အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကုလသမဂ္ဂသဘောတူညီချက်

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကုလသမဂ္ဂသဘောတူညီချက်
Published 21 January 2019

အဂတိလိုက်စားမှုသည် နိုင်ငံအားလုံးနီးပါး၌ တွေ့ရှိရသည့် ကမ္ဘာလုံးဆိုင်ရာ အကြောင်းအရာတစ်ရပ်ဖြစ်သည်။ သို့သော် အဂတိလိုက်စားမှုသည် စီးပွားရေးကြီးထွားမှုကို ခက်ခဲစေပြီး ပညာရေး၊ ကျန်းမာရေးနှင့် အခြားအများပြည်သူ ဝန်ဆောင်မှုများအတွက်  ဘဏ္ဍာငွေများကို လမ်းလွဲသွားစေခြင်းကြောင့် အခြားသူများထက်စာလျှင် ဆင်းရဲသူများအပေါ် ပို၍ထိခိုက်စေကြောင်း အထောက်အထားများ ရှိနှင့်ပြီးဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ နှစ်စဉ်လာဘ်စားမှုများမှတစ်ဆင့် လမ်းလွဲသွားခဲ့ရသည့် ပြည်သူ့ဘဏ္ဍာပေါင်းသည် အမေရိကန်ဒေါ်လာ တစ်ထရီလျံရှိကြောင်း သိရသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကုလသမဂ္ဂသဘောတူညီချက် UNCAC သည် ၂၀၀၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်သက်ဝင်လာခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံး၏ သုံးပုံနှစ်ပုံထက် ပို၍များသော နိုင်ငံပေါင်း ၁၅၅ နိုင်ငံက အတည်ပြုထားသည်။ UNCAC သည် အဂတိလိုက်စား မှုတိုက်ဖျက်ရေးအတွက် တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာ ဥပဒေကြောင်းတစ်ရပ် လည်းဖြစ်သည်။ ယင်းသဘောတူညီချက်တွင် နိုင်ငံများအနေဖြင့် အဂတိလိုက်စားမှုအား ကာကွယ်ရန်နှင့် ရာဇဝတ်မှုအဖြစ် တရားစွဲဆိုရန်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ခိုးယူခံရသော ပြည်သူ့ဘဏ္ဍာများကို ပြန်လည်ရယူရန်နှင့် ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍနှစ်ရပ်စလုံး၌ နည်းပညာဆိုင်ရာ ထောက်ကူမှုများနှင့် အချက်အလက်များ ဖလှယ်ရေးကို တိုးတက်အောင်ပြုလုပ်ရန်တို့ ပါဝင်သည်။ ယင်းသဘောတူညီချက်၌ နယ်ပယ် လေးရပ်ရှိသည်။

(၁) အဂတိလိုက်စားမှုကို ကာကွယ်ခြင်း - ယင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့များ ထူထောင်ခြင်းနှင့် ရွေးကောက်ပွဲ မဲဆွယ်မှုများနှင့် နိုင်ငံရေးပါတီများ ငွေကြေးအသုံးပြုမှု၌ ပွင့်လင်းမြင်သာမှုရှိစေအောင် ပြုလုပ်ခြင်းတို့ကဲ့သို့သော ကာကွယ်ရေးမူဝါဒများ ပါဝင်သည်။ နိုင်ငံများအနေဖြင့် ၎င်းတို့၏ အများပြည်သူဝန်ဆောင်မှုများသည် ထိရောက်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ကောင်းကျိုးအပေါ် အခြေခံလျက် လူသစ်စုဆောင်းမှု တို့အား မြှင့်တင်ပေးသည့် လမ်းညွှန်ချက်များအတိုင်း ကျင့်သုံးရေး သေချာစေရမည်ဖြစ်သည်။ ဝန်ထမ်းများ စုဆောင်းခြင်းသည် ကျင့်ဝတ်များ၊ ဘဏ္ဍာရေးလိုအပ်ချက်များ၊ အခြားလိုအပ်သည့် သတ်မှတ်ချက်များနှင့် သင့်လျော်မှန်ကန်သည့် စည်းကမ်းများအတိုင်း ဖြစ်ရမည်ဖြစ်သည်။ ပြည်သူ့ဘဏ္ဍာသုံးစွဲမှု၌ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ကို မြှင့်တင်ရမည်ဖြစ်ပြီး တရားစီရင်ရေးနှင့်  ပြည်သူ့အကျိုးဆောင် လုပ်ငန်းများကဲ့သို့သော အများပြည်သူကဏ္ဍများ၌ အဂတိလိုက်စားမှုကို ကာကွယ်တားဆီးရန် လိုအပ်သော ထူထောင်မှုများ ပြုလုပ်ထားရမည်ဖြစ်သည်။

(၂) အဂတိလိုက်စားမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်း - အဂတိလိုက်စားမှုများကို ပြည်တွင်းဥပဒေအောက်၌ ရာဇဝတ်မှုအဖြစ် သတ်မှတ်ရသေးခြင်းမရှိပါက အတိုင်းအတာ ကျယ်ပြောသော အဂတိလိုက်စားမှုလုပ်ရပ်များကို လွှမ်းခြုံနိုင်အောင် ပြစ်မှုပြစ်ဒဏ်များ သတ်မှတ်ပြဋ္ဌာန်းရန် လိုအပ်သည်။ ကုလသမဂ္ဂ သဘောတူညီချက်အရ ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းတွင် လာဘ်စားမှုကဲ့သို့သော အခြေခံအဂတိလိုက်စားမှုပုံစံများသာမက ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားလုပ်ခြင်းအပြင် သြဇာအသုံးပြုလျက် အကျိုးအမြတ်ရယူခြင်းနှင့် အဂတိလိုက်စားမှုဖြစ်စဉ်များကို ဖုံးကွယ်ခြင်းနှင့် ခဝါချခြင်းတို့လည်း ပါဝင်သည်။ ပုဂ္ဂလိကကဏ္ဍ အဂတိလိုက်စားမှု၌ ငွေကြေးခဝါချခြင်းနှင့် တရားစီရင်ရေးကို အဟန့်အတားဖြစ်စေခြင်းတို့လည်း ပါဝင်သည်။

(၃) နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု - ကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် ကျူးလွန်သူများကို တရားစွဲဆိုခြင်းတို့အပါအဝင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မျက်နှာစာတိုင်း၌ နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားရသည်။ နိုင်ငံများအချင်းချင်း တရားရုံး၌ အသုံးပြုရန် သက်သေအထောက်အထားများ စုဆောင်းခြင်းနှင့် လွှဲပြောင်းခြင်း၌ ဥပဒေကြောင်းအရ အပြန်အလှန်ကူညီရန်နှင့် ကျူးလွန်သူများကို လွှဲပြောင်းပေးကြရန်လည်း သဘောတူညီထားသည်။ အဂတိလိုက်စားမှုနှင့်ပတ်သက်သော  ဖြစ်စဉ်များ၌ ခြေရာခံခြင်း၊ ပိုင်ဆိုင်မှုများကို ဆိုင်းငံ့ထားခြင်းနှင့် သိမ်းယူခြင်းတို့၌လည်း နိုင်ငံများအချင်းချင်း ပူးပေါင်းကူညီရန် လိုအပ်သည်။

(၄) ပိုင်ဆိုင်မှုများကို ပြန်လည်ရယူခြင်း - အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ပိုင်ဆိုင်မှုများကို ပြန်လည်ရယူခြင်းသည် ကုလသမဂ္ဂသဘောတူညီချက်၏ အခြေခံစည်းမျဉ်းတစ်ရပ်ဖြစ်သည်။ ယင်းသည် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများစွာတို့အတွက် အရေးကြီးသော အကြောင်းအရာတစ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းနိုင်ငံများအတွက် အဆင့်မြင့်အဂတိလိုက်စားမှုများသည် နိုင်ငံ၏ ကြွယ်ဝမှုကို အကြီးအကျယ် ထိခိုက်စေပြီး  ပြန်လည်ထူထောင်ရန်နှင့် လူ့အဖွဲ့အစည်းကို ပြန်လည်နာလန်ထအောင် ပြုလုပ်ရန် နိုင်ငံ့ရင်းမြစ်များကို လိုအပ်သောကြောင့်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ၌ UNCAC ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် စတင်သက်ဝင်ခဲ့သည့် နိုင်ငံဖြစ်သည်နှင့်အညီ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာ၌ UNCAC သဘောတူညီချက်များအတိုင်း ထိရောက်စွာလုပ်ဆောင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၂၂ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent