ဇာတိမြေ ( My Country My Home) ရုပ်ရှင်ဇာတ်ကားကို ANA လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ်များ၌ ပြသသွားမည်ဟု သိရသည်။ ယင်းကဲ့သို့ လေယာဉ်ခရီးစဉ်များအတွင်း လေယာဉ်ပေါ်တွင် ဇာတ် ကားများပြသရာတွင် ‘ ဇာတိမြေ’ ဇာတ်ကားသည် ပထမဆုံးသော မြန်မာရုပ်ရှင်ဇာတ်ကားဖြစ်ကြောင်းလည်း သိရသည်။
‘‘ ဒီဇာတ်ကားကို ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအနေနဲ့ ရိုက်ကူးခဲ့တာပါ။ ပြည်တွင်းမှာတော့ ရုံတင်ပြသမှုမတိုင်ခင်မှာ အွန်လိုင်းအတင်ခံလိုက်ရတဲ့အတွက် ဘာဝင်ငွေ အကျိုးအမြတ်မှ မရခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒီဇာတ်ကားကို အမေရိကားမှာ သွားပြတဲ့အချိန်မှာ အောင်မြင်မှုရခဲ့တယ်။ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ဇာတ်ကားတစ်ကား ဖြစ်ခဲ့တယ်ဆိုတာတွေက အမြတ်ပါပဲ။နောက် ပြီး ဒီဇာတ်ကားကို အခုဆိုရင် ANA လေကြောင်းလိုင်းတွေရဲ့ လေယာဉ်ခရီးစဉ်တွေမှာ ပြသတော့မှာပါ။ အဲဒီလို လေကြောင်း လိုင်းမှာ ပြသခွင့်ရတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားထဲမှာ ဇာတိမြေက ပထမဆုံးပါပဲ။ အဲဒီအတွက်လည်း ကိုယ်တွေက ဝမ်းသာရပါ တယ်’’ ဟု ဇာတိမြေဇာတ်ကား၏ Executive Project Director ဒေါ်နန်းမောက်လောဝ်ဆိုင်က ဆိုသည်။
ဇာတိမြေ ဇာတ်ကား၏ဇာတ်လမ်းကို NHK မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Yamamoto San ကရေးဖွဲ့ခဲ့ခြင်းဖြစ်ပြီး ဒါရိုက်တာကြည်ဖြူသျှင်ကိုယ်တိုင် ဇာတ်ညွှန်းရေးဖွဲ့ကာ ရိုက်ကူးထားခြင်းဖြစ်ပြီး လက်ထောက်ဒါရိုက်တာအဖြစ် ဂျပန်လူမျိုး Shimada San က ပါဝင်ထားသည်။
အဆိုပါဇာတ်ကားတွင် အကယ်ဒမီ ရန်အောင်၊ အောင်ရဲလင်း၊ မိုရီဆာကီဝင်းနှင့် အကယ်ဒမီ ဝတ်မှုံရွှေရည်တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီး ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ရိုက်ကူးသည့် ဇာတ်ဝင်ခန်းများ၌ ဂျပန်နိုင်ငံမှ အနုပညာရှင်များနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ပါဝင်ကူညီ သရုပ်ဆောင်ထားသည်။