တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ထိခိုက်စေသည့် လုပ်ရပ်များ မလုပ်ကြရန်နှင့် နယ်မြေကျူးကျော် လှုပ်ရှားနေသည့်အဖွဲ့များ သတ်မှတ်နယ်မြေအတွင်းသို့ ဖေဖော်ဝါရီ ၁၂ ရက် နောက်ဆုံးထား ဆုတ်ခွာကြရန် တပ်မတော် သတိပေးချက် ထပ်မံထုတ်ပြန်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ထိခိုက်စေသည့် လုပ်ရပ်များ မလုပ်ကြရန်နှင့် နယ်မြေကျူးကျော် လှုပ်ရှားနေသည့်အဖွဲ့များ သတ်မှတ်နယ်မြေအတွင်းသို့ ဖေဖော်ဝါရီ ၁၂ ရက် နောက်ဆုံးထား ဆုတ်ခွာကြရန် တပ်မတော် သတိပေးချက် ထပ်မံထုတ်ပြန်
 RCSS နှင့် PNLO ကြား တိုက်ပွဲများကြောင့် မိုင်းပန်မြို့နယ် ပန်ပိကျေးရွာနှင့် နောင်ချိုကျေးရွာတို့မှ နေရပ်စွန့်ခွာလာသော ဒေသခံများအား  နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးနေမှုအား ဒီဇင်ဘာ ၂၁ ရက်က တပ်မတော်မှ ထုတ်ပြန်ထားသည့် ပုံကိုတွေ့ရစဉ် (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
 RCSS နှင့် PNLO ကြား တိုက်ပွဲများကြောင့် မိုင်းပန်မြို့နယ် ပန်ပိကျေးရွာနှင့် နောင်ချိုကျေးရွာတို့မှ နေရပ်စွန့်ခွာလာသော ဒေသခံများအား  နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးနေမှုအား ဒီဇင်ဘာ ၂၁ ရက်က တပ်မတော်မှ ထုတ်ပြန်ထားသည့် ပုံကိုတွေ့ရစဉ် (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
Published 25 January 2019
မင်းနိုင်စိုး

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဒေသခံ ပြည်သူလူထု၏ အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ထိခိုက်စေသည့် လုပ်ရပ်များ မလုပ်ကြရန်နှင့် နယ်မြေကျူးကျော် လှုပ်ရှားလျက် နယ်မြေလုတိုက်ပွဲများ ဖြစ်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးသည် ကတိကဝတ်ပါ သတ်မှတ်နယ်မြေအတွင်းသို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက် နောက်ဆုံးထား၍ ဆုတ်ခွါကြရန် သတိပေးကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် အမှန်တကယ် ဆန္ဒရှိပါက ကတိကဝတ်များအပေါ် လိုက်နာ ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သော်လည်း ၂၀၁၂ ခုနှစ် မေလ ၁၉ ရက်တွင် ကျိုင်းတုံမြို့၌ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးခဲ့သည့် RCSS/ SSA အနေဖြင့် မြေပုံညွှန်း အတိအကျဖြင့် သတ်မှတ်ထားသည့် စာချုပ်ပါ နယ်မြေအတွင်းမှ လည်းကောင်း၊ SSPP (ဝမ်ဟိုင်း) အဖွဲ့အနေဖြင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် နေပြည်တော်၊ ရတနာသိင်္ဃဟိုတယ်၌ ပြုလုပ်ခဲ့သည့် အစည်းအဝေး မှတ်တမ်းအပိုဒ် (၂) ပါ တပ်မတော်၏ လျာထားမြေပုံပါအတိုင်း လိုက်နာရန် လည်းကောင်း၊ TNLA၊ AA နှင့် MNDAA တို့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် လက်နက်ကိုင် လမ်းစဉ်နှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်အပေါ်၌ လည်းကောင်း၊ KNU နှင့် KNLA (PC) အဖွဲ့တို့အနေဖြင့် NCA စာချုပ်ပါ အချက်များအား လည်းကောင်း တိကျစွာ လိုက်နာကြရန် လိုအပ်မည် ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။ 

ထိုသို့ ကတိကဝတ်အတိုင်း လိုက်နာမှသာလျှင် ထာဝရငြိမ်းချမ်းရေးအပေါ် ဆိုးကျိုးသက်ရောက်မှု လျော့နည်းစေပြီး အပြန်အလှန် ယုံကြည်မှုကိုလည်း တိုးတက် ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း၊ တပ်မတော်၏ “ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” ပါအတိုင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနနှင့်သော် လည်းကောင်း၊ တပ်မတော်၏ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့်သော် လည်းကောင်း၊  ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများကို အမြန်ဆုံးပြုလုပ်သွားရန် တပ်မတော်က တိုက်တွန်းသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အပေါ် သတိပေး သတင်းထုတ်ပြန်ခြင်း ဟူသော ခေါင်းစဉ်ဖြင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းရန် တိုင်းစစ်ဌာနချုပ် နယ်မြေ ၅ ခု၌ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းပေးခဲ့ပြီး ထိုသို့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းထားသည့် ကာလအတွင်း စစ်ဆင်ရေး နယ်မြေအလိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနနှင့် ဆွေးနွေးသွားရန်ဖြစ်ပြီး လိုအပ်လာပါက တပ်မတော်မှ ဖွဲ့စည်းပေးထားသည့် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့ဖြင့် ညှိနှိုင်းဆွေးနွေးရန် လမ်းဖွင့်ပေးခဲ့သည်ဟု ဖော်ပြထားသည်။

ထာဝရငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးသည့် နည်းတူ တစ်ဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးအနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ်အနက်မှ သဘောတူ စာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံ ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်နှင့် နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန်ဆိုသည့် အချက်လေးချက်အား အလေးထားလိုက်နာရန် လိုအပ်ကြောင်း ၊ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ခိုက်ခြင်း၊ ဒေသခံ တိုင်းရင်းသားများအပေါ် အနိုင်ကျင့်ခြင်း၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရား အဆင့်ဆင့်အား နှောင့်ယှက်ခြင်း၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် အကျိုးစီးပွားများ ထိခိုက်မှု မရှိစေရေး သတိပေးထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်းလည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် နယ်မြေ တည်ငြိမ်အေးချမ်းမှု ရှိစဉ်ကာလအတွင်း ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအား စိတ်အေးချမ်းသာစွာ အဆင့်ဆင့် ညှိနှိုင်းဆွေးနွေးရေးနှင့် ဒေသတွင်း တိုင်းရင်းသား ပြည်သူများအနေဖြင့်လည်း အဆိုပါကာလများ၌ တည်ငြိမ်အေးချမ်းစွာ လုပ်ကိုင်နေထိုင်နိုင်ရေး ရည်ရွယ်လျက် ယခုကဲ့သို့ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးအား ထုတ်ပြန်ကြေညာခဲ့သော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနှင့် ရေးထိုးနိုင်ရေး ဆွေးနွေးလျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့အနေဖြင့် တပ်မတော် စစ်ကြောင်းများအား ချောင်းမြောင်းပစ်ခတ်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း ရန်လို တိုက်ခိုက်ခြင်း၊ ဒေသခံ ပြည်သူများအား နှိပ်စက်ခြင်း၊ သတ်မှတ်နယ်မြေ ကျော်လွန် လှုပ်ရှားခြင်း၊ ဆက်ကြေး ကောက်ခံခြင်းနှင့် လူသစ် စုဆောင်းခြင်းတို့အား ပြုလုပ်လျက်ရှိသည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဇန်နဝါရီ ၂၅ ရက် သတင်းထုတ်ပြန်မှုတွင်

တပ်မတော်မှ အပစ်အခတ် ရပ်စဲထားသည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု ၁၃ ကြိမ်၊ နယ်မြေကျော်လွန် လှုပ်ရှားမှု ၁၆၈ ကြိမ်၊ ဆက်ကြေးကောက်ခံမှု ၁၀ ကြိမ်၊ လူသစ်စုဆောင်းမှု ၂၀ ကြိမ်၊ တပ်မတော်အား ချောင်းမြောင်းပစ်ခတ်မှု ၁၀ ကြိမ် နှင့် ကားမိုင်းဖြစ်စဉ် ဖြစ်ပွားမှု နှစ်ကြိမ် ဖြစ်ပေါ်ခဲ့ကြောင်း  “ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် ” ပါ အပိုဒ်(၅)၊ (၆)နှင့် (၇)တို့အား အကြိမ်ကြိမ် ဖောက်ဖျက်လျက် ရှိကြောင်း တွေ့ရှိရသည်ဟု တိုင်းစစ်ဌာနချုပ် နယ်မြေအလိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ အမည်များနှင့်တကွ ဖြစ်စဉ်များကို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၎င်းအပြင် ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းပန်မြို့နယ်၊ ပန်ပိဒေသအတွင်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှစ၍ RCSS/SSA အဖွဲ့နှင့် PNLO အဖွဲ့တို့ ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းနှင့် ဒေသခံ တိုင်းရင်းသားများအပေါ် အဓမ္မ ဆက်ကြေးကောက်ခံခြင်း၊ လူသစ် စုဆောင်းခြင်းနှင့် ခြိမ်းခြောက် မတရားပြုလုပ်မှုအပေါ် ဒေသခံ ပြည်သူများမှ စိုးရိမ်ကြောက်ရွံ့ ထိတ်လန့်လျက် ဇန်နဝါရီလ ၆ ရက်နေ့တွင် လင်းခေးမြို့သို့ လည်းကောင်း၊ ဇန်နဝါရီလ ၃ ရက် နှင့် ၉ ရက်တွင် မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာနှင့် မိုင်းပန်မြို့နယ်၊ နောင်ပါလျန်ကျေးရွာသို့ လည်းကောင်း ထွက်ပြေး တိမ်းရှောင်ကြသဖြင့်လည်း တပ်မတော်နှင့် သက်ဆိုင်ရာ ဒေသခံ အစိုးရအဖွဲ့အစည်းများမှ ပြန်လည်စည်းရုံး ခေါ်ဆောင်၍ မူလနေရပ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ရသည့်အပြင် အဆိုပါ ထွက်ပြေးတိမ်းရှောင် ပြည်သူများ၏ အသက်အန္တရာယ် လုံခြုံရေးအတွက်လည်း တပ်မတော်စစ်ကြောင်းဖြင့် အနီးကပ် လုံခြုံရေး ဆောင်ရွက်ပေးနေရသည်ဟုလည်း ယခု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားသည့် တစ်လကျော် ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား သဘောထား မှန်ကန်စွာဖြင့် အဆင့်လိုက် အမြန်ဆုံး ဆွေးနွေးဆောင်ရွက်မှု ပြုလုပ်သင့်သော်လည်း အင်အား တည်ဆောက်ခြင်း၊ နယ်မြေ တည်ဆောက်ခြင်းတို့ကို ဦးတည်သည့် လုပ်ဆောင်မှုများကြောင့် ဒေသခံ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် အကျိုးစီးပွားများကို ထိခိုက်ခဲ့ရပြီး စစ်ဘေးရှောင် ဒုက္ခသည်များ များပြားလာခြင်း၊ လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့ရေးကို ထိခိုက်လာခြင်း၊ ပြည်သူများ လိုလား တောင့်တလျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်စေခြင်းများ ဖြစ်ပေါ်လျက် ရှိသည်ကို တွေ့ရှိရသည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏  သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Most Read

Most Recent