မန်ယူနှင့်ပွဲတွင် အကောင်းဆုံးလူစာရင်းကို ပွဲထုတ်သွားမည်ဟု အူနိုင်းအမ်မရီ ပြောကြား

မန်ယူနှင့်ပွဲတွင် အကောင်းဆုံးလူစာရင်းကို ပွဲထုတ်သွားမည်ဟု အူနိုင်းအမ်မရီ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 25 January 2019

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက မန်ယူအသင်းနှင့်ပွဲစဉ်တွင် အကောင်းဆုံးလူစာရင်းကို ပွဲထုတ်သွားမည်ဟု ပြောကြားခဲ့သည်။

အာဆင်နယ်နှင့် မန်ယူအသင်းတို့၏ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်ကို မြန်မာစံတော်ချိန် စနေနေ့နံနက် (၂:၂၅) နာရီတွင် အာဆင်နယ်အသင်း၏ အိမ်ကွင်း အီးမရိတ်စ်၌ ကစားမည်ဖြစ်သည်။

အမ်မရီက မန်ယူအသင်းအနေဖြင့် ယခုရာသီတွင် ရလဒ်များဆိုးရွားခြင်းကြောင့် နာမည်ကြီးနည်းပြမော်ရင်ဟိုအား ရာထူးမှထုတ်ပယ်ခဲ့သည်ကို နားလည်ကြောင်းနှင့် လက်ရှိတွင် မန်ယူအသင်း၏ ခြေစွမ်းမှာအကောင်းဆုံးဖြစ်နေသည့်အတွက် အကောင်းဆုံးလူစာရင်းဖြင့် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အမ်မရီက "ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို မှန်းနေတဲ့အသင်းက ရလဒ်တွေဆိုးရွားတာကြောင့် နည်းပြကို ရာထူးက ထုတ်ပယ်လိုက်တာ မဆန်းပါဘူး။ ဒါဟာ ပုံမှန်ဖြစ်နေကျဖြစ်ရပ်တစ််ခုပါပဲ။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ မန်ယူအသင်းက အန္တရာယ်အရှိဆုံးကလပ်ဖြစ်ပြီး ခြေစွမ်းလည်း အရမ်းကိုကောင်းနေပါတယ်။ ဒါကြောင့် မန်ယူနဲ့မှာ အကောင်းဆုံးလူစာရင်းကို ကျွန်တော်ပွဲထုတ်သွားမှာပါ။ မန်ယူနဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြနိုင်မှသာ အဆင်ပြေမှာပါ"ဟု ပြောကြားခဲ့သည်။

ထို့ပြင် အမ်မရီက ယခုရာသီ မန်ယူအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့် အာဆင်နယ်တိုက်စစ်ကစားသမားဟောင်း ဆန်းချက်ဇ်မှာ ၎င်းတို့အသင်းကို ဒုက္ခပေးနိုင်သည့် ထိပ်တန်းကစားသမားတစ်ဦးဖြစ်ကြောင်းနှင့် PSG အသင်းကို ကိုင်တွယ်စဉ် ဆန်းချက်ဇ်အား ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးကြောင်း ဝန်ခံပြောကြားခဲ့သည်။

Most Read

Most Recent