နိုင်ငံပိုင်ဆေးရုံတွေ ဝန်နဲ့အားမမျှဖြစ်နေသလား

နိုင်ငံပိုင်ဆေးရုံတွေ ဝန်နဲ့အားမမျှဖြစ်နေသလား
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုဌာနရှေ့တွင် လူနာစောင့်များအား ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုဌာနရှေ့တွင် လူနာစောင့်များအား ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 18 February 2019
အိသဥ္ဇာကျော်

တစ်နိုင်ငံလုံးရှိ နိုင်ငံပိုင် ပြည်သူ့ဆေးရုံကြီးများ အားလုံးတွင် တစ်နှစ်လျှင် ပြင်ပလူနာပေါင်း ကိုးသန်းကျော်၊ အတွင်းလူနာပေါင်း နှစ်သန်းကျော် တက်ရောက်ကုသနေပြီး အဖြစ်များသော ရောဂါကြီးများ (နှလုံး၊ ကျောက်ကပ်၊ အသည်းရောဂါ) အတွက် အထူးကုဌာနကြီးများကို သီးခြားစီ အဆောက်အအုံများအဖြစ် ထားရှိဖွင့်လှစ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြင်ဆင်လျက်ရှိသည်။

တစ်နိုင်ငံလုံးတွင် စုစုပေါင်း လူဦးရေ သန်း ၅၀ ကျော်ရှိသည့်အနက် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် အထူးကုဆေးရုံ ၃၂ ရုံ၊ သင်ကြားရေးဆေးရုံကိုးရုံ၊ ခုတင် ၅၀၀ ဆံ့ဆေးရုံ ၁၁ ရုံ၊ ခုတင် ၃၀၀ ဆံ့ဆေးရုံ သုံးရုံ၊ ခုတင် ၂၀၀ ဆံ့ဆေးရုံ ၂၇ ရုံ၊ ခုတင် ၁၅၀ ဆံ့ ဆေးရုံနှစ်ရုံ၊  ခုတင် ၁၀၀ ဆံ့ ဆေးရုံ ၄၁ ရုံ၊ ခုတင် ၅၀ ဆံ့ဆေးရုံ ၁၁၂ ရုံ၊ ခုတင်၂၅ ဆံ့ဆေးရုံ ၁၅၁ ရုံ၊ ခု တင် ၁၆ ဆံ့ ဆေးရုံ ၁၀ ရုံ၊ တိုက်နယ်ဆေးရုံ ၇၂၅ ရုံနှင့် စုစုပေါင်း ဆေးရုံ ၁၁၂၃ ရုံ ရှိသည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိအချိန်အထိ အထူးကုဆေးရုံများ၊ သင်ကြားရေး ဆေးရုံများကို မြို့ကြီးများတွင်သာ ဖွင့်လှစ်နိုင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုက်နယ်ဆေးရုံ၊၂၅ ခုတင်ဆံ့၊  ခုတင် ၅၀ ဆံ့ပြည်သူ့ဆေးရုံများကိုသာ အများဆုံး ဖွင့်လှစ်ထားနိုင်သည်။

“နယ်မှာက အထူးကုဆေးရုံ ဆိုတာမျိုးကမရှိဘူး။ ဥပမာ ကင်ဆာလိုရောဂါကြီးတွေ ဖြစ်ပြီဆို ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေကို ဆေးတက်ကုရတယ်။ နယ်ကဖြစ်တဲ့အတွက် ဆေးကုသစရိတ်အပြင် နေထိုင်စားသောက် စရိတ်တွေပါ ကုန်တယ်။ အစိုးရဆေးရုံတွေမှာက လူနာက အမြဲပြည့်နေပြီး ပုံမှန်ပြင်ပလူနာဌာန ပြဖို့ကိုပဲ တော်တော်စောင့်ယူရတယ်” ဟု ကျိုက်ထိုမြို့ နယ်မှ လာရောက် ဆေးကုသနေသူ ဦးမျိုးဝင်းက ဆိုသည်။  

နိုင်ငံပိုင် ပြည်သူ့ဆေးရုံကြီးများတွင် လူနာဦးရေ များနေသည့်အတွက် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် အရေးကြီးလူနာများကိုသာ အတွင်းလူနာအဖြစ် လက်ခံကုသပေးနေရသည်ဟု နိုင်ငံပိုင်ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်ကြီးများက ဆိုသည်။

“ဆေးရုံကြီးကို လူတွေက အား ကိုးကြတော့ တစ်နိုင်ငံလုံးကလူတွေ ကလာတယ်။ တစ်နိုင်ငံလုံးက လာ တဲ့အခါ ဝန်နဲ့အားက မမျှတော့ဘူး။ လူနာ ၅၀ လောက်ကြည့်ရမယ့်သူ ကလူနာ ၃၀၀၊ ၄ဝဝလောက် ကြည့် ရပြီဆို ခက်ခဲလာပြီ။ အဲဒီအထဲလူနာကို ပြဿနာပေါင်းစုံနဲ့ကြည့်ရတော့ အဆင်မပြေဘူး။ လူနာအနေ နဲ့လည်း စိတ်ကျေနပ်မှုမရဘူး။ ကျွန်တော်တို့ ဘက်ကလည်း အချိန်အများကြီး ပေးလို့မရဘူး။ အဲဒီတော့ မြန်မြန်မေး မြန်မြန်ကြည့်ဆိုတော့ လူနာကို စိတ်တိုင်းကျ ကုမပေးလိုက်ရဘူး။ အတွင်းလူနာတွေဆိုလည်း ခုတင်တစ်ခုနဲ့တစ်ခုကြား ခြောက်ပေခြားရမယ် ဆိုပေမယ့် လူနာအရမ်း များလာတဲ့အတွက် ကျွန်တော်တို့ မခြားနိုင်တော့ဘူး။ ခုတင်တွေကို ကပ်ထားရတယ်။ ခုတင်တွေကြားမှာ အလယ်ခုံတွေ ထိုးရတယ်။ လူနာတွေ အတွက်လည်း အခက်အခဲတွေ အများကြီး ရှိလာတယ်။ အညစ်အကြေးတွေကိုလည်း မသန့်ရှင်းနိုင်တော့ဘူး။ ရှင်းတဲ့သူကတစ်ယောက် ဖွတဲ့သူက တစ်ရာဖြစ်နေတော့ မနိုင်တော့ဘူး။ ဆေးရုံလာတက်တဲ့ လူနာတိုင်းက အရေးကြီးတဲ့ လူနာတွေပါ။ ဒါပေမဲ့ အခုနောက်ပိုင်းဆေးရုံမှာက အသည်းအသန်လူနာ မဟုတ်ရင် ဆေးရုံမှာ မတင်နိုင်တော့ဘူး။ တချို့ဆို ရောဂါရှာရုံ၊ ပြရုံသက်သက်ဆို ကျွန်တော်တို့ ဆေးရုံမတင်ပါဘူး။ ရောဂါပြပြီးရင် ပြန်ရက်ချိန်းပြန်ပေး ပြန်လာဆိုပြီး လုပ်ပါတယ်။ အစိုးရဆေးရုံတိုင်း ဒီလိုပဲ လုပ်နေရပါတယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာသိန်းမြင့်၏ ပြောကြားချက်အရ သိရသည်။

ဆေးရုံကြီးများတွင် လူနာဦးရေများသည့် ကိစ္စနှင့်ပတ်သက်၍ အဆင်ပြေစေရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် အထူးကုဆရာဝန်များအား ဒေသန္တရ ဆေးပေးခန်းများ၌ အလှည့်ကျစီ တာဝန်ပေးနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

လက်ရှိ၌ လူနာများသည် ဗဟိုအဆင့် ပြည်သူ့ဆေးရုံကြီးများကိုသာ သွားရောက်ကုသကြပြီး အနီးပတ်ဝန်းကျင်ရှိ ဒေသန္တရဆေးရုံ၊ ဆေးပေးခန်းများသို့ သွားရောက်ပြသခြင်း နည်းပါးလျက်ရှိပြီး ထိုကဲ့သို့  ဖြစ်ရခြင်းတွင် အချက်များစွာ ရှိနေသည်။

ဗဟိုအဆင့်ဆေးရုံများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ပြင်ပလူနာဌာနတွင် နေ့စဉ်ပျမ်းမျှလူနာ ၃၀၀ မှ ၅၀၀ အတွင်း လာရောက်ကုသလျက်ရှိပြီး အတွင်းလူနာဦးရေ ပျမ်းမျှ ၁၇၀၀ ခန့် တက်ရောက် ကုသလျက်ရှိသည်။

မြို့ပြ၊ ကျေးလက်ဒေသ ကျန်းမာရေး စောင့်ရှောက်မှု ကွာဟချက် နည်းပါးစေရေးအတွက် အထူးကု ဆရာဝန်များကို ခရိုင်၊ မြို့နယ်များအထိ တိုးချဲ့ခန့်အပ်နိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာနက ပြင်ဆင်လျက် ရှိသည်ဟု သိရသည်။

“ဝန်နဲ့အား မမျှဖြစ်နေတဲ့ ဗဟိုအဆင့် ဆေးရုံကြီးတွေမှာ လူနာတွေ လျော့နည်းသွားဖို့၊ နယ်ကလူနာဆိုရင် အမှန်တကယ် လွှဲပြောင်းကုသဖို့ လိုတဲ့လူနာလောက်ကိုပဲ လက်ခံကုသပေးတယ်။ နယ်မှာကုလို့ရနိုင်တဲ့ ရောဂါဆိုနယ်မှာတင် ကုသနိုင်အောင် နယ်ကဆေးရုံတွေကိုလည်း အဆင့်မြှင့်တင်နေပါတယ်။ ရန်ကုန်မြို့မှာလည်း မြို့တွင်းနဲ့ဝေးတဲ့မြို့တွေက ဆေးရုံတွေ ဥပမာ သန်လျင်ဆေးရုံလို ဆေးရုံမျိုးတွေကိုလည်း အရေးပေါ် ဌာနတွေတည် ထောင်ပေးပြီး အဆင့်မြှင့်တင်တာတွေ လုပ်နေပါတယ်။ ဆရာဝန်၊ လူနာ အချိုးမျှသွားအောင် စီစဉ်ထားတာတွေလည်း ရှိပါတယ်” ဟု ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“သူနာပြုတက္ကသိုလ်နဲ့  ခုတင် ၅၀၀ အထွေထွေရောဂါကု ဆေးရုံကြီး အနီးမှာ ဂျပန်နိုင်ငံအကူအညီ ဖြင့် အတွင်းလူနာ ၃၀၀ ဆံ့ နှလုံး၊ ဦးနှောက်နှင့် အာရုံကြောအထူးကု ဆေးရုံကြီး တည်ဆောက်နေတယ်။ ဒီဆေးရုံကြီးပြီးသွားရင် ရန်ကုန်ဆေး ရုံကြီးက နှလုံးရောဂါဆေးကုသမှု ဌာန၊ ခွဲစိတ်ဆောင်တွေ၊ ဦးနှောက် နဲ့အာရုံကြော ဆေးကုဆောင်တွေ ကိုပြောင်းရွှေ့ကုသသွားမှာပါ” ဟု ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမိုးခိုင်က ပြောကြားသည်။

နိုင်ငံပိုင် ပြည်သူ့ဆေးရုံကြီးများတွင် တစ်နှစ်လျှင်လူနာဦးရေ သန်းနှင့်ချီ တက်ရောက်ကုသနေ သည့်အတွက် ဆေးရုံကြီးများတွင် အရေးပေါ် လူနာကယ်ဆယ်ရေး လုပ်ငန်းအပါအဝင် ဆေးရုံအလိုက် လိုအပ်သော အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်လျက်ရှိ သည်။ ရန်ကုန်တိုင်းဒေသကြီးအ တွင်းရှိ သန်လျင်၊ လှိုင်သာယာ၊ အင်းစိန်၊ မြောက်ဥက္ကလာနှင့် သင်္ဃန်း ကျွန်းဆေးရုံကြီးများကို ယခင်ထက် အဆင့်မြှင့်တင်နေပြီး အရေးပေါ် လူနာကယ်ဆယ်ရေး လုပ်ငန်းအတွက် လိုအပ်သောလူအင်အား၊ စက်ပစ္စည်းများကိုလည်း တိုးချဲ့လုပ်ဆောင် လျက်ရှိသည်။

လက်ရှိတွင် မြောက်ဥက္ကလာပ အထွေထွေ ရောဂါကု ဆေးရုံကြီးကို ခုတင် ၈၀၀ ဆံ့ဆေးရုံမှ ခုတင် ၁၅၀၀ ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နေပြီး မြောက်ဥက္ကလာ ဆေးရုံကြီးကို အဆင့်မြှင့်တင်တိုးချဲ့ ဆောက်လုပ်ခြင်းဖြင့် ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် လူနာအရေအတွက်နှင့် အလုပ်ဝန် လျော့ကျသွားမည် ဖြစ်သည်ဟု သိရသည်။ ဆေးရုံကြီး အဆင့်မြှင့်တင်မှုနှင့် ပတ်သက်ပြီး မြောက်ဥက္ကလာပ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက “မြောက်ဥက္ကလာ ဆေးရုံကြီးက အချက်အချာကျတဲ့နေရာ၊ လူဦးရေထူထပ်တဲ့ နေရာမှာ ရှိတဲ့အပြင် ရန်ကုန်လေဆိပ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတို့နဲ့လည်းနီးပြီး ရန်ကုန်မြို့တွင်း လူနာတွေသာမက မြို့ပြင်က လူနာတွေ ပါလာကုကြတယ်။ လူနာဦးရေလည်း များတဲ့အပြင် ဆေးတက္ကသိုလ်(၂) ရဲ့ သင်ကြားရေး ဆေးရုံကြီးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိ ခုတင် ၈၀၀ ဆံ့ဆေးရုံကနေ ခုတင် ၁၅၀၀ ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်ပါမယ်” ဟု ပြောကြားသည်။

၂၀၁၄ မှ ၂၀၁၆ ခုနှစ်အတွင်း ဆေးရုံတက်လူနာများ သေဆုံးမှု၏ ရာခိုင်နှုန်း ထက်ဝက်ခန့်သည် မကူးစက်နိုင်သော ရောဂါနှင့် ရောဂါ၏ နောက်ဆက်တွဲ ပြဿနာများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၈ ခုနှစ် ခန့်မှန်းချက်များအရ မြန်မာနိုင်ငံ၌ သေဆုံးမှုများ၏ ရာခိုင်နှုန်း ၆၀ ခန့်သည်လည်းကောင်း၊ ဝန်ကြီးဌာန၏ ၂၀၁၄  ခုနှစ်မှ ၂၀၁၆ ခုနှစ် ကျန်းမာရေး သတင်းအချက်အလက် များအရ ဆေးရုံတက် လူနာများ သေဆုံးမှု၏ ရာခိုင်နှုန်း ၅၀ ခန့်သည်လည်းကောင်း မကူးစက်နိုင်သော ရောဂါနှင့် ရောဂါ၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကြောင့် သေဆုံးရခြင်း ဖြစ်သည့်အတွက် ဝန်ကြီးဌာန အနေဖြင့် မကူးစက်နိုင်သော ရောဂါများနှင့်ပတ်သက်သော အသိပညာပေး လုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများကို ကျေးရွာအရောက် လုပ်ဆောင်လျက်ရှိသည်။

ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှု၊ အရက်အလွန်အကျွံ သောက် သုံးမှု၊ အဆီ၊ အငန်နှင့်အချို လွန်ကဲ စွာစားသုံးမှု၊ ဘေးအန္တရာယ်ရှိ သော ဆိုးဆေးနှင့်ဓာတုပစ္စည်းများ ပါဝင် သော စားသောက်ကုန်များ စားသုံးမှု၊ ကိုယ်လက်လှုပ်ရှားနည်းပါးသော ဘဝနေထိုင်မှုပုံစံစသည့် မကူးစက် နိုင်သော ရောဂါများကိုဖြစ်စေနိုင် သည့် အဓိကအကြောင်းအရာများ ကို ပိုမိုထိရောက်စွာကာကွယ်ထိန်း ချုပ်လျှော့ချနိုင်ရေးအတွက် ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနက သီးသန့်စီမံချက် တစ်ခုဖွဲ့စည်း တည်ထောင် လုပ်ဆောင်လျက်ရှိ သည်။

လက်ရှိ မြန်မာနိုင်ငံက ကျန်းမာရေးကဏ္ဍအပေါ် သုံးစွဲသည့် ဘတ်ဂျက်မှာ အစိုးရအသုံးစရိတ်၏ ငါးရာခိုင်နှုန်း အောက်တွင်သာရှိပြီး အဆိုပါရာနှုန်းသည် ဒေသစံနှုန်း၊ ကမ္ဘာ့စံနှုန်းများအရ လွန်စွာနည်းပါးလျက်ရှိသည်။

အကျိုးဆက်အရ ကျန်းမာရေးဆိုင်ရာ အဓိက ဘဏ္ဍာရင်းမြစ်သည် အိမ်ထောင်စုများ၏ တိုက်ရိုက်ကျခံ သုံးစွဲငွေ ဖြစ်လာခဲ့ပြီး ထိုသို့ကျခံသုံးစွဲရသဖြင့် ဆင်းရဲမွဲတေခြင်းနှင့် ကြုံတွေ့နိုင်သလို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို မရရှိနိုင်အောင် ပိတ်ပင်တားဆီး ထားသကဲ့သို့ ဖြစ်နေသည်။

“အိမ်ထောင်စုတစ်စုမှာ မကျန်းမာတဲ့ နာတာရှည်လူနာတစ်ဦး ရှိပြီဆိုရင် လူနာတင်မက အိမ်ထောင်စုဝင် အားလုံးမှာပါ ဝန်ထုပ်ဝန်ပိုးတစ်ခု တိုးလာတာပဲ။ ဒီခေတ် မှာ ကျန်းမာရေးစရိတ်ကမြင့်တော့ ငွေမရှိရင် ကုနိုင်ဖို့ မလွယ်ကူဘူး။ မြို့နယ်တိုင်းမှာ ကျန်းမာရေးဌာန တွေရှိပေမဲ့ ဘာလို့ဆေးရုံကြီးတွေ ကိုပဲသွားသလဲ မေးစရာရှိနေတာ က ကျန်းမာရေးဌာနတွေမှာ ဆရာဝန်မရှိဘူး။ လိုအပ်တဲ့ပစ္စည်းကိရိ ယာမစုံလင်ဘူးဆိုတဲ့ အချက်တွေ ကြောင့်ပဲ။ လူတိုင်းပုဂ္ဂလိကဆေးရုံ တွေမှာ မကုနိုင်ဘူး။ ဒီတော့အစိုးရ ဆေးရုံကြီးတွေကိုပဲ အားကိုးနေကြရတာ။ ဒါကြောင့်ဆေးရုံကြီးတွေမှာ လူနာတွေ တိုးမပေါက်ဖြစ်နေတာပါပဲ” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဒေါက်တာစည်သူက ဆိုသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် လက်ရှိတွင် အမျိုးသား ကျန်းမာရေးစီမံကိန်း (၂၀၁၇- ၂၀၂၂) ကို အကောင်အ ထည်ဖော် လုပ်ဆောင်လျက်ရှိပြီး အဓိကပန်းတိုင်သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ သူနိုင်ငံသား အားလုံးအတွက် အခြေ ခံအကျဆုံးသော မရှိမဖြစ် ကျန်းမာ ရေးစောင့်ရှောက်မှု များကိုငွေကြေး ကုန်ကျမှုနည်းပါးစွာဖြင့် နေရာ ဒေ သမရွေးပေးစွမ်းနိုင်ရန် ဖြစ်သည် ဟုသိရသည်။ စီမံကိန်းကို ဘဏ္ဍာ နှစ်အလိုက် တစ်ဆင့်ချင်း လုပ် ဆောင်မည်ဖြစ်ရာပထမအ ဆင့်အ နေဖြင့် မြို့နယ်ပေါင်း  ၇၅  မြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများတွင် လိုအပ်သော ဆေးဝါး၊ ဆေးပစ္စည်း၊ လူအင်အားနှင့် အဆောက်အအုံများကို ဖြည့်ဆည်းလျက်ရှိသည်။

အမျိုးသား ကျန်းမာရေး စီမံကိန်းအတွက် နှစ်အလိုက်မြို့နယ်များ ဆောင်ရွက်ရာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြို့နယ် ၇၅ မြို့နယ်၊ ၂၀၁၈-၂၀၁၉တွင် ၈၂ မြို့ နယ်၊ ၂၀၁၉-၂၀၂၀ တွင် ၈၃ မြို့ နယ်၊ ၂၀၂၀ -၂၀၂၁တွင် ၈၈ မြို့ နယ် စုစုပေါင်းမြို့နယ် ၃၂၈ မြို့နယ် တွင် လုပ်ဆောင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၅-၂၀၁၆ ခုနှစ်က ကောက် ယူခဲ့သော ကျန်းမာရေးဆိုင်ရာအခြေခံ အ ချက်အလက်များအရ ငါးနှစ်အောက် ကလေးသေဆုံးမှုသည် အရှင်မွေး ၁၀၀၀ တွင်  ၅၀ သေဆုံးနေကြောင်း သိရ၍ အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက သေဆုံးမှုမြင့်မားနေကြောင်း၊ ကလေးသေဆုံးမှု အခြေအနေအား ဆန်းစစ်ကြည့်သော အခါ ငါးနှစ်အောက်ကလေး သေဆုံးမှု၏ ရာခိုင်နှုန်း ၆၀ သည် မွေးကင်းစကလေး သေဆုံးမှုဖြစ်ပြီး မွေးပြီး ၂၄ နာရီအတွင်း သေဆုံးမှုသည် အများဆုံး ဖြစ်သောကြောင့် မွေးကင်းစကလေး ကျန်းမာရေးကို အထူးအလေး ပေးဆောင်ရွက်မည် ဖြစ်သည်ဟု သိရသည်။

“ပထမအဆင့်မှာ မြို့နယ်ရ၀ ကျော်ကို ရွေးချယ်ပြီး ကျန်းမာရေး ဌာနတွေအတွက် လိုအပ်တဲ့ဆေးနဲ့ ဆေးပစ္စည်းအပိုင်း၊ လည်ပတ်မှုမရှိ သေးတဲ့ကျေးလက်ကျန်းမာရေးဌာ နနဲ့ဌာနခွဲတွေကို ပြန်လည်တည် ဆောက် ရေးအပိုင်း၊  ပျက်စီးနေတဲ့ နေရာတွေ ကိုပြန်လည်ပြုပြင်ခြင်းအပိုင်းနဲ့လို အပ်တဲ့လူအင်အား ဖြည့် တင်းခြင်းအ ပိုင်းတွေကိုလုပ်နေပါ တယ်။ ဒီနှစ်အ တွင်းမှာဒါတွေလုပ် ဖို့စီမံထားပါတယ်။ ကျန်းမာရေး ကဏ္ဍမှာအဆင်သင့်ဖြစ်ဖို့ လိုအပ် တဲ့ကျန်းမာရေးဆိုင်ရာ အခြေခံအ ဆောက်အအုံတွေ၊ လူ့စွမ်းအား အရင်းအမြစ်တွေ၊ ဆေးနဲ့ဆေး ပစ္စည်းတွေကို ဖြည့်တင်းနေပါတယ်” ဟုအမျိုးသား ကျန်းမာရေးစီမံကိန်း ရေးဆွဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၃၀ ပြည့်နှစ်မှစ၍ တစ်နိုင် ငံလုံး အတိုင်းအတာဖြင့် လူတိုင်း လက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေး လွှမ်းခြုံမှုစနစ် (Universal Health Coverage) စတင်နိုင်ရန် လုပ်ဆောင်လျက်ရှိပြီး UHC အကောင်အထည်ဖော်ရန် ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးစနစ် အဆင့်ဆင့်အလိုက် ဝန်ထမ်းအင်အား နည်းပါးခြင်း၊ အခြေခံအဆောက်အအုံ လိုအပ်ခြင်း၊ လက်ရှိ မူဝါဒများ ပြန်လည်ဆန်းစစ်ရန် လိုအပ်နေခြင်း၊ ကျန်းမာရေးအာမခံ စနစ်အားနည်းခြင်း၊ မှန်ကန်သော ကျန်းမာရေး သတင်းအချက်အလက်စနစ် လုပ်ဆောင်ရန် လိုအပ်နေခြင်း စသည့်စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

         

Most Read

Most Recent