မာလာဟင်းထဲက ငုံးဥ

မာလာဟင်းထဲက ငုံးဥ
Published 22 January 2019
နိုလှိုင်း

(၁)

သူ့ရဲ့ စိတ်အချဉ်ပေါက်နေမှုဟာ တော်ရုံမဟုတ်ဘူးဆိုတာ သိသွားပြီးတဲ့နောက် ကျွန်တော် သူ့ကို သေသေချာချာ နားလည်သွားမိတယ်။ ကျွန်တော့်ရဲ့ သိမှုစိတ်ဓာတ် ကိုယ်ခံအားနဲ့ ဝမ်းစာ ပိုပြည့်လာတယ်လို့ ပြောလိုတာမဟုတ်ဘူး။ သူ့အကြောင်းတွေကို အရင်ကထက် ပိုသိခဲ့လို့ သူ့ခံစားချက်ကို နားလည်နိုင် သဘောပေါက်သွားရုံ သက်သက်ပဲ။ သူ့စိတ်ကို ဖောက်မြင်သွားတယ်ဆိုတာမျိုးထက် ဒီလိုခံစားချက် ဖြစ်မယ်ဆိုလည်း ဖြစ်သင့်ပါတယ်လေလို့ နားလည်သွားတာမျိုး။ ထပ်ပြောရရင် နားလည်ပေးလိုက်ရတာ မဟုတ်ဘူး။ နားလည်သဘောပေါက်ခဲ့တာ။ နည်းနည်းရှုပ်သွားလားမသိဘူး။ တကယ်ဆို သူနဲ့ ကျွန်တော်က အသက်အရွယ်အားဖြင့် မျိုးဆက်တစ်ဆက်လောက်ကို ကွာပါတယ်။ သိမှုအရရော၊ ဖြတ်သန်းလာခဲ့တဲ့ ခေတ်သမိုင်းတန်ဖိုးကိုပါ ထည့်တွက်မယ်ဆိုရင် ဒီထက်ပိုပြီးတောင် ကွာဟသွားနိုင်ခြေရှိပါ သေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကြားမှာ ကျွန်တော်တို့တွေ့ဆုံရင်းနှီးမှုမှာ အဲဒါတွေက အရေးမကြီးဘူးလို့လည်း ဆိုနိုင်တယ်။ နောက်ပြီး ကျွန်တော့်အတွက်ဆို အရမ်းကိုအရေးကြီးတယ်လို့လည်း ပြောလို့ရနိုင်ပြန် သေးတယ်။

သူနဲ့ ကျွန်တော် စပြီးရင်းနှီးသွားတာ အရက်ဆိုင်ထဲမှာလို့ လွယ်လွယ်ပြောလိုက်လည်း ရတယ်။ နောက်ပိုင်းလည်း အရက်ဆိုင်မှာပဲ ကျွန်တော်တို့ စကားတွေပြောဖြစ်ကြ သူ့အကြောင်းတွေကို ပိုပိုသိလာခဲ့ရတာ မဟုတ်လား။ အရင်တုန်းကဆို အပြင်မှာသူ့နာမည် ကြားဖူးနေပေမဲ့ ရင်းရင်းနှီးနှီးရယ်လို့ မရှိခဲ့ပါဘူး။ အရက်ဆိုင်ရောက်မှသာ ပိုပြီးရင်းနှီးလာခဲ့တာဆိုပါတော့။ အရက်ဆိုင်မှာကျတော့ ပိုပြီးလည်း လွတ်လပ်ပွင့်လင်းလာသလို အရှိန်ရလာလေ ခင်မင်သွားတတ်လေဆိုတော့ ညနေခင်းပုံစံ အရက်ဆိုင်ယဉ်ကျေးမှုကို လက်ဖက်ရည်ဆိုင်ထက် ကျွန်တော်က ပိုပြီးနှစ်သက်တတ်ခဲ့တယ်။ အရက်ဆိုင်ဆိုတာ လက်ဖက်ရည်ဆိုင်လောက် အကြိမ်ရေ သိပ်များများ မထိုင်ရတတ်ပေမဲ့ ရင်းနှီးပွင့်လင်းမှု၊ တစ်ယောက်စိတ်တစ်ယောက် ပိုပြီးမြင်သာမှုနဲ့တွက်ရင် တွက်ခြေပိုကိုက်တယ်လို့ ဆိုလို့ရပါတယ်။ ထားပါ။ ကျွန်တော် ပြောလိုတာက သူ့အကြောင်း နည်းနည်းပါးပါးလောက်ရယ် ကျန်တဲ့ ကျွဲကူးရေပါ အဖြစ်အပျက်မျိုးတွေ လောက်ရယ်ပါ။

(၂)

အရက်သောက်တာကောင်းလား၊ မကောင်းဘူးလားဆိုတာကို ကျွန်တော့်ဘဝမှာ တစ်ခါမှ အားအားယားယား မစဉ်းစားကြည့်ခဲ့ဖူးဘူး။ ကျွန်တော်ကိုယ်နှိုက်က ကြိုက်တာကြောင့်လည်း ပါတာပေါ့လေ။ နောက်ပြီး အရက်ရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကိုလည်း ဒီနေရာမှာထည့်မပြောချင်ပါဘူး။ အချိန်တွေ အကုန်ခံပြောနေလည်း အရက်ကြိုက်တဲ့သူက သိသိကြီးနဲ့ သောက်နေဦးမှာပဲဆိုတော့ အရက်ရဲ့ ကောင်းခြင်းကိုပဲဖြစ်ဖြစ် ဆိုးကျိုးကိုပဲဖြစ်ဖြစ် ကျွန်တော့်ဘက်က စိတ်ကိုမဝင်စားဘူး။ ဒါပေမဲ့ ကိုယ်ရွေးချယ်လုပ်ဆောင် လိုက်တဲ့ ကိစ္စရပ်တိုင်းမှာတော့ တာဝန်ယူမှုနဲ့ တာဝန်ခံမှုက အမြဲတွဲလျက်ရှိနေတတ်ပါတယ်။ ဆိုလိုတာက ကိုယ်လုပ်လိုက်တဲ့ အလုပ်မှန်သမျှကို ကိုယ်ပဲ တာဝန်ယူရတယ်ပေါ့။ အဲဒါကလည်း သူ့ဆီက ခဏခဏ ထွက်ကျလာတတ်တဲ့ စကားပဲမို့ ယူသုံးလိုက်သလိုတောင် ဖြစ်နေနိုင်တယ်။ ထားပါ။ ဥပမာ ညတုန်းက သောက်ထားမိတဲ့အတွက် မနက်ခင်းမှာ ခံစားရတတ်တဲ့ အရက်နာကျတဲ့ဒဏ်ကို တခြားလူလာခံစားပေးလို့ မရသလိုပေါ့လေ။ ကျွန်တော်ပြောတဲ့ ဥပမာက အရမ်းရိုးစင်းသွားလားတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့။ လူအထင်ကြီးအောင် ဟန်ရေးလုပ် လျှောက်ပြောနေတာထက်စာရင်တော့ ကျွန်တော်ပြောတဲ့စကားဟာ ရိုးသားတဲ့ဘက်ဆီ ရောက်ပါတယ်။ ဟောကြည့်။ ပြောရင်းဆိုရင်း အဲဒီအတွေးကလည်း သူ့ဆီကတစ်ဆင့် ရလာတာဆိုတော့ သူ့လောင်းရိပ်အောက်က မလွတ်သေးဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ တွေ့ဆုံမှုမှာကျတော့ အသိမိတ်ဆွေအချင်းချင်းပေါ့ ပေါ့ပါးပါး ဆုံတွေ့သလို အရက်ကြိုက်နှစ်သက်သူချင်း ဆိုင်မှာစိတ်တူကိုယ်တူ သောက်ဖြစ် စကားပြောဖြစ်နေတဲ့ ပုံစံမျိုးပါ။

ဒါပေမဲ့ ကျွန်တော့်ဘက်က သူနဲ့အတူ ထိုင်နေပေမဲ့ ကြမ်းတစ်ပြေးတည်း ပခုံးဆွဲဖက်တာမျိုးတော့ လုပ်မှာမဟုတ်ဘူး။ နောက်ပြီး ပိုက်ဆံရှင်းတဲ့အခါတိုင်း သူကချည်းထုတ်ပေးလိုက်တာ များတယ်။ အဲဒီလို ပြောလိုက်လို့လည်း ကျွန်တော်နဲ့ သူနဲ့ရင်းနှီးမှုမှာ အရက်ဖိုးနဲ့ တိုက်ရိုက်မပတ်သက်ဘူးလို့ ဆိုပါရစေ။ ဒါမှမဟုတ် အမြဲငွေမရှိတတ်တဲ့ ကျွန်တော့်ကို ခေါ်တိုက်ရင်းက ရင်းနှီးသွားခဲ့တာလို့လည်း တိုက်ရိုက်အချိုးချ ပြောလို့ရနေပြန်သေးတယ်လေ။ ထားပါ။ ကျွန်တော်ကတော့ အသက်သာ အသေခံသောက်သွားတယ်။ ကိုယ်သောက်တဲ့ အရက်ဖိုးတောင် မရှာခဲ့နိုင်ဘူးဆိုတဲ့စကားကိုပဲ သေရာက ထပြီး ပြန်လာပြောရမယ့် ကောင်ဆိုပါတော့။ တစ်နေ့နေ့ကျရင် တစ်ရက်လောက်တော့ တစ်ကြိမ်တစ်ခါလောက် သူ့ကို ပြန်တိုက်မယ်ဆိုတဲ့ စိတ်ကူးကိုပဲ အထပ်ထပ်မွေးမြူထားနေရတယ်။ အခုအချိန်အထိတော့ အဲဒီစိတ်ကူးဟာ လက်တွေ့မဖြစ်နိုင်သေးပါဘူး။ ဟိုအရင်က ကျွန်တော် သုံးနိုင်ဖြုန်းနိုင်တဲ့ပုံမျိုး နဲ့ဆို အကောင်အထည်ဖော်ပြီး နေလောက်ရောပေါ့လို့လည်း ရွှေခေတ်ကဘောလုံးကို ထုံးပြန်မတို့ချင်တော့ဘူး။ ကျွန်တော် သူ့ကို နားလည်တယ်ဆိုတာက အရက်တိုက်ခြင်း မတိုက်ခြင်းနဲ့လည်း မဆိုင်သလို ကျေးဇူးတင်တာကသတ်သတ် သူ့အပေါ် ကျွန်တော်မြင်တဲ့အမြင်က သတ်သတ်ပါပဲ။

(၃)

တကယ်တော့ သူဖြတ်သန်းလာရတဲ့ ဘဝနဲ့ ကျွန်တော်လူဖြစ်လာတဲ့ အနေအထားဟာ အများကြီး ကွဲပြားခဲ့တယ်။ သူရခဲ့တဲ့ အတွေ့အကြုံမျိုးတွေကို ကျွန်တော့်ဘဝမှာ ဘယ်တုန်းကမှ မရခဲ့ဖူးသလို သူ့လိုအဖြစ် အပျက်မျိုးတွေလည်း ကျွန်တော့်တစ်သက် ဘယ်လိုမှကြုံတွေ့နိုင်မှာ မဟုတ်ပါဘူး။ ပြောရရင် ကျွန်တော့်ထက် အသက်အရွယ်အရရော ပညာအတွေ့အကြုံ အရာရာသာလွန် တယ်ဆိုပါတော့။ နောက်ပြီး သူက အတန်အသင့် ငွေကြေးချမ်းသာ ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းကနေ မွေးဖွားလာသူတစ်ယောက်ပါ။ ဒါပေမဲ့ အဲဒီအခြေအနေနဲ့ ဆန့်ကျင်ဘက်ပဲ သူ အရွယ်ရောက်တဲ့အချိန်လောက်မှာ အပြောင်းအလဲ ကြီးကြီးမားမားတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ အဲဒီအပြောင်းအလဲဟာ သူ့ဘဝကို အကြီးအကျယ်လည်း ရိုက်ခတ်သွားစေခဲ့တယ်လို့ ပြောရမယ်ထင်တယ်။ စာတော်ပြီး ချမ်းသာတဲ့ပတ်ဝန်းကျင်မှာ မွေးဖွားလာတဲ့ သူတစ်ယောက်အတွက် ကြုံတွေ့လိုက်တဲ့ အဲဒီအဖြစ်က ပြောင်းပြန်လို့တောင် ဆိုလို့ရပါတယ်။ စိတ်တူကိုယ်တူ အိမ်ကထွက်လာခဲ့ပြီးမှ သစ္စာဖောက်ခံလိုက်ရသလို နောက်ကျော ဓားနဲ့ထိုးသွားခဲ့သလိုမျိုးတွေ သူကြုံတွေ့ခဲ့တယ်။

ဥပမာ ရုပ်ရှင်တွေထဲကလို ကျောက်အောင်တော့မှ သစ္စာဖောက်တာခံလိုက်ရတဲ့ အဖြစ်အပျက်မျိုးတွေပေါ့။ သူအများကြီး ကြုံတွေ့ခဲ့တယ်။ ဒါပေမဲ့ သူ့ကို တကယ်တုန်လှုပ်သွားစေတာက အဲဒီအဖြစ်အပျက်တွေ မဟုတ်ဘူး။ အဲဒီ အဖြစ်အပျက်နောက်က ကပ်ပါလာတဲ့ နာကျင်မှုတွေ၊ ခါးသက်တဲ့ဒဏ်ရာ ဒဏ်ချက်တွေပဲ။ သူလို လူတစ်ယောက်ကတောင် ဒီလိုလောကဓံမျိုးကို ခံနိုင်ခဲ့သေး တာပဲ။ သူလိုလူမျိုးတစ်ယောက်ကတောင် ယုံကြည်မှုတစ်ခုအတွက် အရာရာလဲပစ်ခဲ့ရသေးတာပဲဆိုတဲ့ ဂုဏ်ဖော်လိုမှုကို ကျွန်တော်ပြောလိုတာ မဟုတ်ဘူး။ အဲဒီအဖြစ်အပျက်မျိုးမှာ သူခံစားလိုက်ရတဲ့ နာကျင်မှုဒဏ်ရာက နက်ရှိုင်းခဲ့ပုံကိုသာ ဆိုလိုတာပါ။ နောက်ပြီး သူ စိတ်အချဉ်ပေါက်နေတယ်ဆိုတဲ့ အရာတွေကလည်း အခုအချိန်မျိုးမှာ မမှားဘူးလေ။ ပြောရရင် သူကတောင် အမှန်တရားရဲ့ အမှတ်အသားတစ်ခု ဖြစ်နေနိုင်သေးတယ်။ အဲဒါကို ကျွန်တော်က သိနားလည်သွားခဲ့တာ။ သူ့ခံယူချက်ကို ကြိုက်လိုက်တာပေါ့။ ကျွန်တော့်အတွက်ကတော့ သူ့လိုအဖြစ်အပျက်မျိုးကို ကြုံတွေ့ခဲ့ရဖို့မဆိုထားနဲ့ ကိုယ်ဘယ်လို အသက်ရှင်ဖြစ်တည်လာခဲ့သလဲ ဘယ်လိုအဓိပ္ပာယ်မျိုးနဲ့ လူဖြစ်လာတာလဲ ဆိုတာတောင် ဝေ၀ါးခဲ့သေးတာပါ။

အရက်ဆိုင်မှာ တွေ့ဖြစ်ဆုံဖြစ် သောက်ဖြစ်တယ်ဆိုတာကလွဲရင် ကျွန်တော်တို့မှာ တခြားအဓိပ္ပာယ်တစ်စုံတရာ ရှိမနေခဲ့ဘူးလို့ပဲ ပြောရလိမ့်မယ်ထင်တယ်။ ဆိုလိုတာက ကျွန်တော်သူ့ကို လေးစားမိတာ နားလည်ခဲ့တာကသတ်သတ် ကျွန်တော်တို့ ဆိုင်မှာ အတူသောက် စကားပြောတာက သတ်သတ်ပဲ။ ကျွန်တော့်ကို သူအရက်တိုက်နေလို့လည်း သူ ပြောသမျှ တစ်ချိန်လုံး ခေါင်းညိတ်နေရတယ်ဆိုတဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး။ တခြားသူတွေကတော့ တစ်မျိုးမြင်ကြမှာပေါ့လေ။ ကျွန်တော်က သူ့ဆီကကပ်သောက်ပြီး သူ့ကို အပြစ်မမြင်တတ်ဘူးရယ်လို့။ ဒါပေမဲ့ အဲဒါ မှားတယ်။ ကျွန်တော်က သူဘာလုပ်လုပ် သဘောကျနှစ်သက်နေတာထက်စာရင် သူ့ကို နားလည်လို့ ရသွားခဲ့တာ။ သူ့ခံစားချက် သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် စိတ်နာကျင်မှုတွေကို နားလည်လို့ ရသွားရုံသက်သက်ပဲ။ သူ့အနေနဲ့လည်း ကျွန်တော့်ကို တိုက်နေရလို့ ကျွန်တော့်အပေါ် တစ်စုံတစ်ရာ လွှမ်းမိုးလို့ ရသွားတယ်လို့လည်း ထင်မှာမဟုတ်သလို ကျွန်တော့်ဘက်ကလည်း ခင်မင်မှုကို အခွင့်အရေးယူ ခေါင်းပေါ် ချီးတက်ပါမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အရက်ဝိုင်းက ရှင်းရှင်းလေးပဲ။ အရက်လာသောက်ကြတယ်ဆိုတာထက် ဘာမှမပိုဘူးလို့တောင် ပြောလို့ရပါ တယ်။

(၄)

ရပ်ကွက်အစွန်မှာရှိတဲ့ အရက်ဆိုင်ကို ကျွန်တော်က အိမ်ကနေလမ်းလျှောက်သွား ရပါတယ်။ သူ ရောက်လာတတ်တဲ့နေ့ဆို ဆိုက်ကားပေါ်က ဆင်းတာနဲ့ သူက ကျွန်တော့်ကို ဆိုင်ထဲမှာ လိုက်ရှာတယ်။ ကျွန်တော် ထိုင်နေတဲ့ နေရာမှာ စိတ်လိုလက်ရ လာထိုင်တတ်တယ်။ ပြီးရင် တခြားအကြောင်းအရာတွေ ဒါမှမဟုတ် ကျွန်တော်တို့ နေ့စဉ်ကြုံတွေ့ခဲ့တာတွေ ပြောဖြစ်ကြတာပေါ့။ အများအားဖြင့် သူ့အတွေ့အကြုံတွေနဲ့ ပတ်ဝန်းကျင်ကို အရသာမဲ့နေမှုတွေ နားထောင်ရတတ်တယ်။ ကျွန်တော်သာ စာရေးတတ်တဲ့လူဆိုရင် သူ့အကြောင်းတွေကို ရေးပြီးနေလောက်ရောပေါ့လေ။ သူ့မှာ အဖြစ်အပျက်တွေ အများကြီးရှိတယ်။ ခါးသက်တဲ့ အတွေ့အကြုံတွေ၊ နာကျင်မှုတွေနဲ့ လောကကြီးကို သရော်တဲ့ အငွေ့အသက်တွေ အများကြီးပဲ။ လူပြိန်းများတဲ့ လောကထဲ လူပြိန်းကြိုက် မနေခဲ့တာကပဲ သူ့အပြစ်ဆိုရင် ရလာတဲ့ ရလဒ်အားလုံးကို ဒီနေရာမှာ ကျွန်တော် သရော်ပါတယ်။ ဒါပေမဲ့ သူ့အကြောင်းတွေကို သူကိုယ်တိုင်ကိုက ပျင်းရိနေသလို ကျွန်တော်အနေနဲ့လည်း တခြားသူကိုပြောပြဖို့ ဆန္ဒမရှိခဲ့ဘူး။ နောက်ပြီး သူက ကျွန်တော်လျှောက်ပြောမှ ဂုဏ်တက်ရမယ့်လူမျိုးလည်း မဟုတ်ပါဘူး။ သူကိုယ်တိုင်ကိုက အရက်သောက်ရုံအပြင် ဘာမှ ဖြစ်ချင်တဲ့သူမဟုတ်သလို ကျွန်တော်ကလည်း သူ့ဆီက ဘာအခွင့်အရေးမှ မလိုဘူး။

တစ်ခုတော့ရှိတာပေါ့။ ပတ်ဝန်းကျင်က ကျွန်တော်တို့နှစ်ယောက်ကို တွဲပြီးမြင်လေ့ရှိတတ်တော့ တစ်ခါတလေ ကျွန်တော့်ကို သူနဲ့ပတ်သက်တဲ့ကိစ္စတွေ လာပြောတတ်ကြတယ်။ သူ့ဆီက တစ်စုံတစ်ရာအကူအညီမျိုးကို ကျွန်တော့်ဆီကတစ်ဆင့် တောင်းလိုကြတယ်။ ဥပမာ သူ့ဆီက အလုပ်တစ်ခုလောက် ကူပြောပေးဖို့ဆိုတာတွေ ကျွန်တော့်ဆီကတစ်ဆင့် သူ့ကို ပြောပေးဖို့ စကားကြုံတွေ၊ လူကြုံတွေ ပါးလေ့ရှိကြတယ်။ နောက်ဆုံး ကျွန်တော့်ကိုတောင် သူနဲ့ အလုပ်တွဲမလုပ်သေးဘူးလားဆိုတဲ့အထိ ကျွန်တော်တို့ကြားက ခင်မင်မှုကို ဝင်စွက်လိုကြပါသေးတယ်။ အဲဒီလိုလာပြောတိုင်း ကျွန်တော် အမြဲစိတ်ရှုပ်ရတယ်။ သူတို့ပဲ သဘောမပေါက်တာလား ကျွန်တော်ပဲ နားမလည်တာလားတော့ မသိဘူး။ သူနဲ့ ကျွန်တော်က အရက်ဆိုင်မှာ အရက်အတူသောက်တယ်ဆိုရုံလောက်ပဲ။ တခြား ဘာအရောအနှောမှမပါတဲ့ ခင်မင်မှုလောက်ကို သူတို့က ဘာတွေများ မျှော်လင့်နေကြတာလဲ ကျွန်တော်လည်းမသိဘူး။ အမှန်တကယ်တော့ ကျွန်တော်နဲ့ သူနဲ့ အရက် အတူသောက်ကြတယ်။ ပြီးတော့  တစ်ယောက်တစ်လမ်း အိမ်ပြန်ကြတယ်။ တစ်ခါတလေ သူငှားတဲ့ ဆိုက်ကားနဲ့ ကျွန်တော့်ကို လမ်းထိပ်ထိ လိုက်ပို့ပေးခဲ့တယ်။ ဒီလောက်ပဲ။ ကျွန်တော်ဆိုတဲ့ကောင်က အရက်ကြိုက်တတ်တဲ့ သူတစ်ယောက် အရက်သမားဆိုတာကလွဲလို့  တခြား ဘာကောင်မှလည်း မဟုတ်ခဲ့ပါဘူး။

Most Read

Most Recent