နိုင်ငံတော်အတိုင်ပင်ခံ၏ တနင်္သာရီခရီးစဉ်အပြီး ပြည်သူများ၏ မျှော်လင့်ချက်

နိုင်ငံတော်အတိုင်ပင်ခံ၏ တနင်္သာရီခရီးစဉ်အပြီး ပြည်သူများ၏ မျှော်လင့်ချက်
 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်လေဆိပ်သို့ရောက်ရှိလာစဉ်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်လေဆိပ်သို့ရောက်ရှိလာစဉ်
Published 17 February 2019
ဖြိုးဇင် (ထားဝယ်)

ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်တာကြာမြင့်ခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်းခရီးစဉ်မှာ ပြီးဆုံးခဲ့ပြီဖြစ်သည်။ မြိတ်မြို့မှစတင်ခဲ့ပြီး ကော့သောင်းမြို့အလယ် ထားဝယ်မြို့၌ အဆုံးသတ်ခဲ့သည့် တနင်္သာရီတိုင်းခရီးစဉ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ခရီးစဉ်များနှင့်မတူဘဲ ဒေသခံများ၏ အသံဆူဆူညံညံဖြစ်ခဲ့သည်။ ထိုခရီးစဉ် မစတင်မီကပင် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်း NLD ပါတီဥက္ကဋ္ဌနှင့် စီမံ/ ဘဏ္ဍာဝန်ကြီးတို့၏ အဂတိလိုက်စားမှု ရှိနေကြောင်း စုံစမ်းစစ်ဆေးပေးရန် ထားဝယ်နှင့် မြိတ်ဒေသခံများ၏ တိုင်ကြားစာကြောင့် တိုင်းအတွင်း ပြည်သူများအကြား လှုပ်ခတ်မှုရှိခဲ့ပြီး ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်လာရောက်မည်ဟု သတင်းများ ရုတ်တရက်ထွက်ပေါ်လာသောအခါ ပြည်သူများ၏ မျှော်လင့်ချက်များ မြင့်တက်လာသလို တိုင်းအစိုးရ၏ လုပ်ရပ်များကြောင့် ရင်ထဲ၌ ကြိတ်မှိတ်ခံစားနေရသည့် ဒုက္ခဝေဒနာကို ဖောက်ထုတ်ပစ်ရန် အားခဲခဲ့ကြသည်။ တနင်္သာရီမြေသို့ ဒေါ်အောင်ဆန်းစုကြည် အခြေချမိသောအခါ အစိုးရသစ်တက်ပြီး သုံးနှစ်ခန့်အကြာ မျိုသိပ်ထားရသည့် စကားလုံးများ ပြည်သူများဆီမှ ဆူဆူညံညံထွက်ပေါ်ခဲ့သဖြင့် တနင်္သာရီတိုင်းခရီးစဉ်တစ်လျှောက်  မြန်မာနိုင်ငံတစ်ခုလုံး စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးသို့ လာရောက်မှုမှာ ယခုအကြိမ်သည် ခြောက်ကြိမ်မြောက်ဖြစ်ပြီး NLD အစိုးရသစ်တက်လာပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံအနေဖြင့် ပထမဦးဆုံးအကြိမ် လာရောက်ခြင်းလည်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ၁၉၈၈ ခုနှစ် အလွန်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် ထားဝယ်မြို့နှင့် မြိတ်မြို့သို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ဖူးကြောင်း၊ ၎င်းနေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီးနောက် ပထမဦးဆုံးခရီးစဉ်အဖြစ် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ထားဝယ်မြို့နှင့် လောင်းလုံးမြို့၊ ၂၀၁၂ ခုနှစ် မတ် ၂၄ ရက်တွင် မြိတ်နှင့် ကျွန်းစုမြို့နယ်များသို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် လာရောက်ခဲ့သည်။

၂၀၁၂ ခုနှစ်ဒီဇင်ဘာ ၂၂ ရက်တွင် မြိတ်နှင့် ကော့သောင်းမြို့များသို့လူထုတွေ့ဆုံပွဲ အဖြစ် လာရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် မတ် ၁၇ ရက်တွင် ထားဝယ်ခရိုင် ကံပေါက်ဒေသသို့ Total ကုမ္ပဏီ၏ဖိတ်ကြားမှုဖြင့် ကုမ္ပဏီမှ လုပ်ဆောင်နေသည့် လုပ်ငန်းများကို လာရောက်လေ့လာဖူးကြောင်း သိရသည်။

နိုင်တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်ရန် တနသာင်္ရီတိုင်းဒေသကြီးမှ ဒေသခံများမျှော်လင့်နေသည်မှာ ကြာမြင့်ပြီဖြစ်ပြီး ဒေသတွင်းကြုံတွေ့နေရသည့် အခက်အခဲများကို တိုက်ရိုက်ရင်ဖွင့်တိုင်ကြားလိုသူ မြိတ်ဒေသခံအချို့က ဗီနိုင်း၊ ဆိုင်းဘုတ်များဖြင့် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“အားလုံးကိုခြုံပြီးပြောရရင် မြေယာပြဿနာတွေရှိတယ်။ စည်ပင်ကနေတားဆီးတဲ့ ငါးအမှုန့်ကြိတ်စက်ရုံ။ ဘာမှမလုပ်ဘဲနဲ့ ပြန်ဖွင့်တာ နှစ်ကြိမ်တောင်ရှိပြီ။ နောက်ပြီးတော့ ပွင့်လင်းမြင်သာမှုမရှိတဲ့ တင်ဒါစနစ်တွေ တွေ့နေရတယ်။ အထင်ရှားဆုံးကတော့ GGS လိုမျိုးပေါ့။ မြိတ်မှာလည်းရှိတယ်။ နောက်ပြီးတော့ ငါးလေလံစျေး ကိစ္စလိုမျိုး။ မအောင်မြင်တဲ့နေရာမှာ သွားလုပ်တဲ့ဟာမျိုးရှိတယ်။ နောက်ပြီး လူထုဆန္ဒမပါဘဲ ပွင့်လင်းမြင်သာမှုမရှိဘဲ မြို့သစ်စီမံကိန်းကို နောက်ထပ်အကောင်အထည်ဖော်မယ်ဆိုတာ တွေ့နေရတယ်။ ကျွန်းစုမြို့နယ်မှ ဒီရေတောတွေ ခုတ်ထွင်ရှင်းလင်းပြီးတော့ လုပ်တာ။ ခရီးသွားလုပ်ငန်းမှာ တကယ်တမ်း လူထုအခြေပြု ခရီးသွားလုပ်ငန်းက ဒီမှာစဖို့လုပ်ထားတယ်။ ဒါပေမဲ့ ထားဝယ်မှာ အကောင်အထည်သွားပေါ်တယ်” ဟု ဆိုင်းဘုတ်ထောင်တောင်းဆိုခဲ့သော မြိတ်ခရိုင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုပိုအင်က ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း အရေးပါသည့် လုပ်ငန်းအချို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က GGS ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းမှာ အထင်ရှားဆုံးဖြစ်ပြီး တင်ဒါစနစ်မှာလည်း အဆင့်လိုက်သွားရမည့် ကိစ္စရပ်များတွင် အဆင့်ကျော်ကာ တစ်ဦးတစ်ယောက်တည်းကိုသာ လုပ်ခွင့်ပြုခြင်း၊ လျှပ်စစ်မီးနှင့် အခြားစီမံကိန်းများတွင် အချိန်လွန်မှ ချပြခြင်းမှာ အဂတိမကင်းဟု ယူဆကြောင်း ၎င်းကဆိုသည်။

မြိတ်မြို့ရှိ အ.ထ.က(၇)ကျောင်းသို့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်က မိမိတို ့အဖွဲ့ချုပ်အနေဖြင့် ပြည်သူများကို ပေးထားသည့် ကတိကဝတ်များ ဖျက်ခဲ့သည်ဆိုသည်မှာ တစ်ခါမျှမရှိကြောင်းနှင့် နောင်လည်းဖျက်မည်မဟုတ်ကြောင်း၊ ပြည်သူများကို ထိခိုက်စေသည့်ကိစ္စများ ဖြစ်လာပြီဆိုပါက ပြတ်ပြတ်သားသား ဥပဒေဘောင်အတွင်းမှ အရေးယူမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ပြည်သူပြည်သားများ၏ အကျိုးအတွက် တာဝန်ထမ်းဆောင်ခွင့်ရသည့် ပုဂ္ဂိုလ်များအားလုံး မိမိတို့တာဝန်များကို ဖြောင့်ဖြောင့်မတ်မတ် ပွင့်ပွင့်လင်းလင်း တိတိကျကျ ဆောင်ရွက်ကြရန် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင်မြိတ်မြို့ရှိ ပုလဲရတနာခန်းမတွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲအတွင်း ဒေသခံတစ်ဦးက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ အရေးယူပေးရန် တင်ပြမှုအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုခရီးစဉ် လာရောက်ခြင်းအကြောင်းရင်းတစ်ခုမှာ တိုင်းဒေသကြီးအစိုးရအား ဆုံးမရန်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ယင်းသို့ပြောကြားမှုအပေါ်တွင် နိုင်ငံတော်အတိုင်ပင်ခံအနေဖြင့် မည်သို့ဆုံးမမည်ကို စိတ်ဝင်စားပြီး လက်ရှိတိုင်းဒေသကြီး အစိုးရယန္တရားမှာ လူကိုပြောင်းလဲပေးလိုက်ရုံနှင့် ဖြစ်နိုင်မလားဟု စိုးရိမ်မိကြောင်း၊ အချို့ကိစ္စရပ်များမှာ အရေးယူရမည့်ကိစ္စများဖြစ်သောကြောင့် အရေးယူဆောင်ရွက်ပေးရန်အထိ မျှော်လင့်ထားပြီး ဥပဒေအရ အရေးယူရမည့် အဆင့်ရောက်ရှိနေပြီဟု မြင်ကြောင်း ကိုပိုအင်က ပြောကြားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ် ဒုတိယနေ့အဖြစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် မြိတ်ကျွန်းစုအတွင်းရှိ ပုလဲကျွန်းသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ထိုမှတစ်ဆင့် ၀ါးအလယ်ကျွန်း၊ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်ရှိ မကျုံဂလက် ဆလုံတိုင်းရင်းသားရွာသို့ သွားရောက်ကာ ဆလုံတိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် အမြန်ရေယာဉ်ဖြင့် ကော့သောင်းမြိုသို့ ဆက်လက်သွားရောက်ရာ ဒေသခံအချို့က ဝန်ကြီးချုပ်နှင့်တိုင်း NLD ဥက္ကဋ္ဌတို ့လာဘ်ပေးလာဘ်ယူ ကိစ္စများကို စိစစ်အရေးယူပေးရန်၊ လျှပ်စစ်မီးကို တင်ဒါအောင်သည့် စျေးထက်ပိုမိုကောက်ခံနေသည့်ကိစ္စ စသည့်တို့ကို ပိုစတာများကိုင်ဆောင်ကာ ဒေသခံအချို့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ခရီးစဉ်နောက်ဆုံးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၅ ရက် နံနက်တွင် ကော့သောင်းမြို့၌ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားရာတွင် “ကျွန်မ အခုဒီရောက်တုန်း ပြည်သူတွေရဲ့ အသံကို ကြားချင်တယ်။ အစိုးရဆိုတာ ပြည်သူလူထုနဲ့ ကင်းကွာနေလို့ မဖြစ်ပါဘူး။ ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူလူထုတင်မြှောက်ထားလို့ အစိုးရဖြစ်နေတာပါ။ အဲဒီဟာကို ဘယ်တော့မှ မမေ့သင့်ပါဘူး။ ပြည်သူလူထုကလည်း တင်မြှောက်ထားတယ်ဆိုတာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အစိုးရတစ်ခုကို တင်မြှောက်ထားတာပါ။ ဘယ်သူကမှ သိပ်တော်လွန်းလို့ဆိုပြီး တင်မြှောက်ထားတာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ခရီးကနေပြန်ပြီးတဲ့အခါမှာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအနေနဲ့ နေရာတိုင်းမှာ ပြည်သူလူထုကြားထဲကိုဆင်းပြီး ပြည်သူလူထုနဲ့ ထိတွေ့ပြီး ပြည်သူလူထုသိချင်တဲ့ ကိစ္စတွေအားလုံးကို ဖြေကြားဖို့ ညွှန်ကြားခဲ့ပါမယ်” ဟုပြောကြားသည်။

ထို့ပြင်၎င်းက “ပြောင်းလဲဖို့အချိန်ကလည်း တန်ရုံတင်မကဘူး။ လွန်နေပါပြီ။ ပြောင်းလဲစရာတွေက အများကြီးရှိပါတယ်။ ကျွန်မတို့က ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ ရွေးကောက်ပွဲကိုဝင်ခဲ့တဲ့အခါမှာ ပြည်သူလူထုကနေ ၀ိုင်းဝန်းပြီးတော့ထောက်ခံကြပါတယ်။ ဒါပေမဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်ကို ထောက်ခံရုံမက တကယ်ပြောင်းလဲချင်တဲ့ဆန္ဒ ပြည်သူလူထုကြားမှာလည်း ရှိဖို့လိုပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ တာဝန်ကျေပါ။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ တာဝန်ကျေရင် ကျွန်မတို့နိုင်ငံဟာ မုချမသွေ အချိန်တိုတိုအတွင်းမှာ တိုးတက်နိုင်မယ်ဆိုတာ ကျွန်မရဲရဲကြီး ပြောနိုင်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူလူထုအနေနဲ့လည်း ကိုယ့်အစိုးရကို ကိုယ်ထိန်းပါ။ ကျွန်မထိန်းဖို့ပြောတဲ့အခါမှာ ယဉ်ယဉ်ကျေးကျေးတော့ ထိန်းပါ။ ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ထိန်းတယ်ဆိုတာ ကျွန်မတို့နိုင်ငံအတွက် သိက္ခာလည်းမဲ့တယ်။ ကျွန်မတို့ရဲ့ နောင်လာနောက်သားတွေကိုလည်း မကောင်းတဲ့ အမွေအနှစ်တွေ ထားခဲ့ရာရောက်ပါလိမ့်မယ်။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို သိက္ခာရှိရှိနဲ့ သွားနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ကျွန်မတို့ရဲ့ နောင်လာနောက်သားတွေအတွက် ထားခဲ့ပေးနိုင်မယ်ဆိုရင် ဒါဟာတန်ဖိုးအကြီးဆုံး အမွေအနှစ်ပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ခရီးစဉ်၏ နောက်ဆုံးမြို့အဖြစ် ထားဝယ်မြို့သို့ ကော့သောင်းမြို့မှတစ်ဆင့် အထူးလေယာဉ်ထွက်ခွာခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ထားဝယ်လေဆိပ်သို့ ရောက်ရှိရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဒေသခံထောင်ချီလာရောက်ကြိုဆိုခဲ့ပြီး ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များက ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်နှင့် တိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးတို့အား အရေးယူပေးရန် ဆိုင်းဘုတ်များကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ကျွန်တော်တို ့ထားဝယ်ခရိုင် ကျောင်းသားသမဂ္ဂအနေနဲ ့အခုဒီလိုမျိုး ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အတိုင်ပင်ခံ လာရောက်တဲ့အချိန်မှာ ဘာလို့ဒီလိုမျိုး ပြရသလဲဆိုတော့ ကျွန်တော်တို့ လက်ရှိတနင်္သာရီတိုင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ကျွန်တော်တို့ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လာရင်းနဲ့ တစ်ခါတည်း မြင်သွားစေချင်တယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးမြင်သွားပြီးတော့မှ အရေးယူဆောင်ရွက်တာကို ထိရောက်စေချင်တယ်။ ကျွန်တော်တို့ ကတနင်္သာရီတိုင်းသူ တိုင်းသားအနေနဲ ့ တိုင်ကြားထားတဲ့ ကိစ္စတွေရှိတယ်။ ဒါပေမဲ့ လုံးဝအခုအချိန်အထိ အရေးယူဆောင်ရွက်တာတွေ တစ်ခုမှမတွေ့တာကြောင့်မို့ ဒေါ်စုကို ကျွန်တော်တို့ အားကိုးပြီးတော့ အခုလိုမျိုး သူလာတဲ့အချိန်မှာ ပြတာဖြစ်တယ်” ဟု ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုသော်လွင်အောင်က ပြောကြားသည်။

ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂအဖွဲ့က ‘အမေစု’ တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို ဆုံးမရုံနဲ့မရဘူး။ ‘ဖြုတ်ချ’ အရေးယူ ဆောင်ရွက်ပေးပါ။ လက်ရှိအာဏာရ အစိုးရနှင့် ပြည်သူလူထုအကြား ဗြောင်လိမ်ဗြောင်စား လုပ်နေသော တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးအား အရေးယူပေးပါ။ တနင်္သာရီတိုင်းသူ တိုင်းသားများ၏ အသံကို နားထောင်ရင်း ဝန်ကြီးချုပ်အား အမြန်ဆုံးဖြုတ် ချပေးပါ။ တစ်တိုင်းလုံး အပြောင်ခိုးတာတောင် ပြုတ်ရုံလေးဆို နောက်ထပ်တက်မယ့် တိုင်းအစိုးရတွေက “စောရတွေဖြစ်ကုန် လိမ့်မယ်အမေ။ ကျွန်တော်တို့ တနင်္သာရီတိုင်းတွင် အစိုးရ၏ အဂတိလိုက်စားမှုများအား အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးပါ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ဆန္ဒထုတ် ဖော်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ထားဝယ်မြို့သို့ ရောက်ရှိစဉ် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ထားဝယ်မြို့တော်ခန်းမ၌ လူထုတွေ့ဆုံပွဲကို အချိန်တစ်နာရီအကြာ ပြုလုပ်ခဲ့သည်။

သို့သော် အခမ်းအနားစတင်ချိန်တွင် ဒေသခံအများအပြားခန်းမအတွင်းသို့ တိုးဝှေ့ဝင်ရောက်လာသောကြောင့် ဒေါ်အောင်ဆန်းစုကြည်က ပိတ်ထားသည့်ခန်းမတံခါးများကိုဖွင့်စေကာ ဒေသခံများကို နားထောင်ခွင့်ပြုခဲ့သည်။ ထားဝယ်မြို့တော်ခန်းမ အတွင်း လူထုတွေ့ဆုံပွဲပြုလုပ်ရာတွင် အချိန်ကန့်သတ်ချက်ကြောင့် ဒေသခံ ၁၂ ဦးသာ မေးမြန်းတင်ပြခွင့်ရခဲ့ပြီး တိုင်းအစိုးရ၏ ထားဝယ်လျှပ်စစ်စာချုပ်ပြဿနာ၊ ဝန်ကြီးချုပ်၊ စီမံ/ ဘဏ္ဍာဝန်ကြီးနှင့် တိုင်း NLD ပါတီဥက္ကဋ္ဌတို့အား စစ်ဆေးအရေးယူပေးရန်တင် ပြမှုရှိခဲ့သည်။

ထိုသို့ မေးမြန်းမှုအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို့အနေဖြင့် သိထားပြီး သက်ဆိုင်ရာဌာနက စုံစမ်းစစ်ဆေးနေကြောင်း၊ စုံစမ်းစစ်ဆေးမှုအဖြေပေါ်လာပါက ပြည်သူလူထုထံ ပွင့်ပွင့်လင်းလင်း တင်ပြမည်ဟု ပြောကြားသည်။

ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်၊ တိုင်း NLD ဥက္ကဋ္ဌဦးအောင်စိုးနှင့် စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တိကျမှန်ကန်သည့် အဖွဲ့အစည်းများဖြင့် စစ်ဆေးပြီး စီစဉ်ဆောင်ရွက်ပေးရန် တင်ပြမှုရှိခဲ့ပြီး ယင်းသို့တင်ပြမှုနှင့်ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က စုံစမ်းစစ်ဆေးရမည့်ကိစ္စများကို သက်ဆိုင်ရာဌာနက တာဝန်အရ လုပ်ဆောင်သွားမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ဌာနမှ တွေ့ရှိချက်များကို ဖုံးကွယ်ထားစရာမရှိကြောင်း၊ ပြည်သူလူထုများအနေဖြင့် ကိုယ့်တာဝန်ကို ကိုယ်ကျေအောင်လုပ်ရန်နှင့် ၎င်းတို့ အစိုးရ၊ တိုင်းအစိုးရများနှင့် ပြည်နယ်အစိုးရများ တာဝန်ကျေပွန်မှုအတွက်လည်း ၎င်းတို့ ဗဟိုအစိုးရက တာဝန်ယူရမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

“ကျွန်တော့်အထင်​​တော့ မြန်​မာနိုင်​ငံမှာ ဒီလိုဟာသည်​ ပထမဆုံး အ​တွေ့အကြုံတစ်​ခုဖြစ်​လိမ်​့မယ်​။​ ဒေါ်အောင်ဆန်​းစုကြည်​အတွက်​လည်​း ပထမဆုံးအ​တွေ့အကြုံတစ်​ခု ဖြစ်​လိမ်​့မယ်​။ တိုင်​းအစိုးရသည်​ ဝန်ကြီးချုပ်​ အပါအဝင်​ ဒီ​လောက်​အထိ​ အ​ခြေအ​နေဆိုး​နေတာ သူ(​ဒေါ်​အောင်​ဆန်​းစုကြည်​)လည်​း​ တော်တော်လေး ထမင်​းမစား​တဲ့အထိ ဖြစ်​သွားတယ်​လို့ ကျွန်တော်တို ့ကြားလိုက်​ရတယ်​​ပေါ့ဗျာ။ စိတ်​လည်​း မကောင်​းဘူး။ ဒါ​ပေမဲ့ ဒီလိုဖြစ်​ရတာသည်​ ပြည်​သူ​တွေ​ကြောင်​့ မဟုတ်​ဘူး။ တနင်္သာရီတိုင်​း အစိုးရရဲ့ လုပ်​ရပ်ကြောင်​့​ပေါ့။ မြန်​မာနိုင်​ငံမှာ တနင်္သာရီတိုင်​းသည်​ အား​ပေးမှုလည်​း အ​ကောင်​းဆုံး။ သို့​သော်​ မဟုတ်​မခံ ဒီလိုဖြစ်​လာတဲ့ အချိန်​မှာလည်​းပဲ တစ်တိုင်​းလုံးအ​နေနဲ့ ခရိုင်သုံးခရိုင်​စလုံး တညီတညွတ်​တည်း လုပ်​ပြနိုင်ခဲ့တယ်​။ ဒီအ​ပေါ်မှာ အားရ​ကျေနပ်​မှုရှိတယ်”​ ဟု တိုင်းအစိုးရ၏  ထားဝယ်ခရိုင် လျှပ်စစ်လုပ်ငန်း ကွက်လပ်စာချုပ်နှင့်ပတ်သက်၍ မေးမြန်းခွင့်ရခဲ့သူ ထားဝယ်လူ့အခွင့်အရေး စောင့်ကြည့်မှုကွန်ရက်မှ ကိုသန်းဝင်းက ပြောကြားသည်။

နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​၏ ခရီးစဉ်​အတွင်​း တိုင်​း​ဒေသကြီးအစိုးရ၏ လုပ်​​ဆောင်​မှုနှင်​့ပတ်​သက်​၍ ပြည်သူများမှတင်​ပြမှုများ ဆန္ဒထုတ်​​ဖော်​မှုမ​ျားရှိခဲ့ပြီး ယင်​းသို့ပြုလုပ်​ခဲ့သည်​ကို နိုင်​ငံ​တော်​အတိုင်​ပင်​ခံက​တွေ့မြင်​ကြားသိသွားခဲ့ပြီ ဖြစ်သော​ကြောင့် တိုင်​း​ဒေသကြီးအစိုးရအဖွဲ့အတွင်​း အ​ပြောင်​းအလဲများ ဖြစ်​လာလိမ့်မည်​ဟု​​ မျှော်​လင်​့ကြောင်​း ကိုသန်​းဝင်​းက ဆိုသည်​။

“ကျွန်တော်က​တော့​ မျှော်​လင်​့တယ်​။ တကယ်​လည်​းယုံကြည်​တယ်​။ ဘာလို့လဲ ဆို​တော့​ ခြေမ​ပေါ်ရုံနဲ ့​တောင်​ အ​ပြောင်​းအလဲ လုပ်​ခဲ့​သေးတာပဲ။ ကျွန်တော်တို့က​တော့ စိတ်​ရှည်​ရမှာ​ပေါ့ဗျာ။​ နောက်​တစ်​ခုကလည်​းပဲ သူပြောခဲ့တာ တအား​ကောင်​းတယ်​။ ကျွန်တော်တို့ ပူး​ပေါင်​း​ဆောင်​ရွက်​မှာကို သူလက်ခံနိုင်တယ်ပေါ့။ Welcome သူကြိုတယ်​​ပေါ့။ ​နောက်​တစ်​ခုက အခြားတိုင်​း​တွေမှာ ​ခြေမ​ပေါ်ရုံနဲ ့ထုတ်​ပစ်​တယ်​။ ဒီတိုင်​းမှာ ဒီလောက်​အထိ ပြည်​သူ​တွေက တစ်တိုင်​းလုံးနီးပါးညံ​အောင်​​ တောင်​းဆို​နေတဲ့အချိန်​မှာ သူအပြောင်းအလဲ မလုပ်​ဘဲ​နေမှာမဟုတ်​ဘူး။ ဒါ​ပေမဲ့ တစ်​ခု​တော့ရှိတယ်​။ လက်​ရှိအစိုးရရဲ့ ဝန်​ကြီးချုပ်​နဲ့ ကျော်စောသတင်း ထွက်နေတဲ့သူ​တွေ အ​စိုးရဘက်​က မ​ပြောင်​းလဲရင်​​တောင်​ ပြည်​သူ​တွေဘက်​က​တော့​ ပြောင်​းလဲသွားပြီ။ ကျွန်တော်တို့ ရင်​ထဲမှာမရှိတော့ဘူး​ပေါ့ဗျာ။ တနင်္သာရီတိုင်​းမှာ တိုင်​းအစိုးရရဲ့ နိုင်ငံရေးက ကျဆုံးသွားပြီလို ့ယူဆတယ်” ၎င်းက ဆက်လက်ပြောကြားသည်။

ထားဝယ်​မြို့တော်​ခန်းမတွင်​ နိုင်​ငံ​တော်​အတိုင်​ပင်​ခံနှင်​့ လူထု​တွေဆုံပွဲပြုလုပ်​ရာ၌ ၎င်းအ​နေဖြင်​့ တင်ပြချင်သည့် အ​ကြောင်​းအရာများစွာ ရှိသော်​လည်​း ​အချိန်​နှင်​့​မေးခွန်​း ကန့်သတ်​ချက်​​ကြောင်​့​ တိုင်​းအစိုးရ၏ စီမံမှု ညံဖျင်းမှုကြောင်​့ နိုင်​ငံ​တော်​ဘဏ္ဍာ​ငွေ ရှစ်ဘီလျံ​ကျော်​ နစ်​နာ​နေ​သော ထားဝယ်​ခရိုင်​ လျှပ်​စစ်​စာချုပ်​ပြဿနာတစ်​ခုကိုသာ တင်​ပြခွင်​့ရခဲ့​ကြောင်​း၊ သို့​သော်​​ဒေါ်​အောင်​ဆန်​းစုကြည်​အ​နေဖြင်​့ ၎င်းတင်ပြချင်သည့် ကိစ္စအားလုံးကို သိရှိပြီးဖြစ်​​​ကြောင်​း သ​ဘောဖြင်​့​ ပြောကြားမှုရှိခဲ့ပြီး ယင်​းအတွက်​စနစ်​နှင်​့ အံဝင်​ခွင်​ကျ မဟုတ်သူများကို ဖယ်​ရှားပစ်​ပြီး စနစ်​နှင့်​အံဝင်​သူ​တွေကို​ နေရာ​ပေးလိမ်​့မည်​ဟု ၎င်းအ​နေဖြင်​့​ မျှော်လင့်ထားသည်​ဟု ကိုသန်​းဝင်​းက ဆိုသည်​။

ထားဝယ်မြို့တော်ခန်းမ၌ လူထုတွေ့ဆုံပွဲအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်၍ “တိုင်းအစိုးရကို ပြည်သူလူထုနဲ့ နီးနီးကပ်ကပ်ဆက်ဆံပါ။ အစဉ်အမြဲထိတွေ့မှုရှိပါလို ့တိုက်တွန်းတဲ့တစ်ချိန်တည်းမှာလည်း လွှတ်တော်ကိုယ်စားလှယ်များလည်း ထိုနည်းလည်းကောင်းပဲ လုပ်ပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။ မဲဆွယ်တုန်းက မဲဆွယ်ပြီးတော ့အခုမှပြန်လှည့်မကြည့်ဘူးဆိုရင် လုံးဝသင့်တော်တဲ့ ကိစ္စမဟုတ်ပါဘူး။ လွှတ်တော်ကောင်းတစ်ယောက်ဆိုတာဟာ ကိုယ့်ရဲ့မြို့နယ်အတွင်းမှာရှိတဲ့ ရွာတိုင်းက လူတိုင်းလူတိုင်းဟာ ဒါငါတို့ရဲ့ ကိုယ်စားလှယ်ပဲဆိုပြီး သိနိုင်တဲ့အခြေအနေရှိအောင်လို့ ခဏခဏဆင်းဖို့လိုပါတယ်။ အရင်က မလုပ်ခဲ့ရင်လည်း အခုကနေစပြီးတော့ လုပ်ပါလို ့တိုက်တွန်းချင်ပါတယ်”  ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“လူ​ထု​ခေါင်​း​ဆောင်​​ အ​မေစုက တနင်္သာရီတိုင်​းခရီးစဉ်​မှာ သူ့အစိုးရအဖွဲ့ရဲ့ အ​ခြေအ​နေမှန်​ကို သူမြင်သွားတယ်။ အဲဒီ​တော့အစ်​ကိုတို့က ပြည်​သူတ​စ်ဦးအ​နေနဲ့ ကျေနပ်​တယ်​။ အစိုးရအဖွဲ့က အားနည်​းချက်​​တွေ အများကြီးကို​ ​ရွေး​ကောက်​ပွဲတုန်​းက​ ပေးထားတဲ့ ကတိကဝတ်​ အရ​လည်​း​ကောင်​း အ​မေစုကိုယ်​တိုင်​က လူထု​တွေ့ဆုံပွဲမှာ​ပြောသွားတယ်​။ တရားဥပ​ဒေစိုးမိုး​ရေးနဲ့ တရားဥပ​ဒေနဲ့အညီ လုပ်​သွားမယ်​။ မှား​နေရင် ​မှား​နေတဲ့သူကို ပြင်းပြင်းထန်​ထန်​ အ​ရေးယူမယ်​ဆိုပြီး​ ပြောခဲ့တဲ့စကားအရဆိုရင်​​တော့ အဲဒီအမှားအယွင်​း​တွေကို အမြန်​ဆုံး ပြုပြင်​နိုင်​​အောင်​ ကြိုးစားလိမ်​့မယ်​လို့ အစ်​ကိုတို့အ​နေနဲ့ ယုံကြည်​တယ်​။ အစိုးရအဖွဲ့ကို ပြုပြင်ပြောင်းလဲရေးကိုတော့ လုပ်​လိမ်​့မယ်​။ ဒါ​ပေမဲ့ ပြည်​သူ​တွေ လိုချင်​တဲ့အတိုင်​း ရာနှုန်​းပြည်​့​တော့ ဟုတ်ချင်မှဟုတ်​လိမ်​့မယ်​လို ့အစ်​ကို့အ​နေနဲ ့ခန်​့မှန်​းတယ်​။ ဘာဖြစ်​လို့လဲဆို​တော့ အစိုးရအဖွဲ့ကို မ​ပြောင်​းလဲ​တော့ဘူးဆို​တော့ အစ်​ကိုတို့တိုင်​းအတွက်​ နစ်​နာလိမ်​့မယ်​။ အစိုးရယန္တရားကို ပုံမှန်​​စောင်​့ကြည်​့​နေတဲ့ သူတယောက်​အ​နေနဲ့ အစိုးရရဲ့ လုပ်​ထုံးလုပ်​နည်​း ယွင်​း​နေတာ​တွေ အများကြီးကို တရားဥပ​ဒေစိုးမိုး​ရေးဌာနနဲ့ တရားမျှတမှုဆိုင်​ရာ လုပ်​ငန်​းများ​ပေါင်​းစပ် ​ညှိနှိုင်​း​ရေးအဖွဲ့​ခေါင်​း​ဆောင်​တစ်​ယောက်​အ​နေနဲ့ နိုင်​ငံ​တော်​​သမ္မတထံကို အကြိမ်​ကြိမ်​တင်​ပြထားတာရှိတယ်​။ မှား​နေတဲ့အချက်​​တွေ ယွင်​း​နေတဲ့အချက်တွေ လွဲနေတဲ့ဟာတွေကို အကြိမ်​ကြိမ်​​ထောက်​ပြထားတာ ရှိတယ်​။ အဲဒီ​တော့ အ​မေစုအ​နေနဲ့ မလွဲ​မ​သွေ ပြင်​ဆင်​လိမ်​့မယ်​။ မပြင်​ဆင်​​တော့ဘူးဆိုရင်​​ကောဆိုပြီး ​မေးလာမယ်​ဆိုရင်​ မပြင်​ဆင်​ဘူးဆိုတဲ့ အလုပ်​မျိုးကို​တော့ အမေစုလုပ်​မှာ မဟုတ်​ဘူးလို့ အစ်​ကို့အ​နေနဲ ့ယုံကြည်​တယ်​”  ဟု တနင်္သာရီတိုင်​း​ဒေသကြီး တရားဥပ​ဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်​ရာလုပ်​ငန်​းများ ​ပေါင်​းစပ်​ညှိနှိုင်​း​ရေးအဖွဲ့​ခေါင်​းဆောင်​ဖြစ်​သူ ဦးအောင်နိုင်ဦးက​ ပြောကြားသည်​။

နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​လာ​ရောက်​ခဲ့သည်​့ မြိတ်​နှင်​့​ ကော့​သောင်​းမြို့များမှ ပြည်​သူများအ​နေဖြင်​့ တိုင်းအစိုးရအဖွဲ့ အ​ပြောင်​းအလဲပြုလုပ်​ရန်​ ဆန္ဒရှိနေ​ကြောင်​း၊ နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​အ​နေဖြင်​့ အမြန်ဆုံး ပြုပြင်​​ပြောင်​းလဲမှု ပြုလုပ်​နိုင်​​စေရန်​ ဆု​တောင်​းရမည်​ဖြစ်​ပြီး အမြန်​ဆုံးပြုပြင်​​ပြောင်​းလဲမှု မ​လုပ်​​ဆောင်​နိုင်​ပါက ပါတီတွင်​း​ရော တိုင်​း​ဒေသကြီးအစိုးရနှင်​့ ပြည်​သူအကြား၌ပါ ယုံကြည်​မှု​ပိုပြီး အားနည်​းလာပါလိမ့်မည် ဖြစ်ကြောင်​း ၎င်းက ဆိုသည်​။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ထားဝယ်လေဆိပ် အရေးကြီးဧည့်သည်ခန်းမ၌ သီးသန့်တွေ့ဆုံရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့် ထိတွေ့မှုနည်းပါးနေသည်ကို တွေ့ရှိရကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် နေပြည်တော်တွင် နေကြရသည်ဖြစ်၍ လူထုနှင့် အနီးကပ်ဆုံး တာဝန်ထမ်းဆောင်နေကြရသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအနေဖြင့် လူထုလို အပ်ချက်များကို မေးမြန်းပြီး တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး၏ တရားဝင်လူမှုကွန်ရက် Facebook စာမျက်နှာ၌ ဖော်ပြထားချက်အရ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံမြောက်ဖျား၊ အရှေ့ဖျားစသည့် ဒေသများကို သွားရောက်ခဲ့ရာ၌ သုံးနှစ်အတွင်း သိသိသာသာ တိုးတက်လာသည်များကို မြင်တွေ့ခဲ့ရကြောင်း၊ ခရီးစဉ်များ သွားရောက်ခဲ့ရာတွင်လည်း ပြည်သူလူ ထုကျေနပ်မှု အနည်းဆုံးမှာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ပင်ဖြစ်သည်ကို တွေ့ရှိရကြောင်းနှင့် ဤသည်ကို လေးလေးနက်နက် သတိပေးလိုကြောင်း၊ အမှန်တကယ် အလုပ်မလုပ်ပါက ပြင်းပြင်းထန်ထန် ကိုင်တွယ်သွားမည်ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအနေဖြင့် တိုးတက်မှုများ နှေးကွေးနေသည်မှာ မဖြစ်သင့်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်ဟု သိရသည်။ ၎င်းအပြင် ပထဝီအနေအထား၊ ရာသီဥတုနှင့် စီးပွားရေး အခွင့်အလမ်းကောင်းများစွာ ရှိနေသည့် ဒေသဖြစ်၍ အစိုးရအဖွဲ့ဝင်များ ထိထိရောက်ရောက် ကြိုးကြိုး စားစား လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအနေဖြင့် ပြည်သူများနှင့် ဆွေးနွေးပွဲများ မကြာခဏပြုလုပ်ရန်နှင့် ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်မှု အခြေအနေကို အစီရင်ခံစာ တင်ပြရန် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက်ထားမှာကြားခဲ့သည်ဟု သိရသည်။

အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ခရီးစဉ်သွားရောက်ရာတွင် နိုင်ငံတော်အတိုင်ပင်ခံနှင့် သက်ဆိုင်ရာ ဝန်ကြီးချုပ်များ တရင်းတနှီးရှိသော်လည်း တနင်္သာရီတိုင်းခရီးစဉ်စတင်သည့် မြိတ်မြို့သို့ ရောက်ရှိချိန်ကတည်းကပင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ဝန်ကြီးချုပ်၊ တိုင်း NLD ပါတီ ဥက္ကဋ္ဌတို့နှင့် နီးကပ်စွာနေ၍ စကားပြောဆိုနေသည်ကို မတွေ့ရသည်မှာ ထူးခြားချက်တစ်ခုဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ထိုအချက်ကြောင့် တနင်္သာရီတိုင်းခရီးစဉ်အတွင်း ဒေသခံများ၏ တောင်းဆိုချက်များ အရာထင်လာတော့မည်လားဟု မျှော်လင့်ချက်များ မြင့်တက်နေသည်။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးတို ့ အဂတိလိုက်စားခြင်းအပေါ် စစ်ဆေးအရေးယူပေးရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NLD ပါတီ ဗဟိုစည်းကမ်းထိန်းသိမ်းရေးတို့ထံ တိုင်းအတွင်းရှိ ဒေသခံများ လက်မှတ်ရေးထိုးကာ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက တိုင်ကြားမှုရှိခဲ့သည်။ ထိုသို့ တိုင်ကြားမှုဖြစ်ပွားခဲ့ပြီးနောက် ပါတီက စုံစမ်းစစ်ဆေးမှုရှိခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှလည်း စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။ ထိုသို့တိုက်ဆိုင်သည့် အခြေအနေများကြောင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ တနင်္သာရီတိုင်းခရီးစဉ် လာရောက်ခဲ့ခြင်းနောက် တိုင်းသူတိုင်းသားများ၏ တောင်းဆိုချက်များ အောင်မြင်ပြီး တိုင်းအစိုးရအဖွဲ့အတွင်း အပြောင်းအလဲ ဖြစ်ပေါ်လာမည်လာဟု မျှော်လင့်လျက်ရှိသည်။           

 

 

 

Most Read

Most Recent