အလုပ်တစ်ခုလုပ်တဲ့အခါမှာ ကိုယ်လုပ်တဲ့အလုပ်အပေါ် တန်ဖိုးထားမှုရှိမှသာလျှင် အလုပ်ရဲ့ တိုးတက်မှု ဖြစ်လာနိုင်သလို လူမှုအဝန်းအဝိုင်းအတွက်လည်း ကောင်းမွန်တဲ့ ဖန်တီးမှုတွေ ဆက်တိုက်ဖြစ်လာနိုင်တယ်လို့ မှတ်ယူထားပါတယ်။
တစ်ရက်က မော်လမြိုင်မှာ စာရေးဆရာ လင်္ကာရည်ကျော်နဲ့ လူငယ်များစကားဝိုင်းလေးတစ်ခု လုပ်ဖြစ်တယ်။ အဲဒီမှာ ယနေ့ခေတ်လူငယ်တွေကို ဆရာက သုံးသပ်ချက်လေးတစ်ခုလုပ်တော့ လူငယ်တွေဟာ နည်းနည်းလုပ်ပြီး များများလိုချင်နေတယ်ဆိုတဲ့ စကားစုလေးတစ်ခုလည်း ပါလာတယ်။ ကျွန်တော်ကတော့ အဲဒီစကားကြားကတည်းက စိတ်ထဲရှက်ရွံ့သွားသလို ဟုတ်များ ဟုတ်နေသလားလို့ စတွေးဖြစ်ပါတော့တယ်။
နည်းနည်းလုပ် များများလိုချင်
ဆိုလိုတဲ့ နည်းနည်းလုပ် များများလိုချင်ဆိုတဲ့ စကားက အလုပ်တွေကိုတော့ သာမန်အဆင့်လောက်ပဲ လုပ်မယ်။ ရလဒ် (သို့) အကျိုးအမြတ်ကိုတော့ တော်တော်များများ လိုချင်တယ်ဆိုတာမျိုးပါ။ အလုပ်ကိုတော့ တော်ရုံသင့်ရုံပဲလုပ်မယ်။ သင်ယူမှုလည်း တော်ရုံသင့်ရုံပဲလုပ်မယ်။ လိုချင်တဲ့ အကျိုးအမြတ်ကတော့ များမှဖြစ်မယ်ဆိုတာမျိုး စဉ်းစားလာကြတာကို ဆရာက အထူးပြု ပြောခဲ့တာဖြစ်ပါတယ်။ ဆရာပြောနေတဲ့ စကားဟုတ်များဟုတ်နေသလားလို့ တွေးဖြစ်ပါတယ်။
ဖြစ်ရပ် (၁) အန္တရာယ်များပေမဲ့ လုပ်တယ်
လူငယ်တွေ လောင်းကစားကိစ္စမှာ ပါဝင်ပတ်သတ်မှုများပြားနေတာ၊ လောင်းကစားကြောင့် လူမှုဒုက္ခတွေ ခံစားနေရတာကို ကိုယ့်ဝန်းကျင်မှာ အတော်လေး တွေ့ရတယ်။ ကိုယ်တိုင် ကြိုးစားအားထုတ် ဖန်တီးတွေးခေါ်ပြီး ကောင်းမွန်တဲ့ရလဒ်ရဲ့ အကျိုးကို ခံစားဖို့မဟုတ်ဘဲ အလွယ်လိုက်တဲ့ လောင်းကစားလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ပြီး ငွေ (သို့) အကျိုးအမြတ်တွေကို ခပ်လွယ်လွယ်ယူဖို့ ကြိုးစားနေကြတာဟာ လူငယ်တစ်ယောက်အတွက် ကိုယ့်ရဲ့ဖြစ်တည် နေတဲ့ဘဝကို အထင်သေးလွန်းနေသလားလို့ မြင်မိပါတယ်။ ဒါမှမဟုတ် ခေတ်ဆိုး၊ စနစ်ဆိုးရဲ့ ရလဒ်တွေကိုပဲ ခံစားရတာလား။ မေးခွန်းတွေ အများကြီးထွက်ပါတယ်။ မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှု နည်းတူ ဖောက်ကားရောင်းဝယ်မှု အမှုအခင်းတွေလည်း များပြားပါတယ်။ အဲဒီဖြစ်ရပ်တွေမှာ ပါဝင်ပတ်သက်နေတာကလည်း အများစုက လူငယ်တွေ ဖြစ်နေပြန်တယ်။ ဥပမာ - WY လို ဝန်ကျဉ်းတဲ့ ထုပ်ပိုးသယ်ယူ ရောင်းချမှုကနေ ရတဲ့ငွေက များပြားပါတယ်။ ဒီအခါမှာ လူငယ်တွေဟာ လုပ်ရတာအန္တရာယ်ရှိပေမဲ့ အကျိုးအမြတ် များတဲ့အတွက် ဒီလိုအလုပ်တွေကို စွဲမြဲစွာလုပ်နေကြတာကို တွေ့ရပါတယ်။ ဒီအတွက် အကျိုးအမြတ်နည်းတူ ဒုက္ခတွေလည်း မြင်ရပါတယ်။ လောင်းကစားလုပ်တာ ရှုံးပြီး ငွေအလွဲသုံးစားဖြစ်တာတို့၊ ခိုးယူ၊ လုယက်မှုဖြစ်လာတာတို့၊ ပဋိပက္ခဖြစ်လာတာတို့တွေက ဝန်းကျင်မှာ အများကြီးတွေ့ရတယ်။ ထိ့ုနည်းတူပဲ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကြောင့် ပြစ်မှု၊ ပြစ်ဒဏ်တွေ ကျခံလိုက်ရတာတွေလည်း တွေ့ရတယ်။ အဲဒီဖြစ်ရပ်တွေမှာ ပါဝင်မှု များနေတာက အရွယ်ကောင်းတဲ့ လူငယ်တွေပါပဲ။ အကျိုးအမြတ်ထက် ဆိုးကျိုးများတဲ့ မူးယစ်ဆေးဝါးဝယ်ရောင်းမှုတွေမှာ လူငယ်တွေ ပျော်ဝင်စွာ လုပ်ကိုင်နေတာဟာ အလွယ်လိုက်တာမျိုးလားလို့ တွေးဖြစ်ပါတယ်။
ဖြစ်ရပ် (၂) အားထုတ်မှု မလုပ်ချင်တော့ဘူး
၂၀၁၈ ခုနှစ်အတွင်း လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင် ရာကဏ္ဍတွေကို လုပ်ငန်းတစ်ခုနဲ့ ဆက်စပ်ပြီး ဆွေးနွေးမှုတွေ လုပ်ဖြစ်တယ်။ ဒီအခါမှာ အများဆုံးမေးကြတဲ့ မေးခွန်းက လစာဘယ်လောက်ရမလဲဆိုတာကနေ စပါတယ်။ ကိုယ့်အရည်အသွေး၊ ကိုယ့်စိတ်ဝင်စားမှု၊ ကိုယ့်ရဲ့ပန်းတိုင်တွေကို အခြေခံပြီးမှ လစာကိစ္စကို စဉ်းစားဖို့ထက် လစာဘယ်လောက်ကောင်းသလဲဆိုတဲ့ အရာကနေ စတင်တွေးသလို လစာကောင်းတဲ့အလုပ်တွေရဲ့ သတင်းအချက်အလက်တွေကိုပဲ စတင်ရှာဖွေနေတာဟာ နည်းနည်းများ လွဲချော်နေသလားလို့ ဆက်စပ်တွေးဖြစ်ပါတယ်။ လုပ်ငန်းဆိုင်ရာအသိပညာ၊ လုပ်ငန်းရဲ့ရလဒ်၊ လုပ်ငန်းရဲ့ ပန်းတိုင်စတာတွေကို ဆွေးနွေးမယ့်သူ အင်မတန်နည်းပါတယ်။ ဒီရလဒ်ဟာ ကျွန်တော်တို့ မျိုးဆက်ရဲ့ ထုတ်ကုန်လားလို့ တွေးဖြစ်ပါတယ်။
ဖြစ်စဉ် (၃) ကိုရီးယား၊ ဂျပန်ရောဂါ
ကျွန်တော်တို့ဒေသမှာ လူငယ်တွေ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှု အတော်များပါတယ်။ ယခင်ကာလကတော့ ထိုင်း၊ နောက်တော့ မလေးရှားသွားကြတယ်။ အခုတော့ ကိုရီးယားနဲ့ ဂျပန်ကို သွားဖို့ တာဆူကြပါတော့တယ်။ ကျွန်တော်တို့ဒေသမှာ ကိုရီးယား၊ ဂျပန်စာ သင်တန်းတက်နေတဲ့သူတွေ ဒီဘက်ခေတ်မှာ အတော်များလာပါတယ်။ ဘာလို့ ကိုရီးယား၊ ဂျပန်သွားချင်တာလဲဆို တဲ့မေးခွန်းကို သူတို့တွေနဲ့ စကားပြောကြည့်တဲ့အခါကျတော့ လစာများလို့ဆိုတဲ့ စကားစကြားပါတယ်။ ထပ်မေးကြည့်တယ်။ ဟိုမှာရှိတဲ့ လုပ်ငန်းခွင်အခြေအနေ၊ လုပ်သားဥပဒေဆိုင်ရာအခြေအနေ၊ လုပ်ရမယ့်အလုပ်ကို သေချာသိသလား။ စဉ်းစားထားသလားဆိုတဲ့ အမေးကိုတော့ ဖြေနိုင်သူနည်းပါတယ်။ သူတို့ မျှော်မှန်းတာက (၁) ကိုရီးယားပြန်၊ ဂျပန်ပြန်ဖြစ်မယ်။ (၂) ငွေအလုံးအရင်းနဲ့ ပွေ့ပိုက်ပြန်လာနိုင်မယ်ဆိုတဲ့ စဉ်းစားချက်မျိုးပဲ ရှိတာများတယ်။ ကိုရီးယားပြန်တစ်ယောက်ရဲ့ မျှော်လင့်ချက်မဲ့မှုတွေကို ကိုရီးယားသွားမယ့် ဘယ်သူကမှ မေးမြန်းတာမျိုး မလုပ်ကြပါဘူး။
ဘာလို့ အလွယ်စဉ်းစားဖြစ်သလဲ
ခေတ်က တွေးစရာ သိပ်မရှိဘူးလို့ ကောက်ချက်ချချင်တယ်။ တွေးစရာကိုမရှိတဲ့အတွက် ဖြန့်ထွက်တွေးရမယ်ဆိုတဲ့ အရာမျိုးက ပိုလို့တောင် မလုပ်ဖြစ်တော့ပါဘူး။ အကျိုးဆက်ကတော့ ဆင်ခြင်ခြင်းဆိုတာမျိုး ဆက်မဖြစ်လာတော့ပါဘူး။ ကျွန်တော် ပန်းချီဆရာတစ်ယောက် ဖြစ်ချင်တယ်လို့ စတွေးမယ်ထား။ ကောင်းစွာသင် ပေးနိုင်မယ့် ပန်းချီဆရာ နယ်မှာမရှိဘူး။ ပန်းချီရေးတဲ့အလုပ်ဟာ ပရော်ဖက်ရှင်နယ် ဖြစ်တယ်။ လူမှုအဝန်းအဝိုင်းအတွက် လိုအပ်တယ်ဆိုတာမျိုး ဘယ်သူကမှ လမ်းမညွှန်ပါဘူး။ ထို့နည်းတူပဲ၊ ရှေးဟောင်းမြို့ပြတွေကို တူးဖော်မယ်ဆိုတဲ့ ဘာသာရပ်ကို သင်ယူပြီး ဘဝအတွက် ရပ်တည်မယ်လို့ စဉ်းစားမယ့် လူငယ်တစ်ယောက်အတွက် လမ်းပြပေးမယ့်သူ မရှိပါဘူး။ မြို့ပြတည်ဆောက်ရေးရဲ့ အရေးပါပုံတွေကို သင်ယူလေ့လာသင့်တယ်လို့လည်း ဘယ်သူကမှ အားမပေးပါဘူး။
အားမပေးဘူးဆိုတဲ့အရာတွေကို ပြောနေပေမဲ့လို့ အားပေးတဲ့ အလုပ်တွေလည်း ရှိပါသေးတယ်။ လက်ဖက်ရည်ဆိုင်တစ်ခု ဖွင့်လို့ နည်းနည်းလေး အဆင်ပြေရင် အဲဒီအနားမှာ လက်ဖက်ရည်ဆိုင်တွေ အများကြီး ပေါ်လာတာမျိုး၊ ကွေ့တီယိုဆိုင်တစ်ခု အောင်မြင်ရင် ကွေ့တီယိုဆိုင်တွေ အနီးအနားမှာ ပေါ်လာတာမျိုးတွေ တွေ့ဖူးမှာပါ။ ဒီနေရာမှာ လုပ်ငန်းထူထောင်တဲ့သူအနေနဲ့ စျေးကွက်ကို ထည့်သွင်းစဉ်းစားတာ၊ အရည်အသွေးမြင့်တဲ့ စားသောက်ကုန်တွေ၊ သန့်ရှင်းသပ်ရပ်တဲ့ စားသောက်ကုန်တွေ ထွက်ပေါ်လာဖို့ ထည့်သွင်းစဉ်းစားတာမျိုးကို ဦးစားမပေးတော့ဘဲ တစ်စုံတစ်ခု အဆင်ပြေရင် စျေးကွက်ခွဲဝေဖို့ဆိုတဲ့ အလွယ်သဘောကို တွေးဖြစ်လာတာမျိုးကလည်း ပတ်ဝန်းကျင်မှာ အတော်များများ မြင်ရပါတယ်။
လူငယ်တွေ အလွယ်တွေးပြီး များများလိုချင်တဲ့ စိတ်ဖြစ်အောင် ကျွန်တော်တို့ လူမှုအဝန်းအဝိုင်းကိုက စနစ်တကျနဲ့ သွတ်သွင်းနေသလားလို့တောင် ထင်ရပါတယ်။
တန်ဖိုးထားခြင်းကို ဘယ်လိုနားလည်ကြသလဲ
အလုပ်တစ်ခုလုပ်တဲ့အခါမှာ ကိုယ်လုပ်တဲ့အလုပ်အပေါ် တန်ဖိုးထားမှုရှိမှသာလျှင် အလုပ်ရဲ့ တိုးတက်မှု ဖြစ်လာနိုင်သလို လူမှုအဝန်းအဝိုင်းအတွက်လည်း ကောင်းမွန်တဲ့ ဖန်တီးမှုတွေ ဆက်တိုက်ဖြစ်လာနိုင်တယ်လို့ မှတ်ယူထားပါတယ်။ ဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ ထုတ်ကုန်တွေ ထွက်လာတာ၊ ပိုမိုကောင်းမွန်တဲ့ ထုတ်ကုန်ထွက်ရှိမှု ဘာလို့အားနည်းလာတာလဲဆိုတဲ့ မေးခွန်းနဲ့ ဆက်စပ်တွေးဖြစ်လာတာက တန်ဖိုးထားမှု ဆိုတာထက် အကျိုးအမြတ်များမှုကိုများ ဦးတည်ခဲ့လို့လားဆိုတဲ့ အဖြေမျိုး တွေးဖြစ်ပါတယ်။ ထိုင်းမှာတော့ ထုတ်ကုန်တစ်ခု ထုတ်မယ့်အခါမှာ ကုန်စည်ကို များများရောင်းရဖို့ဆိုတဲ့အခါမှာ ထုတ်ကုန်ကို သုတေသန ပြုမှုတွေ၊ စျေးကွက်သုတေသနပြုမှုတွေကို ဦးစားပေးလုပ်ပြီးမှ စျေးကွက်ကို ဖြန့်တာမျိုးကို လုပ်လေ့ရှိတယ်လို့ မှတ်သားဖူးပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာက တန်ဖိုးထားမှု အားနည်းခြင်းနဲ့ အမြတ်များများ လိုချင်ခြင်းဆိုတဲ့ စိတ်မျိုးကြောင့်လား မသိဘူး။ ကောင်းမွန်ပြီး အရည်အသွေးပြည့်ဝတဲ့ ထုတ်ကုန်ထွက်ရှိမှု အားနည်းလာပြီး ပုံတူပွားထုတ်ကုန်တွေ၊ စျေးကွက်တန်ဖိုးပျက်တဲ့ ထုတ်ကုန်တွေသာ အထွက်များလာတာကို တွေ့ရပါတယ်။ ဥပမာပြောချင်တာက အရည်အသွေးရှိတဲ့ ထွက်ကုန်တွေ မရှိတော့တာကို ဆိုလိုချင်တာပါ။ နည်းနည်းလုပ်ပြီး များများလိုချင်တဲ့ အကျိုးဆက်လို့ ထင်ပါတယ်။
ဝန်ခံချက်
ဒီစာစုလေးရေးဖြစ်တော့ စိတ်ထဲမှာ ဒီစာစုပါ အကြောင်းအရာအတွက် တိကျတဲ့ အချက်အလက်တွေနဲ့ ဖော်ပြချင်တဲ့ သုတေသနတစ်ခုလုပ်ချင်တဲ့ စိတ်ဖြစ်မိပါတယ်။ သို့သော်လည်းပဲ အရင်းအမြစ်၊ အရင်းအနှီး၊ နည်းပညာတွေရဖို့ အနီးအနားမှာ မလွယ်ကူတော့ စိတ်လျှော့လိုက်ရပါတော့တယ်။ ဒါကြောင့် စာပါအချို့အချက်တွေကို စာရင်းဇယားအရ အတိအကျ မဖော်ပြနိုင်တာ ခွင့်လွှတ်ကြပါလို့ ဝန်ခံပါရစေ။
စိတ်ထဲ ဆက်လက်တွေးဖြစ်နေတာကတော့ အလွယ်လိုက်ခြင်း၊ နည်းနည်းလုပ်ပြီး များများလိုချင်နေခြင်းဆိုတာထက် တန်ဖိုးထားမှု၊ ပရော်ဖက်ရှင်နယ်ကျမှု၊ အရည်အသွေးကို စံနှုန်းထားရှိမှုဆိုတဲ့ အရာမျိုး ပိုမိုသိနားလည်ဖို့ ကျွန်တော်တို့ဆီက လူငယ်တွေကို ဘယ်လိုအရာမျိုးတွေ ဆောင်ရွက်ပေးဖို့လိုမလဲဆိုတာမျိုး ခေါင်းထဲ အစီအရီ ရောက်လာပါတယ်။