နိုင်ဂျီးရီးယားသမ္မတရွေးကောက်ပွဲများ ကျင်းပခါနီးတွင် အဂတိလိုက်စားမှု အကြောင်းအရာက အဓိကနေရာ၌ရှိနေသည်။ လက်ရှိ သမ္မတသည် လာဘ်စားမှု ပြဿနာကို ကိုင်တွယ်ရန် ပျက်ကွက်သည်ဟု စွပ်စွဲခံနေရပြီး ရွေးကောက်ပွဲ၌ သူ့အား အဓိက စိန်ခေါ်သူမှာလည်း သူ၏ အတိတ် နှင့် ပတ်သက်၍ အခိုင်အမာထုတ်ဖော်ပြောဆိုမှုများနှင့် ရင်ဆိုင်နေရသည်။
ခြိုးခြံချွေတာပြီး ဘာသာတရားကိုင်းရှိုင်းသည့် ဗိုလ်ချုပ်ကြီးဟောင်း မူဟမ်မက်ဒူဘူဟာရီသည် ချမ်းသာကြွယ်ဝသည့် ဒုတိယ သမ္မတဟောင်း အတီကုအဘူဘာကာနှင့် ဖေဖော်ဝါရီ ၁၆ ရက် ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
နှစ်ဦးစလုံးမှာ နိုင်ဂျီးရီးယားမြောက်ပိုင်းမှ ဟောက်ဆာလူမျိုးစု မွတ်စလင်များဖြစ်ကြသည်။
အာဖရိကတိုက်၏ လူဦးရေအများဆုံး နိုင်ငံ၌ အမြစ်တွယ်နေသည့် လာဘ်စားခြင်း ကင်ဆာရောဂါကို အမြစ်ဖြတ်မည်ဟု ကတိပြုလျက် ၂၀၁၅ ခုနှစ်တွင် အာဏာရလာသည့် ဘူဟာရီသည် အပြစ်တင်ဖွယ်ရာမရှိသော ရုပ်ပုံလွှာတစ်ရပ်ကို မွေးမြူထားနိုင်ခဲ့သည်။
ဘူဟာရီ၏ အနီးကပ်မဟာမိတ်ဖြစ်သော နိုင်ဂျီးရီးယား၏ နိုင်ငံရေးခေါင်းကိုင် ဖခင်ကြီးဟု ခေါ်ဆိုကြသည့် ဘိုလာတီနုဗျူ က ဘူဟာရီအား ဖြောင့်မတ်၍ ရိုးသားသူဟု ယခုလ အစောပိုင်းတွင် မှတ်ချက်ပြုထားသည်။
“ဘူဟာရီရှိနေတဲ့ အခန်းထဲက စားပွဲပေါ် နိုင်ရာတွေ (နိုင်ဂျီးရီးယားနိုင်ငံသုံး ပိုက်ဆံ) တင်ထားလိုက်ပါ။ ခင်ဗျား ပြန်လာတဲ့အခါ စားပွဲပေါ်မှာ နိုင်ရာတွေကို ဒီ အတိုင်း ပြန်တွေ့ရမှာပဲ” ဟု သူက အဘူဘာကာအား သက်သက်ညှာညှာ ဝေဖန်ရာ၌ ပြောကြားခဲ့သည်။
အဘူဘာကာသည် ၁၉၉၉ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်အကြား အိုလူစီဂန်အိုဘာဆန် ဂျိုလက်အောက်၌ ဒုတိယသမ္မတအဖြစ် ဆောင်ရွက်ခဲ့စဉ် ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားလုပ်ခြင်းဖြင့် ဒေါ်လာသန်း ရာပေါင်းများစွာ ချမ်းသာခဲ့သည်ဟု စွပ်စွဲခံထားရသည်။ သို့သော် အဘူဘာကာသည် နိုင်ဂျီးရီးယားနိုင်ငံအတွင်း၌ မည်သည့်အခါကမျှ စုံစမ်းစစ်ဆေးမှု ခံခဲ့ရခြင်းမရှိပေ။
“အဂတိလိုက်စားမှု အကြောင်းအရာ နှင့် ပတ်သက်ပြီး ကျွန်တော် ဘယ်နေရာမှာမဆို ဘယ်သူ့ကိုမဆို စိန်ခေါ်ရဲပါတယ်။ ကျွန်တော်နဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု သက်သေ အထောက်အထားရှိတဲ့သူ ဘယ်သူမဆို ရှေ့ကို ထွက်ခဲ့ပါ” ဟု အဘူဘာကာက ပြောကြားခဲ့သည်။
“အရင်ဘယ်တုန်းကမျှ မရှိခဲ့ဘဲ ကျွန်တော်က အဂတိလိုက်စားမှုကို တိုက်ဖျက်မယ်လို့ ကျွန်တော် ယုံကြည်ထားတာကြောင့် ကျွန်တော်ဟာ လူတိုင်းကို အံ့သြစေပါလိမ့်မယ်” ဟုလည်း အဘူဘာကာက ပြောကြားခဲ့သည်။
သို့သော် အမေရိကန်ပြည်ထောင်စု၌မူ ငွေကြေးခဝါချမှုနှင့်ပတ်သက်သော အထက်လွှတ်တော်၏ စုံစမ်းစစ်ဆေးမှုတစ်ရပ်၌ အဘူဘာကာ၏အမည် ပါဝင်နေခဲ့သည်။
အမေရိကန်နိုင်ငံသူ ဂျနီဖာဒေါက်ဂလက် (အဘူဘာကာ၏ စတုတ္ထဇနီး) သည် အမေရိကန်ဒေါ်လာ သန်း ၄၀ (ယူရို ၃၅ သန်း) အား အမေရိကန်ပြည်ထောင်စုအတွင်းသို့ မသင်္ကာဖွယ် ရန်ပုံငွေအဖြစ် သယ်ယူရာတွင် ခင်ပွန်းဖြစ်သူအား ကူညီခဲ့သည်ဟု ၂၀၁၀ ပြည့်နှစ် အစီရင်ခံစာ တစ်စောင်၌ စွပ်စွဲထားသည်။ ယင်းငွေများကို ကမ်းလွန် ကော်ပိုရေးရှင်းများမှတစ်ဆင့် အမေရိကန် ဘဏ်စာရင်းများထဲသို့ အွန်လိုင်းမှတစ်ဆင့် ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဘူဘာကာနှင့် ဂျနီဖာဒေါက်ဂလက်တို့သည် ဂျာမန်စက်မှုလုပ်ငန်း ကုမ္ပဏီကြီး ဖြစ်သော Siemens နှင့် ကန်ထရိုက်စာချုပ်ကြီးတစ်ခုအတွက် ဒေါ်လာ နှစ်သန်းကျော် ကော်မရှင်ယူခဲ့သည်ဟုလည်း စွပ်စွဲခံထားရသည်။
အလွန်အရေးကြီးသော ပြုပြင်ပြောင်းလဲရေး နှစ်ရပ်
သို့သော် ယခုသီတင်းပတ်အတွင်း အဘူဘာကာက သူ့အား ဗီဇာပိတ်ထားပြီး အမေရိကသို့ ခရီးသွားလာခွင့်မပြုဟူသည့် ကောလာဟလများကို ချေဖျက်ပြရန် ၀ါရှင်တန်သို့သွားကာ အမေရိကန်မှ အရေးကြီး ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြခဲ့သည်။
အဘူဘာကာက သူသာ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပါက သူ၏ ကုမ္ပဏီအမျိုးမျိုး၌ သူ၏ရှယ်ယာများကို ဆက်လက်ထားရှိမည် မဟုတ်ဟု လွန်ခဲ့ သည့်နှစ်က ပြောကြားခဲ့ဖူးသည်။
အဘူဘာကာသည် တယ်လီဖုန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ အိမ်ခြံမြေ လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ သွင်းကုန် ပို့ကုန်လုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းတို့ အပါအဝင် လုပ်ငန်းအမျိုးမျိုး ၌ ရှယ်ယာများ ထည့်ဝင်ထားသည်။
ပွင့်လင်းမြင်သာမှုမရှိသော နိုင်ဂျီးရီးယား စီးပွားရေးစနစ်၌ အဂတိလိုက်စားမှုကို တိုက်ဖျက်မည်ဟူသည့် အဘူဘာကာ၏ ကတိမှာလည်း ခက်ခဲလိမ့်မည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) ၏ ၂၀၁၇ ခုနှစ် ထုတ်ပြန်ချက်အရ အဂတိလိုက်စားမှု အညွှန်းကိန်းတွင် နိုင်ဂျီးရီးယားနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၄၈ ၌ ရှိနေသည်။
ဘူဟာရီမှာမူ ကိုယ်ပိုင်ဂျက်လေယာဉ်၊ ရိုးလက်နာရီများ၊ ဇိမ်ခံကားများနှင့် ဝင့်ကြွားလွန်းသော အဘူဘာကာနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။ ၎င်းတို့ ရာထူးများ ရှိစဉ်အတွင်း ချမ်းသာကြွယ်ဝလာခဲ့ကြသည့် အခြား နိုင်ဂျီးရီးယားနိုင်ငံရေးသမားများနှင့်မတူဘဲ သမ္မတ၌ ခြိုးခြံချွေတာပြီး တင်းတင်းကျပ်ကျပ်နိုင်သည့် ဘဝနေထိုင်မှုပုံစံသာရှိကြောင်း ဘူဟာရီ၏ပြောရေးဆိုခွင့်ရှိသူက ၂၀၁၅ ခုနှစ်တွင် ပြောကြားခဲ့ဖူးသည်။
သို့သော် ပို၍ပွင့်လင်းမြင်သာမှုရှိပြီး ပို၍ တာဝန်ခံမှုရှိသည့် အစိုးရအဖွဲ့ ဖြစ်စေရမည်ဟု ကတိပြုခဲ့သော ဘူဟာရီသည် လာဘ်စားမှုများကို တိုက်ဖျက်ရာ၌ သိသာ ထင်ရှားသော တိုးတက်မှုတစ်ရပ် မရှိဟူသည့် ပြင်းထန်သော ဝေဖန်မှုများအောက်သို့ ရောက်ရှိနေသည်။
မှန်ကန်သည့် လားရာသို့လှမ်းရန် အဓိကအရေးကြီးသည့် ပြုပြင်ပြောင်းလဲရေး နှစ်ရပ် လိုအပ်နေသည်။ ယင်းတို့မှာ (၁) အစိုးရအဖွဲ့ ဘဏ္ဍာငွေများအားလုံးအတွက် ဘဏ္ဍာရေးငွေစာရင်း တစ်ခုတည်းသာ ဖွင့်ထားရန်နှင့် (၂) စာရင်းဖွင့်သူများနှင့် ငွေလွှဲ ပြောင်းမှုများကို ပိုမိုကောင်းမွန်စွာ ခြေရာခံ နိုင်ရေးအတွက် ဘဏ်များ၌ လူ၏ ခန္ဓာကိုယ်ဆိုင်ရာ အမှတ်အသားများအား မှတ်ပုံတင်သည့် စနစ်တစ်ရပ်ကို စတင်ကျင့်သုံးရန်တို့ ပါဝင်သည်။
“အဲဒီနှစ်ခုကို အစိုးရအဖွဲ့ထံ ကျွန်တော် အကြံပြုလိုပါတယ်” ဟု အဘူဂျာမြို့ အခြေ စိုက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအထူးပြု ဥပဒေပညာရှင် ဆားဒါတုဖာလီလာဟာမူးက ပြောကြားခဲ့သည်။
“ဒါပေမဲ့ အဲဒီလို လုပ်ရမဲ့အစား အစိုးရဟာ အတိုက်အခံ နိုင်ငံရေးပါတီတွေက လူတွေအပေါ်ပဲ အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ အဓိကထားနေပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ဟာမူးက နိုင်ဂျီးရီးယားနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အဓိက အဖွဲ့ဖြစ်သော စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှုများကော်မရှင် (EFCC) ကို ထိရောက်မှုမရှိဟုလည်း ပြစ်တင်ဝေဖန်ခဲ့သည်။
ရေနံကန်ထရိုက် စာချုပ်များ
နိုဝင်ဘာလတွင် EFCC ညွှန်ကြားရေးမှူး အီဘရာဟင်မာဂူးက အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလျံ တန်ဖိုးအပြင် ခမ်းနားလှသော အိမ်တော်များ၊ ရတနာများနှင့် ကားများကိုပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း ကြွားဝါခဲ့သည်။ သို့သော် သိမ်းယူမှုအများစုမှာ ဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များ၏ ပြင်ပမှဖြစ်သည်ဟု ဆိုကြသည်။
ယခုနှစ်ပြီးလျှင် သက်တမ်းအသစ်တိုးမည့် ရေနံရှာဖွေရေး ကန်ထရိုက်စာချုပ်အားလုံးကို ပြန်လည်သုံးသပ်မည်ဟု ဘူဟာရီက ကတိပြုခဲ့သည်။
ယင်းကဲ့သို့သော ရွေးကောက်ပွဲကတိမျိုးသည် လုပ်ငန်းအတွင်း၌ လုံးဝကမောက်ကမဖြစ်မှု သို့မဟုတ် ရူးနှမ်းမှုဆီသို့သာ ဦး တည်သွားစေလိမ့်မည်ဟု သုံးသပ်သူတစ်ဦး ဖြစ်သော ဆိုဂျီအေပမ်ပါက ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယားနိုင်ငံသည် ရေနံရောင်းချမှုများပေါ်၌ မှီခိုနေရပြီး နိုင်ငံတော်ဘဏ္ဍာ ရာခိုင်နှုန်း ၇၀ ကို ယင်းမှ ရရှိခြင်းဖြစ်သည်။
သမ္မတ ဂွတ်လက်ဂျိုနသန်လက်ထက် ၂၀၁၃ ခုနှစ်တွင် ဗဟိုဘဏ်အကြီးအကဲက နိုင်ငံဘဏ္ဍာအဖြစ် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ကျဆင်းရကြောင်း ကြေညာခဲ့သည်။ ယင်းအရှုပ်တော်ပုံကြောင့်ပင် ဂျိုနသန် ပြုတ်ကျပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ဘူဟာရီအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
သို့သော် နိုင်ငံပိုင် နိုင်ဂျီးရီးယားအမျိုး သားရေနံကော်ပိုရေးရှင်းကို အစိုးရအဆက်ဆက်အတွက် တရားမဝင် ရန်ပုံငွေရှာဖွေရာနေရာအဖြစ် သတ်မှတ်ထားပြီး ဘူဟာရီ လက်ထက်တွင်လည်း ပွင့်လင်းမြင်သာမှုမရှိ ဟု နာမည်ပျက်မြဲဖြစ်ပြီး ရေနံဝန်ကြီးလည်း ဖြစ်သော ဘူဟာရီသည် အဆိုပါ ကော်ပိုရေးရှင်း၏ အကြီးအကဲအဖြစ် သူနှင့် ရင်းနှီးသော မိတ်ဆွေတစ်ဦးကို ခန့်ထားခဲ့သည်။