုင်တယ်။ ဒါပေမဲ့လည်း အစိုးရကနေ ချပေးထားတဲ့ ဝန်ကြီးချုပ်နဲ့ ဖြစ်တဲ့အတွက် သက်ဆိုင်ရာလွှတ်တော်နဲ့ သက်ဆိုင်ရာ ဝန်ကြီးချုပ်နဲ့ အမြဲတမ်းပြဿနာတွေ ဖြစ်နေတဲ့ ကိစ္စဖြစ်တယ်။ ဒါကို ပြေလည်သွားဖို့ ဆိုရင်တော့ ရှင်းရှင်းပြောရင် ပြင်တော့ပြင်သင့်တာပေါ့”ဟု ၎င်းက ဖြေကြားသည်။

ထိုသို့ တပ်မတော်၏ သဘောထားပြောင်းလဲလာမှုသည် ပြည်ထောင်စုအစိုးရ၏ ချိန်ခွင်လျှာကို ညှိချင်သည့် သဘောဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။

“တပ်မတော်အနေနဲ့ကလည်း ဒီမိုကရေစီ လိုလားတယ် ပြောပြော၊ ဖက်ဒရယ်လိုလားတယ် ပြောပြော နောက်ထပ်တွေးနိုင်တာကတော့ ပြည်ထောင်စုအစိုးရရဲ့ ချိန်ခွင်လျှာကို သူက ညှိချင်တဲ့ သဘောလည်း ရှိမှာပေါ့။ ပြည်ထောင်စုကနေပြီးတော့ အကုန်လုံး ချုပ်ကိုင်ထားတာကို သူ့အနေနဲ့ ကြိုက်ချင်မှ ကြိုက်မယ်။ ဘယ်လိုပဲရှိရှိ တပ်မတော်ပြောတာက မှန်တယ်။ ဖက်ဒရယ်သွားမယ်ဆို ဒါက လုပ်ကိုလုပ်ရမယ့် ကိစ္စဖြစ်တယ်။ ပါ၀ါခွဲဝေမှုကို ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရကြားမှာ မျှတအောင်လုပ်ပေးနိုင်မယ်လို့ ယုံကြည်တယ်။ အရင်ကကန့်ကွက်တဲ့သူတွေက ထောက်ခံလာတယ်ဆိုတော့ ကျွန်တော်တို့အများကြီး မျှော်လင့်ချက်ရှိတယ်” ဟု ဦးဖေသန်းက ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်ကမူ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်သင့်သည့် အချိန်ရောက်လာသည့်အတွက် ပြင်ဆင်ရန် ပြောလာခြင်း ဖြစ်ကြောင်း မှတ်ချက်ပြုသည်။

“ပထမအကြိမ်ပြင်တုန်းက တပ်မတော်သားကိုယ်စားလှယ်တွေ သဘောမတူခဲ့ဘူးဆိုတာ အဲဒီ အချိန်တုန်းက ပြင်ဆင်ဖို့ အချိန် မကျသေးဘူးလို့ ယူဆတာကြောင့် ဖြစ်နိုင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာ အဲဒါက ပြောင်းသွားတာ ဖြစ်မယ်။ ရှမ်းပြည်နယ် လွှတ်တော်တို့လို ရခိုင်ပြည်နယ် လွှတ်တော်တို့မှာ ဖြစ်လာတဲ့အခါကျတော့ ပြင်ဖို့လိုအပ်လာလို့ သူတို့ပြောလာတဲ့ အခြေအနေဖြစ်လာတာပေါ့။ ပြင်ဆင်သင့်တဲ့ အချိန် ရောက်လာလို့ တပ်မတော်ဘက်က ပြင်ဆင်သင့်တယ်လို့ ပြောလာတာ ဖြစ်မယ်လို့ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပုဒ်မ ၂၆၁ ပြင်ဆင်ရန် တပ်မတော်က အသံထွက်လာခြင်းသည် ပြုပြင်ပြောင်းလဲမှုကို မျက်နှာမူ လိုက်သော ပုံစံဖြစ်ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက သုံးသပ်သည်။

 

■ တိုင်းရင်းသားများ မျှော်လင့်ချက်

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ တိုင်းနှင့်ပြည်နယ် လွှတ်တော်များတွင် သမ္မတက ရွေးချယ်ပေးသည့် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များကိုသာ လွှတ်တော်က အတည်ပြုလက်ခံပေးခဲ့ရသည်။

NLD အစိုးရ အာဏာရရှိချိန်တွင် တိုင်းရင်းသားများက သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်ခန့်အပ်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်နှင့်ပြည်နယ်လွှတ်တော်တွင် အများဆုံး အနိုင်ရရှိသည့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်တစ်ဦးကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပေးရန် မျှော်လင့်ခဲ့ကြသော်လည်း တိုင်းရင်းသားတို့၏ မျှော်လင့်ချက်က ဖြစ်မလာခဲ့ပေ။

ထိုသို့ ဖြစ်မလာသော်လည်း တိုင်းရင်းသားများက လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းကာ ခန့်အပ် တာဝန် ပေးခြင်းထက် ၎င်းတို့ ရွေးချယ်တင်မြှောက်သည့်  ကိုယ်စားလှယ်များ၏ ဆန္ဒမဲမှတစ်ဆင့် ပြည်နယ်ဝန် ကြီးချုပ်ကို တိုက်ရိုက်ခန့်အပ်နိုင်ရေးအတွက် ပုဒ်မ ၂၆၁ ကို ပြင်ဆင်လုုိကြသည်။

ထိုကိစ္စသည် ယခုမှ တောင်းဆိုခြင်းမဟုတ်ဘဲ ညောင်နှစ်ပင် ညီလာခံကတည်းကပင် တိုင်းရင်းသားများက တောင်းဆိုခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း ကချင်ပြည် နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ရှင်းပြသည်။

“ကျွန်တော်တို့က ညောင်နှစ်ပင်ညီလာခံကတည်းက ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ် လွှတ်တော်ကပဲ တင်မြှောက်ဖို့ မဲနိုင်တဲ့ကိုယ်စားလှယ်တွေထဲက လွှတ်တော်ထဲမှာ အများစုထောက်ခံမှုရတဲ့ ပုဂ္ဂိုလ်ကနေ ဝန်ကြီးချုပ်ဖြစ်လာဖို့ ဒါက ဒီမိုကရေစီနည်းလမ်းတကျဖြစ်တယ်။ သမ္မတက တိုက်ရိုက်ခန့် တယ်ဆိုတာတော့ ဒီမိုကရေစီနည်း လမ်း မကျဘူးလို့ တင်ပြခဲ့ဖူးတယ်။ ဒါပေမဲ့ မဖြစ်ခဲ့ဘူး။ အခုလည်းပဲ ကျွန်တော်တို့က အဲဒီပုံစံမျိုး လိုချင်တယ်”ဟု ဒေါက်တာတူးဂျာက ဆို သည်။

တိုင်းရင်းသားများ တောင်းဆိုနေသော်လည်း သက်ဆိုင်ရာ တိုင်း နှင့်ပြည်နယ် လွှတ်တော်များတွင် အများဆန္ဒမဲဖြင့် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်ကို ရွေး ကောက်တင်မြှောက်မည်ဆိုပါ က ဖြစ်လာနိုင်ဖွယ်ရှိသည့် ပြဿနာတစ်ခုကိုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ထောက်ပြသည်။

“များရာဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်လိုက်မယ်ဆိုရင်တော့ တကယ့်မူလရည်ရွယ်တဲ့ဟာက ပျောက်သွားနိုင်တဲ့အနေအထား မှာရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ဥပမာ ရှမ်းပြည်နယ်ကိုပဲကြည့်ပါ။ ရှမ်းပြည်နယ်လွှတ်တော်မှာက အများဆုံးက ၃၀ ကျော်နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ရှိပါတယ်။ ဒုတိယက ပြည်ခိုင်ဖြိုးပါတီပေါ့။ ပြီးမှ ကျွန်တော်တို့ SNLD လာမယ်။ ပြီးတော့ NLD ပေါ့။ အဲဒီ လိုအခြေအနေမျိုးမှာ များရာဆန္ဒမဲနဲ့ ရွေးမယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေက အများစု ဖြစ် နေတယ်။ ဒါကြောင့် တပ်မတော်ကိုယ်စားလှယ်တွေက ဆန္ဒရှိတဲ့ ပုဂ္ဂိုလ်ကို ရွေးကောက် တင်မြှောက် ခွင့်ရသွားပြီဆိုရင် အဲဒီမှာ နည်းနည်းမေးခွန်း ထုတ်စရာရှိလာနိုင်တာက ဝန်ကြီးချုပ်က သူ့ဒေသတွင်း ရှိတဲ့သူတွေကို တကယ်ကိုယ်စားပြုတဲ့သူ ဖြစ်နိုင်မလားဆိုတဲ့ကိစ္စ ဖြစ်လာပါလိမ့်မယ်” ဟု ဦးစိုင်း သီဟကျော်က ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ကျွန်တော်တို့က ပုဒ်မ၂၆၁ ကို အရင်လွှတ်တော်ကတည်းက ပြင်ခဲ့သလို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ် တွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်လွှတ်တော်က လျှို့ဝှက် မဲစနစ်နဲ့ ရွေးချယ်ရမယ်ဆို ဒါက ပြတ်တယ်။ အဲဒါက အများစုနိုင်တဲ့ပါတီက ရချင်လည်းရမယ်။ မရချင် လည်း မရဘူး။ ဒေသခံ တိုင်းရင်း သားပါတီတွေက အင်အားနည်းရင် အပြတ်အသတ်မနိုင်ဘူးဆိုရင်တော့ တပ်မတော်က ကြားခံဖြစ် သွားမှာပေါ့။ ဆိုလိုတာက တပ်မတော်ရဲ့ အင်အားက ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာဆိုရင် ၁၂ မဲ ရှိ တယ်။ သက်ဆိုင်ရာလွှတ်တော်က ရွေးမယ်ဆိုရင် သူတို့မဲလည်း အရေးကြီးတယ်။ မဲအပြတ်အသတ် မနိုင်ဘူးဆိုရင် ၄၇ နေရာမှာ အများစုမနိုင်ဘူးဆိုရင် တပ်မတော်က ကြားခံဖြစ်သွားမယ်။ သူပေးချင်တဲ့ ပါတီကို ပေးလို့ရတဲ့ သဘောမျိုး ဖြစ်သွားမယ်။ အပြတ်အသတ်နိုင် မယ်ဆိုရင်တော့ တပ်မတော်ရဲ့ အဆုံးအဖြတ်မဟုတ်တော့ဘူး။ အပြတ်အသတ်နိုင်တဲ့ ပါတီ မဲအများစုနိုင်တဲ့ပါတီက ဖြစ်စေချင်တယ်ဆိုရင် သက်ဆိုင်ရာ လွှတ်တော်ကနေ ရွေးလိုက်တာ အကောင်းဆုံးပဲ။ ကျွန်တော်ကတော့ အဲဒီလိုပဲ ဖြစ်စေချင်တယ်”ဟု ၎င်းက ပြောသည်။

ထိုသို့သောအခြေအနေများကို ပြန်လည်သုံးသပ်ကြည့်မည် ဆိုလျှင် ပုဒ်မ ၂၆၁ ကို ပြင်ဆင် လိုက်သော်လည်း သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် လွှတ်တော်တွင် တိုင်းရင်းသား ပါတီများအနေဖြင့် ကိုယ်စားလှယ်အများစု အနိုင်မရ ရှိခဲ့ပါက တပ်မတော်ကိုယ်စားလှယ်အစုအဖွဲ့၏ ရွေးချယ်တင်မြှောက်သော သူသည်သာ ဝန်ကြီးချုပ်ဖြစ်နိုင်သည့် သဘောဖြစ်နေသည်။

သို့ဆိုလျှင် ပုဒ်မ ၂၆၁ ကို ပြင်ဆင်မည်လား သို့မဟုတ် မပြင်ဆင်ဘူးလားဆိုသည့် ၀ိ၀ါဒ ကွဲပြားမှုများက ဖြစ်လာနိုင်ဖွယ်ရှိသည်။ လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်သို့ ပေးပို့ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေမူကြမ်းတွင် ပုဒ်မ ၂၆၁ တစ်ခုတည်းကိုသာ ပြင်ဆင်ရန် ဥပဒေကြမ်း တင်သွင်းထားသည် ဆိုသော်လည်း မည်သို့ပြင်မည်ဆိုသည်ကို မသိရှိရသေးသည့်အတွက် တိုင်းရင်းသားလွှတ်တော်ကိုယ် စားလှယ်များက စောင့်ကြည့်နေကြ သည်။

“ပုဒ်မ ၂၆၁ ကို ဘယ်လိုအခြေအနေဖြစ်အောင် ပြင်မှာလဲဆိုတာက သေချာကွဲကွဲပြားပြား မသိရသေးတော့ ပြောရခက်ပါတယ်။ တပ်မတော်ရဲ့ ဆန္ဒသဘောထား နဲ့အညီ မဖြစ်လာဘူးဆိုရင်တော့ တပ်မတော်က လက်ခံဦးမှာ မဟုတ်ဘူး။ တပ်မတော်လက်မခံသရွေ့ ဒီပြင်ဆင်ချက်က အောင်မြင်နိုင် လိမ့်မယ်လို့ မမြင်ဘူး။ အဲဒီတော့ ဖြစ်နိုင်ခြေရှိတာက ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာ တပ်မတော်သားကိုယ်စားလှယ် တွေ အားလုံးပါ မဲပေးခွင့်ရပြီးတော့ ဝန်ကြီးချုပ်ကို ရွေးကောက်တင်မြှောက်နိုင်တဲ့အခြေအနေမျိုး ဖြစ်မှသာ တပ်မတော်က လက်ခံနိုင်လိမ့်မယ်လို့ ကျွန်တော့်တစ်ယောက်တည်းရဲ့ သဘောထားအမြင်ကို ပြောချင်ပါတယ်” ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ဆိုသည်။

လက်ရှိတွင် NLDပါတီက ဖွဲ့ စည်းပုံပြင်ဆင်ရန် ပူးပေါင်းကော်မတီဖွဲ့စည်းခြင်း၊ ပြည်ခိုင်ဖြိုးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေမူကြမ်း တင်သွင်းထား ခြင်း၊ တပ်မတော်ဘက်က ပုဒ်မ၂၆၁ ကို ပြင်ဆင်ရန် မီးစိမ်းပြထားခြင်းနှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များကလည်း ဖွဲ့စည်းပုံပြင်ဆင်ရန် စိတ်အားထက်သန်နေကြသည့် အချိန်ဖြစ်သောကြောင့် တိုင်းရင်းသားများ၏ မျှော်လင့်ချက် (သို့မဟုတ်) ပုဒ်မ ၂၆၁ ကို ယခု အစိုးရ လွှတ်တော်လက်ကျန် သက်တမ်း နှစ်နှစ်အတွင်း ပြင်ဆင်နိုင်ခြင်း ရှိ၊ မရှိ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

“အခု ပြည်ခိုင်ဖြိုးကတင်ပြီး တပ်မတော်ကလည်း နှပ်ကြောင်းပေးပြောလာပြီဆိုတော့ NLD ကတော့ ကန့်ကွက်မယ် မထင်ပါဘူး။ NLD က ကန့်ကွက်ရင်လည်း အဲဒီ ဟာက တိုင်းရင်းသားတွေနဲ့အ ကုန်လုံးဆန့်ကျင်ဘက်ဖြစ်သွား လိမ့်မယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြော ကြားသည်။   

 

 

 

Most Read

Most Recent