ပညာရေးနှင့် ခိုင်မာသောမူဝါဒ

ပညာရေးနှင့် ခိုင်မာသောမူဝါဒ
Published 24 January 2019

အဝေးသင် ငါးရက်နှစ်ကြိမ် ခွဲတက်ရမည့် စနစ်နှင့်ပတ်သက်၍ လတ်တလောတွင် ပညာရေး အသိုင်းအဝိုင်း၌ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ အဝေးသင် ၀ိဇ္ဇာဘာသာရပ် အထူးပြုသမားများသည် အနီးကပ် ၁၀ ရက်အစား မေလတွင် Orientation ငါးရက်နှင့် အောက်တိုဘာ၊ နိုဝင်ဘာတွင် အနီးကပ် ငါးရက်တက်ရမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာမှုသည် လုပ်ငန်းခွင်ဝင်နေသော ကျောင်းသားကျောင်းသူအချို့ အခက်အခဲဖြစ်စေသည့်အတွက် ဝေဖန်သံများ ထွက်ပေါ်စေခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ကျောင်းသားသမဂ္ဂအချို့က ကန့်ကွက်ကြသည့်အပြင် အစိုးရ၏ ပညာရေးပြုပြင်ပြောင်းလဲမှု အပေါ် မှန်ကန်သည့် သုံးသပ်လုပ်ဆောင်မှုမျိုးဖြစ်ပေါ်စေရန် တောင်းဆိုမှုများလည်း ရှိခဲ့သည်။

ကျောင်းသားကျောင်းသူ ၁၀၀ ခန့် လက်မှတ်ရေးထိုး၍ အဝေးသင် ငါးရက်နှစ်ကြိမ်ခွဲ တက်ရမည့်စနစ်အား ကန့်ကွက်ကြောင်းနှင့် ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုမှုများကို နိုင်ငံတော်သမ္မတရုံး အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့ခြင်း၊ ယင်းစနစ်ကို ကန့်ကွက်သည့် ဖဲကြိုးနီလှုပ်ရှားမှုပြုလုပ်ခြင်း၊ အွန်လိုင်းမှတစ်ဆင့် ကမ်ပိန်းများပြုလုပ်ခြင်း လုပ်ဆောင်ခဲ့ကြသည်။ ထိုသို့ကန့်ကွက်ခံရမှုများကြောင့် အဝေးသင်ဝိဇ္ဇာဘာသာရပ်များအတွက် အနီးကပ် ၁၀ ရက်အစား ငါးရက်နှစ်ကြိမ်ခွဲတက်ရမည့်သတ်မှတ်ချက်သည် အဆင်မပြေအခက်အခဲများ ရှိသဖြင့် ညှိနှိုင်း၍အကောင်းဆုံးဖြစ်ရန် ဆောင်ရွက်ပေးမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက ဇန်နဝါရီ ၂၂ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတက်ရောက်စဉ်အတွင်း သတင်းထောက်များ၏မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။ ၎င်း၏ပြောကြားမှုတွင် ယခင်က အဝေးသင်ကို ရန်ကုန်၊ မန္တလေးနှစ်ခုကသာ ကိုင်တွယ်ပြီး ယခုအချိန်တွင် ပညာသင်အခွင့်အလမ်းတိုးတက်ရန် သက်ဆိုင်ရာတက္ကသိုလ်အသီးသီးသို့ အဝေးသင်သင်တန်းများ ဆောင်ရွက်ရန် လွှဲလိုက်ကြောင်း၊ ယင်းသို့လွှဲလိုက်ခြင်းဖြင့် ပညာသင်ကြားမှုထိရောက်ခြင်း၊ တက္ကသိုလ်အလိုက်စာသင်ခန်း၊ ကျောင်းသားဦးရေချိန်ညှိ၍ သင်ကြားရေးပိုမိုထိရောက်စေရန် ငါးရက် နှစ်ကြိမ် ခွဲသင်ကြားမည့်ပုံစံ လျာထားခြင်းဖြစ်ကြောင်း ပါရှိခဲ့သည်။

သို့သော်လည်း ခေတ်အဆက်ဆက်ပညာရေးသည် အစမ်းသပ်ခံဖြစ်နေခြင်း၊ ခေတ်စနစ်နှင့်လိုက်လျောညီထွေမည့် ထိရောက်သော ပြုပြင်ပြောင်းလဲနိုင်မှုမရှိခြင်းတို့အပေါ်  ပညာရေးပြောင်းလဲမှုကို လိုလားသူများက ထောက်ပြဝေဖန်နေကြပြန်သည်။ ပညာရေးသည် ဆင်းရဲသောတိုင်းပြည်တစ်ခု နာလန်ပြန်လည်ထူနိုင်ရေးအတွက် အဓိကအရေးပါဆုံးသော ကဏ္ဍပင်ဖြစ်သည်။ ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲသည့်အခါ ရေတိုပြုပြင်ပြောင်းလဲမှုနှင့် ရေရှည်ပြုပြင်ပြောင်းလဲမှုတို့ကို ချိန်သားကိုက်လုပ်ဆောင်နိုင်မှသာ သိသာသော ရလဒ်ကို ရပေလိမ့်မည်။ ကဏ္ဍတိုင်းတွင် အပြောင်းအလဲပြုလုပ်ရာ၌ ရာနှုန်းပြည့်ကျေနပ်မှု ပေးစွမ်းနိုင်ခြင်းမှာ မတတ်သာသော်လည်း အများစုကျေနပ်သည့်၊ အများစုအပေါ်ထင်ဟပ်၍ တိုးတက်မှုကိုပေးစွမ်းသော အပြောင်းအလဲဖြစ်ရန် လိုပေသည်။ ပညာရေးကဏ္ဍကို ပြောင်းလဲရာ၌ အတိမ်းအစောင်း အနည်းငယ်သည်ပင်လျှင် ကြီးစွာသောသက်ရောက်မှုမျိုးကို ဖြစ်စေနိုင်သည့်အချက်များကို မူဝါဒချမှတ်မည့်သူများ၊ အပြောင်းအလဲကိုတာဝန်ယူလုပ်ဆောင်မည့်သူများ နှလုံးသွင်းရန် လိုပေသည်။ ကျယ်ကျယ်ပြန့်ပြန့်ဆိုလျှင် နိုင်ငံရေးသည် ကျောင်းခန်းထဲမှလာသည်။ တိုင်းပြည်၏အနာဂတ်ခေါင်းဆောင်များသည် စာသင်ခန်းများအတွင်းမှ ထွက်ပေါ်လာကြသည်။ ထို့ကြောင့် အမြော်အမြင်ကြီး၍ မှန်ကန်သောပြောင်းလဲမှုကို လုပ်ခဲ့ကြသည့် ခေါင်းဆောင်တိုင်းသည် ပညာရေးတိုးတက်စေရန် မဖြစ်မနေကြိုးစား လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ယခုအဝေးသင်အနီးကပ် ၁၀ ရက်အစား ငါးရက်နှစ်ကြိမ်ခွဲတက်ရမည့် စနစ်အပေါ် သက်ဆိုင်ရာက ပြန်လည်သုံးသပ်သည်မှာ ဝေဖန်မှုအသံများကို လက်ခံခြင်းဖြစ်သည့်အတွက် ကောင်းမွန်သော လုပ်ရပ်ဖြစ်ပေသည်။ သို့သော် ပညာရေးသည် အမြဲတစေအစမ်းသပ်ခံဖြစ်နေသည်ဟု လူထုက မြင်လျှင် မကောင်းနိုင်ပေ။ သို့ဖြစ်ရာ မြန်မာနိုင်ငံအတွက် အရေးကြီးသော ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ရာတွင် ယခင်ကကဲ့သို့ အစမ်းသပ်ခံ ကာလများအဖြစ်သာ လုံးချာလိုက်ပြီး ရလဒ်ကောင်းမရှိဟူသည့်အခြေအနေမျိုးကို အဆုံးသတ်ရန် လိုနေပေသည်။ ထိုသို့ လုပ်ဆောင်ရာတွင် စနစ်တစ်ခုကို ချမှတ်လိုခြင်းသော်လည်းကောင်း၊ စီမံကိန်းများကို မူဝါဒအရ လုပ်ဆောင်လိုခြင်းသော်လည်းကောင်း၊ အာဏာပိုင်တို့ က ရည်ရွယ်ချက်ကောင်းဖြင့် ဆောင်ရွက်ရာ၌  အပြောင်းအလဲမများသော တည်ငြိမ်၍ ခိုင်မာသော သင့်တော်သည့် မူဝါဒမျိုးချမှတ်နိုင်ရန် အရေးကြီးမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

 

(ဇန်နဝါရီ ၂၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent