“ကျွန်တော်တို့ အချက်အလက်တွေ စုဆောင်းတဲ့အခါမှာ တကယ်ပဲဒေသခံတွေက ပြောကြပါတယ်။ ရွာတွေမှာ မင်္ဂလာဆောင်ပွဲတို့၊ ကထိန်ခင်းပွဲတို့မှာဆိုရင် လူငယ်တွေကို စိတ်ကြွရူးသွပ်ဆေးပြားတွေ ပေးပြီးတော့ ၀ိုင်းလုပ်တာတို့က ဓလေ့တစ်ခုလို ရှိနေပါပြီ။ သံဖြူဇရပ်တို့၊ ရေးမြို့နယ်တို့ ဘက်မှာဆိုရင် အလှူအတန်းပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာဆိုရင် စိတ်ကြွရူးသွပ်ဆေးပြားတွေ ပေးဝေနေတာမျိုးတွေ တွေ့မြင်ခဲ့ရပါတယ်။ ဆေးသုံးစွဲမှုမှာ မွန်လူငယ်တွေက တော်တော်များပါတယ်။ မွန်လူငယ်တွေက အပျော်အပါးကို အရမ်းကို ခုံမင်ကြတယ်။ ပွဲလမ်းသဘင်တွေ သွားမယ်ဆိုရင် သူငယ်ချင်းတွေစုပြီး ဆေးစသုံးကြတဲ့ ပုံစံမျိုးတွေ တွေ့မြင်ရပါတယ်”
ဒါက မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) မှ နိုင်ချွန်းက မွန်လူငယ်တွေကြားမှာ မူးယစ်ဆေးဝါး သုံးစွဲနေမှု အခြေအနေနဲ့ ပတ်သက်တဲ့ စစ်တမ်းကောက်ယူခဲ့စဉ်က သူတို့ရဲ့ အတွေ့အကြုံကိုပြောတာ ဖြစ်ပါတယ်။
“မူးယစ်ဆေးဝါးတွေကို စင်ကာပူနိုင်ငံရောက်မှ စသုံးတဲ့သူတွေ ရှိသလို၊ ထိုင်းနိုင်ငံရောက်မှစပြီး သုံးစွဲကြတဲ့ လူတွေလည်း တွေ့ရတယ်။ ရွာကိုပြန်လာရင်လည်း ဆက်ပြီးသုံးစွဲကြတဲ့ လူတွေလည်း ရှိပါတယ်။ တချို့ဆို မလေးရှားနိုင်ငံကိုရောက်မှ စသုံးတဲ့လူတွေလည်း ရှိပါတယ်။ ဆေးသုံးတဲ့ လူတွေက အသက် ၁၂ နှစ်အရွယ်ကနေ အသက် ၅၆ နှစ် အရွယ်ကြားမှာ အများဆုံး တွေ့ရတယ်။ အဲဒီအရွယ်ကလည်း ဆေးစွဲပြီးရင်ဖြတ်ဖို့ တော်တော်ခက်ပါတယ်။ စိတ်ကိုဘယ်လိုမှ ထိန်းချုပ်လို့မရဘူး။ ကုသရေးတွေ ဘယ်လိုပဲ လုပ်နေလုပ်နေ ပြန်သုံးကြတာများတယ်။ ဆေးဖြတ်ပြီး ရွာကို ပြန်ရောက်လို့ အရင်သူငယ်ချင်းတွေ၊ အရင်ပတ်ဝန်းကျင်နဲ့ ပြန်တွေ့ရင် ပြန်သုံးတာများပါတယ်။ စိတ်ကြွရူးသွပ်ဆေး စွဲနေတဲ့သူတွေရဲ့ ဖြေကြားချက်တွေမှာ ရာခိုင်နှုန်း ၉၀ ကျော်က သူငယ်ချင်းတွေမှတစ်ဆင့် ဒီဆေးပြားတွေကို စမ်းသုံးကြည့်ဖို့ ဆွယ်တာကနေ စသုံးဖြစ်ကြတယ်။ ၁၀ ရာခိုင်နှုန်းက ဆေးဖြန့်နေကြတဲ့ စီးပွားရေး သမားတွေက အခမဲ့ပေးသုံးလို သုံးစွဲနေကြတာကို တွေ့ရပါတယ်” လို့ နိုင်ချွန်းက သူ့အတွေ့အကြုံကို ပြောပါတယ်။
“စစ်တမ်းတွေအရ မွန်လူငယ်တွေထဲမှာ ယောကျ်ားလေး ၁၀၀ မှာ ၈၀ လောက် စိတ်ကြွရူးသွပ် ဆေးပြားသုံးစွဲ နေကြတာကို တွေ့ရပါတယ်။ အဲဒီအပြင်ကို အသက်မပြည့်သေးတဲ့ ကလေးတွေကအစ သုံးစွဲနေကြတာ တွေ့ရတယ်။ ကျွန်တော်တို့ရွာမှာဆိုရင် အသက် ၁၃ နှစ်၊ ၁၄ နှစ်အရွယ် ကလေးတွေကအစ မူးယစ်ဆေးဝါး သုံးစွဲနေကြတာ။ မိဘက မပြောနိုင်လို့ ရှမ်းပြည် (ထိုင်းနိုင်ငံ) ကို သွားခိုင်းလိုက်တဲ့ အခြေအနေတွေလည်း အများကြီး ရှိပါတယ်” လို့ မွန်လူငယ်ပညာပေးရေးအဖွဲ့ (MYPO) က မင်းဆိုက်ထောက ပြောပါတယ်။
ဒါဟာ မွန်လူငယ်လေးတွေရဲ့ အနာဂတ်အတွက်ကို အင်မတန်မှ ရင်လေးစရာ အကြောင်းရင်းတွေပါ။
“ကျွန်တော်တို့ ကျေးရွာတွေက တချို့လူငယ်တွေက ပညာရေး တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ပြီး နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြတယ်။ နိုင်ငံခြားမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး သုံးစွဲတာတွေ တတ်လာကြတယ်။ ရွာပြန်လာရင်လည်း ဆက်ပြီးသုံးစွဲကြတဲ့ ပုံစံမျိုးတွေ တွေ့ရတယ်။ ကျွန်တော်တို့ရွာမှာဆိုရင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကဆိုရင် မူးယစ်ဆေးဝါး ရောင်းတဲ့အိမ် မရှိဘူး။ အခုဆိုရင် မူးယစ်ဆေးဝါး ရောင်းတဲ့အိမ်တွေ ရှိလာတယ်။ ဘယ်သူမှလည်း ဘာမှမပြောကြဘူး” လို ့ မင်းဆိုက်ထောက ဆက်ပြောပါတယ်။
“မြန်မာနိုင်ငံအတွင်းမှာ မူးယစ်ဆေးဝါး သုံးစွဲတယ်တဲ့ အနေရာမှာ ရှမ်းပြည်နယ်တို့၊ ကချင်ပြည်နယ်တို့ ဘက်မှာလည်း မူးယစ်ဆေးဝါး သုံးစွဲမှုကများတယ်။ မွန်နဲ့ ကရင်ပြည်နယ်ဘက်မှာ သုံးစွဲမှုတွေလည်း ရှိပါတယ်။ မွန်နဲ့ ကရင်မှာ အများဆုံး သုံးစွဲကြတဲ့ မူးယစ်ဆေးဝါးက WY လို့ခေါ်တဲ့ စိတ်ကြွရူးသွပ်ဆေးပြားကို အဓိကထားပြီး သုံးစွဲကြတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်အားလုုံးမှာဆိုရင် WY ကိုသုံးစွဲမှုက မွန်နဲ့ ကရင်မှာ အများဆုံးလို့ ယေဘုယျပြောလို့ ရပါတယ်” လို့ လောကအလင်းအဖွဲ့က ဦးရဲနောင်ထွဋ်က ပြောပါတယ်။
“ဘာ့ကြောင့် ဒီစိတ်ကြွရူးသွပ်ဆေးပြားတွေကို အများဆုံး အသုံးပြုကြလဲဆိုရင် ဒီဆေးပြားတွေက လွယ်လင့်တကူ ဝယ်ယူလို့ ရနေတယ်။ သုံးစွဲရလည်း လွယ်ကူပါတယ်။ နောက်နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်တွေကလည်း အရမ်းများတယ်။ နောက်မူးယစ်ကုန်သည်တွေရဲ့ Marketing ပုံစံတွေကလည်း ပြောင်းလဲလာတဲ့အတွက် လူငယ်ထုထဲကို မူးယစ်ဆေးဝါးတွေက ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်ပြီးတော့ သုံးစွဲမှုတွေ မြင့်တက်လာတယ်လို့ သုံးသပ်လို့ရပါတယ်” လို့ ဦးရဲနောင်ထွဋ်က ဆက်ပြောပါတယ်။
မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ကဏ္ဍနှင့် ပတ်သက်ပြီး အရေးယူ ဆောင်ရွက်များသော်လည်း နဂိုအခြေအနေထက် ပိုမဆိုးရအောင် ထိန်းချုပ်နိုင်သည့် အခြေအနေမျိုးသာ ရှိသေးတယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့မှာရှိတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ ဒုတိယအကြိမ် မွန်ပြည်နယ် ဒုတိယအကြိမ် လွှတ်တော်သုံးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပြဿနာနဲ့ ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။
“ကျေးရွာတွေမှာဆိုရင် ဘိန်းစာရွက်နဲ့ ကိုကာကိုလာကို ရောပြီးတော့ သောက်သုံးတဲ့ အလေ့အထတွေက ဆိုးဆိုးရွားရွားကြီးကို ဖြစ်ပျက်နေပါတယ်။ ဒါဟာ ကျွန်တော်အနေနဲ့ အရှိကိုအရှိအတိုင်း ပြောတာပါ။ အဲဒါကို ဒီအတိုင်းတော့ လုပ်လို့မဖြစ်တော့ဘူး။ ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူလူထုတွေ အပါအဝင် ကျွန်တော်တို့ရဲ့ ဘာသာရေးဆိုင်ရာ ဆရာတော်၊ သံဃာတော်တွေ ပါမှသာလျှင် ဒီကိစ္စကို ထိန်းချုပ်နိုင်မယ့် အခြေအနေမျိုး ရှိတဲ့အကြောင်း ပြောကြားလိုပါတယ်” လို့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားခဲ့ပါတယ်။
ဒါတွေဟာ လက်ရှိမွန်ပြည်နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါး သုံးစွဲနေမှု အခြေအနေတွေ ဖြစ်ပါတယ်။
“မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပြောင်းလဲလာတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ပြည်သူလူထုကြားမှာ သိရှိမှု အားနည်းချက်များ ရှိနေပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့ ပြည်ထောင်စုအဆင့်ဖြစ်စေ၊ ပြည်နယ်အဆင့်ဖြစ်စေ၊ တားဆီးကာကွယ် နှိမ်နင်းရေးအတွက် စီမံချက်တွေရေးဆွဲပြီး ဆောင်ရွက်နေတယ် ဆိုပေမယ့်လည်း ကျွန်တော့်အမြင်က လက်တွေ့မှာ ဘဏ္ဍာငွေသုံးစွဲမှု အနေနဲ့ ပိုမိုသုံးစွဲပြီးတော့ ဆောင်ရွက်တာမျိုး မရှိတာ အားနည်းချက်အနေနဲ့ တွေ့မြင်ရပါတယ်” ဟုမွန်ပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။
“ဒီမူးယစ်ဆေးဝါး ကာကွယ်နှိမ်နင်းရေး အတွက်ကို အဖွဲ့တွေဖွဲ့မယ်။ စီမံချက်တွေရေးဆွဲမယ်။ စီမံချက်အောက်မှာပါတဲ့ နှိမ်နင်းရေး၊ ကာကွယ်တားဆီးရေး၊ ပညာပေးရေး ကဏ္ဍတွေအပြင် အဲဒီကဏ္ဍတွေကို ဆောင်ရွက်နိုင်ဖို့အတွက် လုံလောက်တဲ့ ငွေရေးကြေးရေး၊ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှု အားနည်းချက်တွေ ရှိတဲ့အတွက် ထိရောက်စွာ ဆောင်ရွက်သင့်ပါတယ်။ ဆိုလိုတာက ဒီကာကွယ်နှိမ်နင်းရေးနဲ့ အသိပညာပေးရေး လုပ်ငန်းတွေမှာ ထိုက်သင့်တဲ့ ဘဏ္ဍာငွေသုံးစွဲခွင့်ရမှသာလျှင် ထိထိရောက်ရောက် ကာကွယ်နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်” လို့ ဒေါက်တာအောင်နိုင်ဦးက သူ့အမြင်ကို ပြောပါတယ်။
“ဖမ်းဆီးနှိမ်နင်းရေးပိုင်းမှာ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် ကိုယ်တိုင်သူ့ဆီကို တင်ပြတိုင်ကြား မယ်ဆိုရင် ထိရောက်စွာအရေးယူ မယ်လို့ ပြောခဲ့ပေမယ့် လက်တွေ့ မှာ သူ့ဆီရောက်တဲ့ တိုင်ကြားစာ တွေအတိုင်း ဖမ်းဆီးရမိခဲ့ပေမယ့် လည်း တချို့အမှုတွေက ပိုင်ရှင်မဲ့ ဖြစ်ဖြစ်သွားတော့ ကျွန်တော်တို့ ပြည်သူလူထုကြားမှာ နားမလည်နိုင်အောင်ပဲ ဖြစ်ကြရပါတယ်။ ပြော ချင်တာက လူထုဘက်က ဘာမြင်လဲဆိုတော့ ဒီစိတ်ကြွ ဆေးပြားဆိုရင် တစ်လုံးစ၊ နှစ်လုံးစတွေကိုလည်း ဖမ်းနေတာ။ ဖမ်းပါ။ တကယ့်ကို အကြီးကြီးတွေ လုပ်နေတဲ့၊ ဂိုဏ်းဂဏ ဆန်ဆန်ထုတ်လုပ်မှု၊ ဖြန့်ဝေမှုလုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်း တွေကိုလည်း ထိထိရောက်ရောက် ဖမ်းဆီးနှိမ်နင်းပေးဖို ့စိတ်ဆန္ဒရှိကြပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ အကျင့်ပျက် ခြစားမှုတွေလည်း ရှိနေတယ် ဆိုတာလည်း ကျွန်တော်တို့အားလုံး သတိပြုစေချင်ပါတယ်” လို ့ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။
“မွန်လူငယ်အဖွဲ့တွေက ပညာပေးတာတွေ လုပ်နေကြတာပဲ။ ဒါပေမဲ့ အဲဒါနဲ့က မထိရောက်သေးဘူး။ အဓိကက ဥပဒေ အကာအကွယ်ရှိဖို့ပါ။ ဖမ်းဆီးမှုတွေ ပြုလုပ်နေပေမဲ့လည်း ဖမ်းမိတဲ့သူတွေက အနည်းအကျဉ်း သုံးစွဲနေတဲ့သူတွေ။ တကယ့် အရောင်းဒိုင်ကြီးတွေကိုတော့ မမိကြဘူး။ အဲဒီအနေအထားက တော်တော်လေးကို ဆိုးဆိုးရွားရွားကြီး ဖြစ်နေတယ်” လို့ မွန်လူငယ်ဆုံမှတ် အဖွဲ့က မင်းဇာနည်ဦးက ပြောပါတယ်။
“မူးယစ်ဆေးဝါးကို ဗုဒ္ဓဘာသာအနေနဲ့ဆို ဘုရားလည်း မကြိုက်ဘူး။ ထို့အတူပဲ ခရစ်ယာန်ဘာသာလည်း မကြိုက်ဘူး။ အစ္စလာမ်၊ ဟိန္ဒူ စသဖြင့် ဘာသာတွေ အားလုံးကလည်း မကြိုက်ကြဘူး။ ဘာသာတရား ယုံကြည်မှု ရှိမယ်ဆိုရင် ဘုရားမကြိုက်တဲ့ ကိစ္စတွေကို မလုပ်ဆောင်ကြဖို့ ပြောချင်ပါတယ်” လို့ မင်းဇာနည်ဦးက ဆက်လက် ပြောကြားပါတယ်။
တကယ်တော့ မူးယစ်ဆေးဝါး အန္တရာယ်က မွန်လူငယ်တွေထဲမှာမှ မဟုတ်ပါဘူး။ အခြားအခြားသော တိုင်းရင်းသားများ၊ နိုင်ငံသားများ၊ နောက်ဆုံးမြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် စိုးရိမ်စရာပါ။ ဒါကိုထိထိရောက်ရောက် ကာကွယ်တားဆီးမှုတွေ မလုပ်ဆောင်နိုင်ဘူး ဆိုရင်ဖြင့်။