အဆိပ်သင့် ဧည့်သည်

အဆိပ်သင့် ဧည့်သည်
အဆိပ်ချဖမ်းဆီးမှုကြောင့် ရေဘဲခေါင်းစိမ်းတစ်ကောင် သေဆုံးပြီိးနောက် ပလိပ်အင်းတွင်တွေ့ရသည့် ရေဘဲခေါင်းစိမ်းအမတစ်ကောင်ကို တွေ့ရစဉ်
အဆိပ်ချဖမ်းဆီးမှုကြောင့် ရေဘဲခေါင်းစိမ်းတစ်ကောင် သေဆုံးပြီိးနောက် ပလိပ်အင်းတွင်တွေ့ရသည့် ရေဘဲခေါင်းစိမ်းအမတစ်ကောင်ကို တွေ့ရစဉ်
Published 17 February 2019
လဲ့လဲ့အောင်

“ဒီနေ့ သူ့ကိုတွေ့လိုက်ရပြီး ဟုတ်တယ်လို့ အတည်ပြုချက်ရလိုက်တဲ့အခါ ကျွန်တော်တို့တစ်ဖွဲ့လုံး ဝမ်းသာသွားတယ်။ ဒါပေမဲ့ သူ့ကိုသေချာ ကြည့်လိုက်တဲ့အခါတစ်ခုခုကို ခံစားနေရသလိုလို တစ်ခုခုကို မျှော်နေသလိုလို” ဆိုသည့် စာသားအချို့နှင့် တစ်ကောင်တည်းအထီးကျန်နေသည့် ငှက်ပုံလေးကို လူမှုကွန်ရက် စာမျက်နှာထက်တွင် မြင်တွေ့လိုက်ရသည်က သနားကရုဏာသက်စရာပင်။

ဒီစတေးတပ်ကို တင်ထားသူကတော့ ၀ါသနာအရ မန္တလေးအနီးဝန်းကျင် အင်းတွေကို လှည့်လည်ပြီး ဆောင်းခိုငှက်၊ ဌာနေငှက်နေထိုင် ကျက်စားမှုတွေကို မှတ်တမ်းတင်နေသူတစ်ဦးပင်ဖြစ်သည်။ သူတင်ထားသည့် ဘဲငှက်ကလေးမှာ မျိုးသုဉ်းလုနီးပါး အန္တရာယ်နှင့် ကြုံတွေ့နေရသော ရေဘဲခေါင်းစိမ်းအမည်ရ ငှက်လေးတစ်ကောင်၏ ပုံပင်ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက လူမှုကွန်ရက်စာမျက်နှာထက်တွင် မန္တလေးအနီးဝန်းကျင်မှာရှိသည့် ဆောင်းခိုငှက်အများဆုံးလာရောက်ကျက်စားရာ ပလိပ်အင်းတွင် အဆိပ်ချငှက်ဖမ်းဆီးမှုများကြောင့် သေဆုံးခဲ့သည့် ငှက်ပုံများနှင့် ရေဘဲပုံများမှာ လူမှုကွန်ရက်စာမျက်နှာထက်တွင် ပျံ့နှံ့ခဲ့ပြီး ယင်းထဲတွင် ဆောင်းခိုရှားပါးရေဘဲ ခေါင်းစိမ်းငှက်တစ်ကောင်ပုံလည်း ပါဝင်ခဲ့သည်။

စျေးကွက်စီးပွားရေးအရ ငှက်မုဆိုးများသည် ငှက်များကို ဖမ်းဆီးသည့်အခါ ယခင်သမားရိုးကျနည်းများထက် ငှက်များများမိစေရန် ရည်ရွယ်ပြီး ငှက်များနေထိုင်ကျက်စားသည့် အင်းရေပြင်တွင် အဆိိပ်ချငှက်ဖမ်းဆီးများ၊ ပိုက်ကွန်ထောင်ဖမ်းဆီးခြင်းများကို လွန်ခဲ့သည့် ငါးနှစ်ဝန်းကျင်ခန့်မှ စတင်ဆောင်ရွက်လာကြပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာလျက်ရှိသည့်အတွက် ငှက်စောင့်ကြည့် လေ့လာသူများမှာ ရှားပါးငှက်များအတွက် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေသည့်ကြားမှ ယင်းကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ခြင်းပင်ဖြစ်သည်။

ပလိပ်အင်းတွင် နှစ်စဉ်ငှက်စောင့်ကြည့်လေ့လာသူများ၏ မှတ်တမ်းတင်မှုများအရ ရေငှက်မျိုးစိတ် ၃၀ မျိုး၊ ရာသီအလိုက် ပြောင်းရွှေ့ကျက်စားသည့် ဆောင်းခိုငှက် ၁၁ မျိုးနှင့် ဒေသမျိုးရင်းငှက်မျိုးစိတ် ၁၉ မျိုး ကျက်စား နေထိုင်ပြီး ယင်းထဲတွင် ကမ္ဘာ့ရှားပါးစားရင်း ဝင်ဥပန်း၊ တင်ကျီး၊ တောငန်း၊ ဘဲရစ်၊ ဘဲမြီးသွယ်၊ ရှိုဗယ်လာဘဲ၊ ရေငှက်ကြီးမျိုးများနှင့် မျိုးသုဉ်းရန် အန္တရာယ်နှင့် ကြုံတွေ့နေရသော ရေဘဲခေါင်းစိမ်းအမည်ရ ငှက်မျိုးစိတ်အပါဝင် ခြောက်မျိုးခုနစ်မျိုးခန့် ကျက်စားနေထိုင်သည့် ရေတိိမ်ဒေသတစ်ခုပင်ဖြစ်သည်။

ယင်းသို့ လာရောက်နေထိုင်ကျက်စားသည့် ငှက်မျိုးစိတ်၊ ငှက်ကောင်ရေများပြားခြင်းမှာ ငှက်ချစ်သူ၊ ငှက်လေ့လာစောင့်ကြည့်သူများအတွက် သဘာဝရတနာတစ်ခုအဖြစ် တည်ရှိသကဲ့သို့ စီးပွားဖြစ် ငှက်ဖမ်းဆီးသူများအတွက် မျက်စိကျစရာနေရာဒေ သတစ်ခုဖြစ်ခဲ့သည်။

ငှက်အဆိပ်ချဖမ်းဆီးသူများသည် ငှက်များနေထိုင်ကျက်စားသည့် အင်းရေပြင်ကြာပင်၊ ကြာဖက်များတွင် ငှက်များစားသုံးလေ့ရှိသည့် ကြာဝတ်ဆံများကို အဆိပ်လူး၍ချထား ဖမ်းယူကြသည်။ ဥပဒေအရ အရေးယူနိုင်ရန်မှာ အထောက်အထားပြည့်စုံရန်လို အပ်သည့်အတွက် အရေးယူမှုအားနည်းခဲ့ခြင်းမှာ ငှက်ဖမ်းသူများအတွက် အခွင့်အရေးတစ်ရပ် ဖြစ်ခဲ့သည်။

ထို့ကြောင့် ငှက်ဖမ်းဆီးမှုများကို ငှက်လေ့လာသူများက တွေ့ရှိသော်လည်း မတားဝံ့သည့် အဖြစ်များရှိခဲ့သည်။

“နှစ်တိုင်းကတော့ အဆိပ်ချဖမ်းတဲ့သူတွေကို မြင်တွေ့နေရတာပဲ။ ဒါပေမဲ့ တားဖို့၊ ဆီးဖို့ကျ ကိုယ့်တတ်နိုင်တဲ့အားနဲ့ ကြိုးစားကြည့်ပေမဲ့ မတားဆီးနိုင်ခဲ့ဘူး။ ဒီနှစ်ကတော့ အရမ်း ဆိုးရွားလာတဲ့အတွက် အဆိပ်မိသေတဲ့ငှက်တွေနဲ့အတူ အထက်လုပ်နိုင်ကိုင်နိုင်တဲ့အဆင့်တွေကို တင်ပြတဲ့အခါမှာ လာရောက်စစ်ဆေးမှုတွေရှိခဲ့တာပါ။ အဲဒီလို လာစစ်ဆေးနေစဉ်ကြားထဲကကို ဒုတိယနေ့မှာ ရေဘဲခေါင်းစိမ်း ငှက်တစ်ကောင်သေဆုံးနေတာကို တွေ့ခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ရတယ်” ဟု ဆောင်းခိုငှက် စောင့်ကြည့်လေ့လာသည့် ဆရာဇေမောင်သိန်းက ပြောကြားသည်။

ငှက်စောင့်ကြည့်လေ့လာသူများ၏ တင်ပြချက်များနှင့် ဒေသခံငှက်ချစ်သူအဖွဲ့များ၏ တင်ပြချက်များကြောင့် ငှက်များအဆိပ်ချဖမ်းဆီးမှုနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်ထိန်းသိမ်းရေးဌာနမှ ရွေ့လျားမော်တော်ယာဉ်ဖြင့် ကွင်းဆင်းစောင့်ကြည့်မှုများအဖြစ် ဖေဖော်ဝါရီ ၄ ရက်မှစ၍ ၆ ရက် အထိ ပြုလုပ်ခဲ့ရာတွင် ငှက်အဆိပ်ချသူများကို ဖမ်းဆီးရမိခဲ့ခြင်း မရှိသော်လည်း ငှက်အသေများနှင့် ပုပ်ပွနေသည့် ငှက်အသေများ၊ ကြာဖက်ပေါ်တွင် ချထားသည့် ငှက်စာနှင့်အဆိပ်များကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့သည်။

“ကျွန်တော်တို့ ရွေ့လျားသားငှက် ထိန်းသိမ်းကယ်ဆယ်ရေးအဖွဲ့အနေနဲ့က အခုလို ပြဿနာတွေဖြစ်တဲ့အခါ အမြန်ဆုံးဖြေရှင်းအရေးယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ်ကစတင်ဖွဲ့ စည်းလုပ်ဆောင်ခဲ့တာပါ။ အခု ပလိပ်အင်းပြဿနာကိုလည်း သိသိချင်းမှာ ချက်ချင်းရောက်လာနိုင်အောင် ဆောင်ရွက်ခဲ့တယ်။ အင်းထဲမှာ ကွင်းဆင်းစစ်ဆေးတယ်။ စောင့်ကြည့်တယ်။ ဒါပေမဲ့ အဆိပ်ချတဲ့သူတွေကို ဖမ်းဆီးရမိမှုတော့ မရှိခဲ့ဘူး။ မသင်္ကာတဲဲ့သူတွေကိုတော့ မလုပ်ဖို့အသိပေးတယ်။ အမည်မှတ်တမ်းယူ ထားတာတွေလုပ်ခဲ့တယ်။ ထပ်ပြီးတော့လည်း အရေးယူနိုင်အောင် စောင့်ကြည့်မှုတွေ လုပ်သွားမှာပါ” ဟု ရွေ့လျားသားငှက် ထိန်းသိမ်းကယ်ဆယ်ရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးသန်းလင်းက ပြောကြားသည်။

ငှက်များကိုဖမ်းဆီးရောင်းချပါက တောရိုင်းတိရစ္ဆာန်များ ကာကွယ်သည့်ဥပဒေ ပုဒ်မအရ ၃၇ (က)နှင့် (ခ)အရ ပြစ်ဒဏ်ချမှတ်နိုင်ပြီး ရှားပါးမျိုးသုဉ်းလုနီးပါး ငှက်မျိုးစိတ်များကို သတ်ဖြတ်၊ ရောင်းချ၊ လက်ဝယ်ထားရှိပါက အနည်းဆုံးထောင်ဒဏ်သုံးနှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။

ပလိပ်အင်းတွင်အဆိပ်ချသည့် ဖြစ်စဉ်ကြောင့် သေဆုံးသွားသည့် ငှက်များတွင်ပါဝင်သည့် ငှက်များအနက် ရေဘဲခေါင်းစိမ်းငှက်မှာ တစ်ကမ္ဘာလုံးတွင် ကောင်ရေ ၁၅၀ မှ ၇၀၀ လောက်သာရှိတော့သည့် မျိုးစိတ်ဖြစ်ပြီး Amar Ubasinsf နှင့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတို့တွင် ဥဥသားပေါက်ပြီး ဆောင်းရာသီရောက်သောအခါ  ဆောင်းခိုငှက်များ ပျံသန်းရာ လမ်းကြောင်းကိုးခုရှိသည့်အနက် လမ်းကြောင်းနှစ်ခုဖြစ်သော အရှေ့အာရှ သြစတြေးလျလမ်းကြောင်းနှင့် အာရှအလယ် လမ်းကြောင်းတို့ကို အသုံးပြုပြီး ကမ္ဘာ့တောင်ခြမ်းရှိ နိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ တရုတ်၊ ဟောင်ကောင်၊ နီပေါ၊ မြောက်ကိုရီးယား၊ ထိုင်ဝမ်၊ ဗီယက်နမ်နှင့် အိန္ဒိယအစရှိသော နိုင်ငံများတွင် ပြောင်းရွှေ့ကျက်စားပြီး မြန်မာနိုင်ငံသို့ ဇန်နဝါရီတွင် လာရောက် ဆောင်းခိုကျက်စားလေ့ရှိသည်။

ကျက်စားသည့်အခါ မြန်မာနိုင်ငံရှိ ရေဝပ်၊ ရေချိုကန်များနှင့် ဆည်များတွင် လာရောက်ဆောင်းခိုသော ရေဘဲငှက်ဖြစ်ကာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ရေချိုကန်ပေါင်း ၂၅ ခုတို့ကို စစ်တမ်းကောက်ယူရာတွင် မန္တလေးအနီးဝန်းကျင်ရှိ ပျူကန်တွင် ၁၀ ကောင် ဝန်းကျင်နှင့် ပလိပ်အင်းတွင် တစ်စုံကျက်စားနေထိုင်ကြောင်း သိရသည်။

လက်ရှိတွင် ပလိပ်အင်းအတွင်းကျက်စားနေသည့်ထဲမှ တစ်ကောင်မှာ အဆိပ်မိသေဆုံးခဲ့သည့်အတွက် ကျန်တစ်ကောင်အတွက် စိုးရိမ်မှုများဖြစ်ပေါ်ခဲ့သော်လည်း နောက်ရက်များတွင် မှတ်တမ်းတင်နိုင်ခဲ့ရာ ငှက်လေ့လာသူများ စိုးရိမ်ပူပန်မှု လျော့ကျခဲ့သော်လည်း ငှက်များလုံခြုံစိတ်ချစွာ ရှင်သန်နိုင်ရန်အတွက်မူ မေးခွန်းမှုများရှိနေဆဲပင်။

ငှက်များဖမ်းဆီးသတ်ဖြတ် ရောင်းချခြင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဖြစ်ပေါ်နေပြီး အင်း၊ အိုင်များတွင် ရှင်သန်နေထိုင်သော ငှက်များအတွက် လုံခြုံမှုမှာ စျေးကွက်အတွင်း ရောင်းချနေသည့် ငှက်အသေများ၏ ပုံများက လွတ်လပ်စွာ ပျံသန်းရှင်သန်ခြင်းအတွက် စိုးရိမ်ချောက်ချားစရာမြင်ကွင်း များပင်ဖြစ်သည်။

ငှက်ချစ်သူ၊ ငှက်လေ့လာသူများအနေဖြင့် ငှက်များရှင်သန်ရေးအတွက် ရေတိုဖြေရှင်းနည်းအပြင် သဘာဝနယ်မြေများပိုမို ဖော်ဆောင်ကာ ဥပဒေအတိုင်းအရေးယူမှုများနှင့် ကြပ်မတ်မှုများကို ယခုလုပ်ဆောင်နေသည်ထက် ပိုမိုဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်ဟု သုံးသပ်ကြသည်။ တစ်နှစ်ပတ်လုံး မကာကွယ်နိုင်လျှင်တောင် ယခုကဲ့သို့ ရှားပါးငှက်များ လာရောက်ဆောင်းခိုသည့် ကာလအတွင်း  သီးသန့်စောင့်ကြည့် အရေးယူသည့် အဖွဲ့အစည်းများဖြင့် အရေးကြီးသည့် နေရာများအလိုက် ဆောင်ရွက်စေလိုသည်ဟု ဆိုသည်။

တောရိုင်းတိရစ္ဆာန်နှင့် သားငှက်များ ထိန်းသိမ်းသည့်လုပ်ငန်းများတွင် အဓိကကြုံတွေ့နေရသည့် ပြဿနာမှာ လူ့ပယောဂကြောင့် မျိုးသုဉ်းရှားပါးတိရစ္ဆာန်များ သေဆုံးရသည့် ပြဿနာပင်ဖြစ်သည်။ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် လက်ရှိသဘာဝ ရင်းမြစ်များမပျက်စီးဘဲ ရေရှည်တည်တံ့ရေးကို အလေးထားလုပ်ဆောင်ရန် လိုအပ်ပြီး မိုင်ပေါင်းရာထောင်ချီ ပျံသန်းလာသော ဧည့်ငှက်ကလေးများ သွားလမ်းသာ၊ ပြန်လမ်းဖြောင့်ကာ ဧည့်သည်တို့၏ ယာယီ ကွန်းခိုရာများ အဆိပ်အတောက် ကင်းစင်ဝန်းကျင်စိမ်း လန်းသာယာပါစေ။

မကြာမီ ဆောင်းခိုကာလ ကုန်ဆုံးတော့ပေမည်။ လာစဉ်တွင် တူယှဉ်တွဲခဲ့ရသော်လည်း ပြန်ချိန်တွင် နေရပ်မပြန်နိုင်ခဲ့သည့် ဧည့်သည်တို့ မည်မျှအထိ ရှိမည်နည်း။ အဆိပ်သင့် အထီးကျန်ခြင်းဝေး၍ တစ်နှစ်တစ်ခါ အရောက်လာခဲ့ကြသည့် ဧည့်သည်တို့၏ နေရပ်ပြန်ချိန်တွေ ထာဝရအန္တရာယ်ကင်း ပျော်ရွှင်ပါစေ။                                

 

Most Read

Most Recent