ဗယ်လင်တိုင်းနှင့် ချစ်ခြင်းမေတ္တာ၏အကြောင်း

ဗယ်လင်တိုင်းနှင့် ချစ်ခြင်းမေတ္တာ၏အကြောင်း
Published 14 February 2019

နှလုံးသားတစ်ခုကို သင် ဘယ်လောက်ချစ်သလဲဆိုတာနဲ့ မဆုံးဖြတ်နိုင်ပါဘူး။ သင့်ကို တခြားသူတွေ ဘယ်လောက်ချစ်ကြသလဲဆိုတာနဲ့ပဲ ဆုံးဖြတ်နိုင်ပါတယ်။

ဖရန့်မော်ဂင် (၁၈၉၀-၁၉၄၉)၊ အမေရိကန်ရုပ်ရှင်မင်းသား

ချစ်ခြင်းမေတ္တာဟူသည် ကွဲပြားခြားနားသော ခံစားမှုအမျိုးမျိုး၊ စိတ်အခြေအနေ အဖုံဖုံနှင့် စိတ်သဘောထားအရပ်ရပ်တို့ ရောပြွမ်းနေသော အရာဖြစ်သည်။ “အမေ့ကို ချစ်တယ်” ဟူသော ပုဂ္ဂိုလ်နှစ်ဦးအကြား မေတ္တာတရားမှသည် “ဒီဟင်းကို ကြိုက်တယ်” ဟူသည့် ကျေနပ်မှုအရသာအထိ အတိုင်းအတာ ကျယ်ပြောလှသည်။ ပြင်းထန်သော ဆွဲဆောင်မှုနှင့်ပတ်သက်သည့် စိတ်ခံစားမှုတစ်ရပ် သို့မဟုတ် လူပုဂ္ဂိုလ်တို့အကြား သံယောဇဉ်တစ်ရပ်ကိုလည်း ရည်ညွှန်းနိုင်သည်။ လူသားတို့၏ မေတ္တာ၊ ကရုဏာနှင့် အကြင်နာတရားကိုလည်း ကိုယ်စားပြုသည်။ လူတစ်ဦးက အခြားတစ်ဦးအပေါ် တစ်ကိုယ်ကောင်းမဆန်သော၊ သစ္စာရှိသော၊ စေတနာထားသော သဘောထားကို ဆိုလိုသည်။ အခြားလူသားများ သို့မဟုတ် မိမိကိုယ်တိုင် သို့မဟုတ် သတ္တဝါများအပေါ် ကရုဏာထားသော သို့မဟုတ် မေတ္တာထားသော လုပ်ဆောင်ချက်များကို ဖော်ပြရာ၌ ချစ်ခြင်းမေတ္တာဟူသည့် စကားလုံးကို သုံးစွဲကြသည်။

ချစ်ခြင်းမေတ္တာအကြောင်း ပြောဆိုကြသည့်အခါ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုသည့် ဗယ်လင်တိုင်းဒေးအကြောင်း ပြောရန်ဖြစ်လာသည်။ နှစ်စဉ် ဖေဖော်ဝါရီ ၁၄ ရက် ရောက်တိုင်း အမေရိကန်ပြည်ထောင်စုတစ်ဝန်းနှင့် ကမ္ဘာတစ်လွှားမှ အခြားနေရာများတွင် ချစ်သူခင်သူတို့အကြား ချောကလက်များ၊ ပန်းများနှင့် လက်ဆောင်များ ဖလှယ်ကြသည်။ ဗယ်လင်တိုင်းဒေးတွင် နှစ်စဉ် နှုတ်ခွန်းဆက် ကတ်ပြားများ ပေးပို့ဖလှယ်မှုပေါင်း သန်း ၁၅၀ ခန့်ရှိသည်ဟု ဆိုသည်။ ခရစ္စမတ်ပြီးလျှင် ဒုတိယမြောက် နှုတ်ခွန်းဆက်ကတ်များ ပေးပို့မှုအများဆုံးဖြစ်သည်။ ဗယ်လင်တိုင်းဒေးဟူသည် စိန့်ဗယ်လင်တိုင်းအမည်ရှိ ခရစ်ယာန် အာဇာနည်ဘုန်းတော်ကြီး၏ အမည်ကို အစွဲပြုမှည့်ခေါ်ထားခြင်း ဖြစ်သည်။

ကက်သလစ် ခရစ်ယာန်အသင်းတော်က အသိအမှတ်ပြုထားသော ဗယ်လင်တိုင်း အမည်ရှိ ဘုန်းတော်ကြီး သုံးပါးထက်မနည်းရှိသည်။ အားလုံးသည် အာဇာနည် ဘုန်းတော်ကြီးများ ဖြစ်ကြသည်။ ဒဏ္ဍာရီတစ်ခု၌ ဗယ်လင်တိုင်းသည် ၃ ရာစုအတွင်း ရောမ၌ ထမ်းဆောင်ခဲ့သော ဘုန်းတော်ကြီး ဖြစ်သည်။ အင်ပါရာပြည့်ရှင် ကလောဒီးယက်စ်-၂ သည် ဇနီးများနှင့် မိသားစုများရှိသူတို့ထက် တစ်ကိုယ်ရေ တစ်ကာယသမားများက ပိုမိုကောင်းမွန်သော စစ်သားဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ပြီး လူငယ်များ အိမ်ထောင်ပြုခြင်းကို ဥပဒေအရ အပြစ်ရှိသည်ဟု ပြဋ္ဌာန်းခဲ့သည်။ ဘုရင်ကြီး၏ အမိန့်သည် တရားမျှတခြင်းမရှိဟု ဘုန်းတော်ကြီး ဗယ်လင်တိုင်းက သိမြင်ခဲ့ပြီး ကလောဒီးယက်စ်ကို အာခံကာ လူငယ်ချစ်သူများလက်ထပ်ခြင်းကို လျှို့ဝှက်စွာ ဆောင်ရွက်ပေးခဲ့သည်။ ကလောဒီးယက်စ်က ဗယ်လင်တိုင်း၏ လုပ်ရပ်များကို သိရှိသွားသည့်အခါ သူ့အား သေဒဏ်ပေးခဲ့သည်။

အခြားပုံပြင်များ၌ ဗယ်လင်တိုင်းသည် ရိုက်နှက်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ ပြုလုပ်သော ရက်စက်ကြမ်းကြုတ်သည့် ရောမအကျဉ်းထောင်များထဲမှ ခရစ်ယာန်ဘာသာဝင်များ လွတ်မြောက်ရန် ကူညီခဲ့သောကြောင့် အသတ်ခံရသည်ဟု ဖော်ပြကြသည်။ ဒဏ္ဍာရီပုံပြင်တစ်ခုက အကျဉ်းချခံထားရသော ဗယ်လင်တိုင်းသည် မိန်းကလေးငယ်တစ်ဦးနှင့် မေတ္တာမျှခဲ့ပြီးနောက် ဗယ်လင်တိုင်း နှုတ်ခွန်းဆက်လွှာကို သူကိုယ်တိုင်ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြသည်။ အဆိုပါမိန်းကလေးငယ်သည် ထောင်မှူး၏ သမီးဖြစ်ပြီးသူ၏ အခန်းသို့ လာရောက်တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ ဗယ်လင်တိုင်းသည် အသတ်မခံရမီ အဆိုပါမိန်းကလေးငယ်ထံသို့ ‘သင်၏ ဗယ်လင်တိုင်းထံမှ’ ဟု ရေးထိုးထားသော စာတစ်စောင်ကို ရေးသားခဲ့သည်ဟု ဆိုသည်။ ယင်းကဲ့သို့ ရေးသားပုံမျိုးကို ယနေ့တိုင် အသုံးပြုဆဲ ဖြစ်သည်။ ဗယ်လင်တိုင်း ဒဏ္ဍာရီပုံပြင်များနောက်ကွယ်မှ အမှန်တရားအား ရေရေရာရာသိရှိရန် မဖြစ်နိုင်သော်လည်း ဗယ်လင်တိုင်းသည် ချစ်ခြင်းမေတ္တာနှင့်ပတ်သက်၍ လူသားတို့အား တစ်စုံတစ်ရာကို သင်ကြားပေးခဲ့သည်မှာ အသေအချာပင်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။



(ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent