အခွန်ကောက်ခံခြင်းနှင့် အများပြည်သူဝန်ဆောင်မှု

အခွန်ကောက်ခံခြင်းနှင့် အများပြည်သူဝန်ဆောင်မှု
Published 24 January 2019

ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ၌မဆို ပြည်သူ့ရေးရာ မူဝါဒဟူသည် ယင်းကို ပုံဖော်သည့် အာဏာကို ဆုပ်ကိုင်ထား သူတို့၏ စံတန်ဖိုးများပေါ်၌ အခြေခံသည်။ အာဏာရှင် အစိုးရက အုပ်စိုးသော နိုင်ငံများတွင် ပြည်သူ့ရေးရာ မူဝါဒဟူသည် လူမှုရေးဆိုင်ရာ ထိန်းချုပ်မှု အကြောင်းဖြစ်သည်။ ယင်းနိုင်ငံများတွင် ပြည်သူ့ရေးရာ မူဝါဒဟူသည် ပြည်သူ့ဘဏ္ဍာ အများစုကို သုံးစွဲပြီး အာဏာရှိသူ လက်တစ်ဆုပ်စာက ၎င်းတို့၏ နိုင်ငံရေးနှင့် စီးပွားရေး အာဏာကို ဆက်လက် ထိန်းသိမ်းထားနိုင်ရေးကိုသာ ရည်ရွယ်သည်။ အကျိုးတရားအားဖြင့် မညီမျှမှုများ ကြီးမားသည်ထက် ကြီးမားလာခြင်းဖြစ်သည်။ ဆင်းရဲမွဲတေမှုနှင့် ချမ်းသာကြွယ်ဝမှုတို့သည် တစ်ဖက်စွန်းဆီသို့ သွားကြသောကြောင့် ကွာဟချက်သည်လည်း ကြီးမားသည်ထက် ကြီးမားလာသည်။ ပြည်သူအများစုမှာ ၎င်းတို့၏ ဘဝအပေါ် သက်ရောက်မည့် ဆုံးဖြတ်ချက်များ၌ သြဇာသက်ရောက်ခွင့် မရဘဲ စနစ်တကျ ဖယ်ထုတ် ထားခြင်း ခံရသည်။

ဒီမိုကရေစီစနစ်သည် အာဏာရှင်စနစ်ကို တိုက်ရိုက်စိန်ခေါ်မှု တစ်ရပ်အဖြစ် ပေါ် ထွက်လာသည်။ ဒီမိုကရေစီသည် အဓိကမဏ္ဍိုင်အဖြစ် ပုဂ္ဂိုလ်ရေးဆိုင်ရာ လက္ခဏာရပ်များ သို့မဟုတ် ဘဝ၏ အနေအထားများနှင့် မသက်ဆိုင်ဘဲ ပြည်သူအားလုံး တန်းတူညီမျှမှုရှိရေးအပေါ်၌ ယုံကြည်သည်။ ဒီမိုကရေစီ၏ ပင်မမဏ္ဍိုင်ဖြစ်သော ယင်းစံတန်ဖိုးသည် ၎င်းတို့အပေါ် သက်ရောက်မည့် ဆုံးဖြတ်ချက်များ၌ နိုင်ငံသားအားလုံး အညီအမျှ ပါဝင် ခွင့်ရရေးအား အဓိက လက္ခဏာအဖြစ် သဘောထားသည်။ ဒီမိုကရေစီ၏ ဒုတိယမြောက် ပင်မ မဏ္ဍိုင် စံတန်ဖိုးမှာ မိမိဘာသာ ဆုံးဖြတ်ပိုင်ခွင့် (ပို၍ရိုးရှင်းအောင် ပြောရလျှင် လွတ်လပ်ခွင့်) ဖြစ်သည်။ တန်းတူညီမျှမှုနှင့် ပတ်သက်သော ဒီမိုကရက်တစ်အမြင်သည် နိုင်ငံသားအားလုံး အနေဖြင့် ၎င်းတို့၏ အလားအလာများကို ရယူခွင့်ဖြစ်ပြီး ပြည်သူများအနေဖြင့် မည်သို့မည်ပုံ ပြုလုပ်ရမည်ကို မိမိတို့ဘာသာ ဆုံးဖြတ်နိုင်သည့် အရည်အသွေးရှိရန် လိုအပ်သည်။ ယင်းပြည်သူတို့၏ လွတ်လပ်ခွင့်ကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ပြနိုင်ရာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ စျေးကွက်၌ လွတ်လပ်စွာ ဝယ်ယူနိုင်ခွင့်နှင့် ရောင်းချပိုင်ခွင့်တို့ ပါဝင်သည်။

စျေးကွက်နှင့် ဒီမိုကရေစီတို့၏ ဆက်နွှယ်ချက်သည် အရေးကြီး၏။ ခေတ်သစ် ဒီမိုကရေစီ သဘောတရားများနှင့် အင်စတီကျူးရှင်းများသည် လွန်ခဲ့သည့် ရာစုနှစ်ခုကျော်အတွင်း လွတ်လပ်သော စျေးကွက်စီးပွားရေး စနစ်အဖြစ် ဆင့်ကဲဖြစ်ထွန်းလာခဲ့ပြီး ဖြစ်သည်။ ဂန္ထဝင်သစ် စီးပွားရေး သဘောတရားသည် လွတ်လပ်သည့် စျေးကွက်အား အခွင့်အလမ်း တူညီသည့် လူပုဂ္ဂိုလ် တစ်ဦးချင်းအနေဖြင့် ၎င်းတို့၏ အပြန်အလှန် အကျိုးစီးပွားအတွက် အမြဲတမ်း ဆက်ဆံ ဖလှယ်ခွင့် ရှိခြင်းဖြစ်သည်။ လွတ်လပ်သော စျေးကွက် စီးပွားရေး စနစ်၏ ပြဿနာတစ်ရပ်မှာ ချမ်းသာကြွယ်ဝမှု စုပုံလာခြင်း ဖြစ်သည်။ ဒီမိုကရေစီ အစိုးရများသည် ချမ်းသာကြွယ်ဝမှု စုပုံလာခြင်းနှင့် ပတ်သက်သည့် ပြဿနာများကို ကာလ ကြာရှည်စွာ ကတည်းက သတိပြုမိ ခဲ့ကြသည်။ အချို့သော ခေတ်များတွင် အစိုးရတို့သည် ယင်းပြဿနာများကို ကိုင်တွယ်ရန် ဥပဒေများနှင့် စည်းမျဉ်း စည်းကမ်းများကို အသုံးပြု ခဲ့ကြသည်။ သို့သော် ၁၉ ရာစု နှောင်းပိုင်းမှစ၍ ဒီမိုကရေစီ စံတန်ဖိုးများကို ဖော်ထုတ် ပြသရန်အတွက် အစိုးရများ အတွက် အရေးအကြီးဆုံး လက်နက်မှာ အများပြည်သူ ဝန်ဆောင်မှုများ ဖြစ်လာသည်။

အများပြည်သူ ဝန်ဆောင်မှုများဟူသည် အစိုးရက စရိတ်ခံသော၊ အစိုးရက ဖြန့်ဝေပေးသော ဝန်ဆောင်မှုများ ဖြစ်သည်။ အများပြည်သူ ဝန်ဆောင်မှုများသည် အားလုံးနှင့်ဆိုင်ပြီး နိုင်ငံသား အားလုံးကို အညီအမျှ ထောက်ပံ့ပေးခြင်း ဖြစ်နိုင်သကဲ့သို့ အချို့သော အုပ်စု သို့မဟုတ် အချို့သောသူများကိုသာ ပစ်မှတ်ထား လုပ်ဆောင်ပေးခြင်းမျိုးလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ အများပြည်သူ ဝန်ဆောင်မှုများ၏ လွှမ်းခြုံသော သဘော သက်ရောက်မှုမှာ လူမှုရေးနှင့် စီးပွားရေး မညီမျှမှုများကို လျှော့ချပေးပြီး နိုင်ငံသားအားလုံးတို့၏ ပုဂ္ဂိုလ်ရေးအရ ဖွံ့ဖြိုးလာနိုင်စွမ်းကို မြှင့်တင်ပေးရန်နှင့် လူ့အဖွဲ့အစည်း၏ ဘဝ၌ အပြည့်အဝ ပါဝင်နိုင်စေရန် ဖြစ်သည်။ ဥပမာအားဖြင့် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ကို အစိုးရက ဝန်ဆောင်မှုပေးခြင်း၊ ဝင်ငွေနိမ့်ပါးသူများကို ထောက်ပံ့ပေးခြင်း၊ အနိမ့်ဆုံး လူနေမှု အဆင့်အတန်းကို အာမခံပေးသည့် အများပြည်သူ ဝန်ဆောင်မှုများ ထားရှိပေးခြင်းနှင့် အခြား လူမှုဖူလုံရေး လုပ်ငန်းများ ဖြစ်သည်။ လမ်းပန်း ဆက်သွယ်ရေး၊ ရေနှင့် လျှပ်စစ်မီး စနစ်များ အစရှိသည်တို့ကို အစိုးရက ပြည်သူ့ဘဏ္ဍာများဖြင့် တည်ဆောက် ပေးခြင်းသည်လည်း စီးပွားရေး ဘဝအတွက် လိုအပ်လှသည်။

အများပြည်သူ ဝန်ဆောင်မှုများအတွက် အဓိက ရင်းမြစ်တစ်ရပ်ဖြစ်သော အခွန်ငွေများသည် (မညီမျှမှုများကို လျှော့ချပေးရေးသို့ ဦးတည်လျက်) တိုးတက်မှု ရှိနိုင်သကဲ့သို့ (မညီမျှမှုများ ပိုမို ကြီးထွားလာမှုဆီသို့ ဦးတည်ကာ) ဆုတ်ယုတ်မှုလည်း ရှိနိုင်သည်။ ယင်းသည် စနစ်များနှင့် ဖွဲ့စည်းပုံများပေါ်၌ မူတည်၍ နေသည်။ လူအများက အခွန်ဆောင်နိုင်သော၊ အရည်အသွေးရှိသည့် အများပြည်သူ ဝန်ဆောင်မှုများရှိသော၊ တိုးတက်မှုဘက်သို့ ဦးတည်နေသည့် အခွန်စနစ်ရှိသော လူ့အဖွဲ့အစည်း တစ်ရပ်သည် (အားနည်းသော အများပြည်သူ ဝန်ဆောင်မှုများသာရှိပြီး ဆုတ်ယုတ်သည့် သဘောဆောင်သော အခွန်စနစ်များသာရှိသည့် လူ့အဖွဲ့အစည်း တစ်ရပ်ထက်) ပို၍ တန်းတူ ညီမျှမှု ရှိခြင်း၊ ဆုံးဖြတ်ချက် ချမှတ်ရေး လုပ်ငန်းစဉ်၌ အားလုံး ပါဝင်နိုင်မှု ပို၍ ရှိခြင်းနှင့် ပို၍ ဒီမိုကရေစီ ကျခြင်းတို့ ရှိမည်သာ ဖြစ်သည်။ ထို့ကြောင့် အားကောင်းသော ဒီမိုကရေစီ စနစ်ရှိသည့် နိုင်ငံ၌ အား ကောင်းသော အများပြည်သူ ဝန်ဆောင်မှု ကဏ္ဍရှိခြင်းမှာ တိုက်ဆိုင်မှုတစ်ရပ် မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဇန်နဝါရီ ၂၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent