ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတကာဖိအားနှင့် မြစ်ဆုံအပေါ် တရုတ်၏ ရပ်တည်ချက်

ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတကာဖိအားနှင့် မြစ်ဆုံအပေါ် တရုတ်၏ ရပ်တည်ချက်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဆုံဒေသ၏ သဘာဝရှုခင်းများနှင့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း တည်ရှိရာနေရာကို တွေ့ရစဉ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဆုံဒေသ၏ သဘာဝရှုခင်းများနှင့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း တည်ရှိရာနေရာကို တွေ့ရစဉ်
Published 20 January 2019
ဆန်းမိုးထွန်း

ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်ကြောင့် မြန်မာပြည်သူလူထု အကြားတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပွက်လောရိုက်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဇန်နဝါရီ ၁၃ ရက်က ထုတ် ပြန်ချက်တွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု၌ ရင်ဆိုင်နေရသည့် အခက်အခဲတစ်ခုမှာ ခုနစ်နှစ်ကြာ ရပ်ဆိုင်းခဲ့သည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းဖြစ်ကြောင်း ပါရှိသည်။

ပြီးခဲ့သည့် ၂၀၁၈ ဒီဇင်ဘာ ၂၈ ရက်မှ ၂၉ ရက်အထိ ကချင် ပြည်နယ် မြစ်ကြီးနားမြို့သို့ သွား ရောက်ခဲ့သည့် ခရီးစဉ်အတွင်း ကချင်ပြည်နယ် နိုင်ငံရေးပါတီနှင့် လူမှုရေး အဖွဲ့အစည်း ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ထိုသို့ပြော ကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည့် “တရုတ်သံအမတ်ကြီး Mr. Hong Liang မြန်မာနိုင်ငံ ကချင်ပြည်နယ်သို့ လည်ပတ်ကြည့်ရှုမှု အခြေအနေ” ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၏ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ငြိမ်းချမ်းရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် စီးပွားကုန်သွယ် ပူးပေါင်းဆောင်ရွက်ရေး စသည့် ကဏ္ဍလေးခုကို ကချင်နိုင်ငံရေးပါတီ၊ လူမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ကဏ္ဍလေးခုအနက် စီးပွားကုန်သွယ်ပူးပေါင်းဆောင်ရွက်ရေး နှင့် ပတ်သက်၍ တရုတ်သံအမတ်ကြီး Mr. Hong Liang က ပြောကြားရာ၌ လက်ရှိအချိန်တွင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု၌ ရင်ဆိုင်နေရသည့် အခက်အခဲ တစ်ခုမှာ ခုနစ်နှစ်ကြာ ရပ်ဆိုင်းခဲ့သည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းဖြစ်ကြောင်း၊ မြစ်ဆုံစီမံကိန်း ပြဿနာ မဖြေရှင်းဘဲ အကြာကြီး အချိန်ဆွဲမည်ဆိုပါက တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ယုံကြည်စိတ်ကို ဆိုးရွားစွာ ထိခိုက်နိုင်ကြောင်း ဆိုသည့်အချက် ပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရန်နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်ရန် အတွက်လည်း လုံလောက်သည့် လျှပ်စစ်ဓာတ်အား အရေးတကြီး လိုအပ်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ တရုတ်-မြန်မာ နှစ်ဖက်စလုံးသည် မျက်ခြည်မပြတ် ဆွေးနွေးညှိနှိုင်းပြီး မြစ်ဆုံစီမံကိန်း ပြဿနာနှင့် စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် သင့်လျော်ပြေလည်သော အဖြေကို အမြန်ဆုံးရှာဖွေနိုင်ရန် အစွမ်းကုန်ကြိုးစား အားထုတ်နေကြောင်းနှင့် အထက်ပါလုပ်ငန်း ဆောင်ရွက်ရာတွင် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား ပြည်သူများအားလုံး၏ ထောက်ခံမှုရရှိနိုင်ရန် မျှော်လင့်ကြောင်း တရုတ်သံအမတ်ကြီးက ပြောကြားသည်ဟု ဆိုသည်။ 

တရုတ်သံအမတ်ကြီး၏ ပြောကြားချက်အပေါ် ကချင်နိုင်ငံရေးပါတီများနှင့် လူမှုအသင်းအဖွဲ့ ခေါင်းဆောင်များ ဆွေးနွေးရာတွင် ကချင်ပြည်နယ် ဒေသခံတိုင်းရင်းသား ပြည်သူများသည် မြစ်ဆုံရေးအားလျှပ်စစ် စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှု မရှိကြောင်း၊ စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သည်မှာ ပြင်ပမှလူနှင့် အဖွဲ့အစည်းဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ကချင်နိုင်ငံရေးပါတီများနှင့် လူမှုအသင်းအဖွဲ့ ခေါင်းဆောင်များ၏ ဖြေကြားမှုနှင့်ပတ်သက်၍ တရုတ်သံအမတ်ကြီးက ကချင်နိုင်ငံရေးပါတီများနှင့် လူမှုအသင်း အဖွဲ့အစည်းများ မြစ်ဆုံစီမံကိန်း မဆန့်ကျင်သည့် သဘောထားကို ချီးကျူးပြီး မြန်မာအစိုးရထံ ကိုယ့်သဘောထားကို တင်ပြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ခရီးစဉ်အတွင်း တရုတ်သံအမတ်ကြီးသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဂွမ်ဂေါင်အောင်ခမ်း၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးရွှေမင်း၊ မြန်မာနိုင်ငံမြောက်ဖျား ရှမ်းမျိုးနွယ်စုရေးရာ ဥက္ကဋ္ဌ ဦးစိုင်းစန်းဝေ၊ ကချင်နှစ်ခြင်း အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာဆမ်ဆွန်တို့နှင့် တွေ့ဆုံဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် ကချင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးများ လိုအပ်သည်ဟု ပြောကြားခဲ့သော်လည်း ထိုသို့ပြောကြားခြင်းမှာ မြစ်ဆုံစီမံကိန်းနှင့် သက်ဆိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း ကချင်နှစ်ခြင်းအဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာဆမ်ဆွန်က ပြောကြားသည်။

“မြစ်ဆုံကို တရားဝင်ကန့်ကွက်တာတော့ အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ဟုတ်တယ်။ ဒါပေမဲ့ တရုတ်သံအမတ် လာတဲ့အချိန်မှာ ဆန္ဒပြတာတို့၊ မြစ်ဆုံမှာ အစည်းအဝေး ဦးဆောင်တာတို့ကတော့ အခု ကျွန်တော်တို့ ခုနစ်နှစ်ရှိပြီ။ KBC က ဦးဆောင် ပြီးတစ်ခါမှ မလုပ်ခဲ့ဘူး။ အဲဒါကို ကျွန်တော်ပြောတာကို သူတို့ ဘယ်လိုအဓိပ္ပာယ် ကောက်သွားလဲတော့ မသိဘူး” ဟု ဒေါက်တာဆမ်ဆွန်က ဆိုသည်။

ထို့ပြင် မေခနှင့်မလိခဆုံသည့် နေရာတွင် မြစ်ဆုံရေကာတာ တည်ဆောက်ပါက သဘာဝပတ်ဝန်းကျင် ပျက်ဆီးမည်ကို မည်သူမျှ မလိုလားသည့်အပြင် ၎င်းတို့ ကိုယ်တိုင်သည်ပင် မလိုလားကြောင်း ဒေါက်တာဆမ်ဆွန်က ပြောကြားသည်။

တရုတ်သံရုံး ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကချင်ပူးပေါင်း ပါတီသုံးပါတီက ဇန်နဝါရီ ၁၄ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ မြစ်ဆုံရေကာတာစီမံကိန်း ထာဝရပ်ဆိုင်းရေး အပါအဝင်၊ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တရုတ်နိုင်ငံနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မိသားစုများနှင့် အတူတကွ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း လုပ်ဆောင်မည့် စက်မှုဇုံစီမံကိန်းများနှင့် ပတ်သက်၍ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ရရှိမှသာလျှင် ဆောင်ရွက်သွားရန်ရှိကြောင်း အချက်သုံးချက် ပါရှိသည့် သဘောထား ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ သဘောထားကို တင်ပြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကို ပြည်သူလူထုတွေက မေးမြန်းတဲ့ အချက်တွေလည်း ရှိပါတယ်။ တရုတ်သံရုံးကလည်း ဒီဟာကိုထုတ်ပြန်တဲ့ အချက်တွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ သဘောထားကို ထုတ်ပြန်ခြင်း ဖြစ်ပါတယ်” ဟု ပေါင်းစည်းပါတီတွင် ပါဝင်သည့် ကချင်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးဂွမ်ဂေါင်အောင်ခမ်းက ဆိုသည်။

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်လျှင် တရုတ်နိုင်ငံမှ သံအမတ်များနှင့် CPI ကုမ္ပဏီမှ တာဝန်ရှိသူများက နှစ်စဉ် ဒေသခံများနှင့် လာရောက်တွေ့ဆုံ ဆွေးနွေးလေ့ ရှိသော်လည်း ယခုနှစ်တွင် တရုတ်သံရုံး၏ ထုတ်ပြန်ချက်သည် ပြင်းပြင်းထန်ထန် ဖိအားပေးမှု အသုံးပြုမှုကို တွေ့ရကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် အထွေထွေ အတွင်းရေးမှူး ကိုဆာဂျီက ပြောကြားသည်။

“ကချင်ပြည်နယ်မှာတော့ နှစ်တိုင်းပါပဲ။ တရုတ်ဘက်က သံအမတ်တွေရယ်၊ CPI ကုမ္ပဏီက တာဝန်ရှိသူတွေရယ် လာလာပြီး တော့ တွေ့တယ်။ ဒီနှစ်တော့ ခပ်ပြင်းပြင်းနဲ့ သူတို့ ဖိအားပေးမှုကို အသုံးပြုသွားတယ်” ဟု ကိုဆာဂျီက ဆိုသည်။

ယခုကဲ့သို့ တရုတ်သံရုံးမှ “တရုတ်သံအမတ်ကြီး Mr. Hong Liang မြန်မာနိုင်ငံ ကချင်ပြည်နယ်သို့ လည်ပတ်ကြည့်ရှုမှု အခြေအနေ” ထုတ်ပြန်ချက်မတိုင်မီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်သို့ ရောက်ရှိခဲ့ပြီး ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီ ၈ ရက် မှ ၁၀ ရက်အထိ ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး (၇၁) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် မြစ်ကြီးနားမြို့ရှိ ဘာသာရေး ခေါင်းဆောင် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားမျိုးနွယ်စု ကိုယ်စားလှယ်များ မြစ်ကြီးနားမြို့ရှိ Palm Spring ဟိုတယ်၌ ဇန်နဝါရီ ၁၀ ရက်က တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစီမံကိန်း ဆက်လုပ်၊ မလုပ်ကို တိကျစွာ အဖြေမပေးခဲ့ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) တွဲဖက်အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဦးဇယ်ခေါင်က ပြောကြားကြောင်း 7Day သတင်းဌာနက သတင်းဖော်ပြခဲ့သည်။ ယင်းသတင်း၌ပင် ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစီမံကိန်း ဆက်လက် အကောင်အထည် ဖော်နိုင်မည့်သဘောမျိုး ပြောကြားကြောင်း ဦးဇယ်ခေါင်က ရှင်းပြသည်ဟု ပါရှိသည်။

အဆိုပါသတင်း ထွက်ပေါ်ပြီး အချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက “တရုတ်သံအမတ်ကြီး Mr. Hong Liang မြန်မာနိုင်ငံ ကချင်ပြည်နယ်သို့ လည်ပတ်ကြည့်ရှုမှု အခြေအနေ” ကို သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစီမံကိန်း ဆက်လုပ်၊ မလုပ်ကို တိကျစွာ အဖြေမပေးခဲ့ဟု သတင်းထွက်ပေါ်ချိန်နှင့် တရုတ်သံရုံး ထုတ်ပြန်ချက် ထုတ်ပြန်သည့် အချိန်သည် တိုက်ဆိုင်ခြင်းလား သို့မဟုတ် ရည် ရွယ်ချက်ရှိရှိ ချိန်သားကိုက် လုပ်ဆောင်ခြင်းလားဆိုသည့် မေးခွန်းများက ပြည်သူများ အကြားတွင် ပေါ်ထွက်လာပြီး ပြင်းထန်သည့် ဝေဖန်မှုများလည်း ရှိခဲ့သည်။

“တရုတ်သံရုံးက သဘောတူပါတယ်ဆိုတာ မဟုတ်ပါဘူး။ အရင်ကလည်း မကြိုက်ဘူး။ အခုလည်း ကန့်ကွက်နေကြတယ်။ ပြောင်းရွှေ့ရွာတွေက အသက်မွေးတာ အဆင်ပြေကြတာ မဟုတ်ဘူး။ အခုအစိုးရက တစ်နိုင်ငံလုံးရဲ့ ထောက်ခံချက် အများဆုံးရတဲ့ ပါတီဆိုတော့ မြစ်ဆုံကိစ္စကို ပြတ်ပြတ်သားသား ဆောင်ရွက်သင့်ပြီလို့ မြင်တယ်” ဟု မြစ်ဆုံစီမံကိန်းကြောင့် မြစ်ဆုံတန်ဖဲကျေးရွာမှ အောင်မြင်သာကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသူ ဒေါ်လုရာက ဆိုသည်။

ကချင်ပြည်နယ် မြစ်ကြီးနားတွင် ၂၀၁၈ အောက်တိုဘာ ၁ ရက်က ပြုလုပ်ခဲ့သည့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း ခုနစ်နှစ်ပြည့် အခမ်းအနားတွင် လူထုအစိုးရ အနေဖြင့် မြစ်ဆုံစီမံကိန်းကို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချသင့်ပြီ ဖြစ်ကြောင်း တောင်းဆိုခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ စာရေးဆရာများ၊ ပညာရှင်များနှင့် ဒေသခံ နှစ်ထောင်ဝန်းကျင်ခန့် တက်ရောက်ခဲ့သည်။

“ကျွန်တော်တို့ အခုဆိုရင် မြစ်ဆုံစီကိန်းကြီး ရပ်ဆိုင်းလိုက်တာ ခုနစ်နှစ်ပြည့်ပါပြီ။ အရင်အစိုးရ လက်ထက်ကတောင် အကောင်အထည်ဖော်နေဆဲ စီမံကိန်းကြီးကို ပြည်သူ့စကား နားထောင်ပြီး ရပ်ဆိုင်းရဲသေးတာပဲ။ အခုအစိုးရက ပြည်သူတွေရဲ့ ဆန္ဒနဲ့တင်ပေးလိုက်တဲ့ အစိုးရဖြစ်တဲ့အတွက် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး လုံးဝရပ်ဆိုင်းပေးဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ အချိန်တန်ပါပြီ။ ပြည်သူရဲ့ သဘောထားကတော့ ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက သိပြီးသား ဖြစ်ပါတယ်” ဟု ဒေသခံ ဓမ္မဆရာ ဦးတူးလွန်က ဆိုသည်။

ထို့နောက် ဒေသခံများက စီမံကိန်းကြောင့် စိုက်ပျိုးမြေများ ဆုံးရှုံးရခြင်း၊ စားကျက်မြေများ ပျောက်ဆုံးခြင်း၊ လူမှုစီးပွားများ အဆင်မပြေမှုများ ကြုံတွေ့ရခြင်းများကို ဟောပြောခဲ့ပြီး မူလကျေးရွာဟောင်းများတွင် ပြန်လည် နေထိုင်လိုသည့်အပြင် မူလပိုင်ဆိုင်မှုများကိုလည်း ပြန်ရလိုကြောင်း တောင်းဆိုခဲ့သည်။

ကချင်ဒေသခံများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများက မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းရန် ကြေညာချက်ထုတ် တောင်းဆိုခြင်း၊ ဆန္ဒပြ တောင်းဆိုခြင်းများဖြင့် တောင်းဆိုမှုများရှိခဲ့ပြီး သဘာဝ ပတ်ဝန်းကျင် ပညာရှင်များကလည်း စာတမ်းများပြုစု၍ တင်ပြမှုများ ရှိခဲ့သော်လည်း လက်ရှိ NLD အစိုးရသက်တမ်းသုံး နှစ်နီးပါးအထိ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဆုံးဖြတ်နိုင်ခြင်းမျိုး မရှိခဲ့ပေ။

“မြစ်တစ်ခုအပေါ်မှာ ဆည်တွေဆောက်မယ်ဆိုရင် ဆည်တစ်ခုနဲ့ တစ်ခုရဲ့ အကွာအဝေးက မိုင် ၆၀ ဒါမှမဟုတ် ကီလို ၁၀၀ ဝေးရမှာ ဖြစ်ပါတယ်။ အခု မေခမြစ်ပေါ်မှာ တည်ဆောက်မယ့် ဆည်ငါးခုက တစ်ခုနဲ့ တစ်ခုက မိုင် ၂၀ ကျော်ပဲ ဝေးပါတယ်။ အဲဒါကြောင့် ဒီဟာတွေ ဆောက်လိုက်မယ် ဆိုလို့ရှိရင် ပထမ ထိခိုက်မှာကတော့ ရေထဲမှာရှိတဲ့ အောက်ဆီဂျင်ပြတ်သွားမှာ ဖြစ်ပါတယ်။ ရေကပုပ်သွားမယ်။ ကျွန်တော်တို့ မှန်းထားတာ ရေပုပ်တာက ဘယ်အထိတောင် ရောက်သွားမလဲဆိုရင် ဧရာဝတီနဲ့ ချင်းတွင်း အဆုံထိအောင် ရောက်မယ်လို့ ကျွန်တော်တို့ တွက်ချက်ထားပါတယ်။ နောက်တစ်ချက်က ဒီဆည်တွေဟာ စစ်ကိုင်းငလျင်ကြောနဲ့ နီးပါတယ်။ တကယ်လို့ ငလျင်လှုပ်ပြီး ဆည်ပြိုတော့မယ်ဆိုရင် ဆည်ခုနစ်ခုက ပိတ်ထားတဲ့ ရေတွေအကုန်လုံးက စစ်ကိုင်း၊ မန္တလေး အထိတောင် ရောက်နိုင်ပါတယ်။ နောက်တစ်ခုက ကချင်လူမျိုးတွေက ဒီဟာကို မလုပ်ချင်ပါဘူး။ ဒါအရေးကြီးဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဒေသ အထွတ်အမြတ်ထားရာ နေရာ၊ သူတို့ရဲ့ ယဉ်ကျေးမှုအစ ဖြစ်တယ်လို့ ယူဆပြီးတော့ ဒီဟာကို လုံးဝမပြောင်းလဲချင်ပါဘူး။ သဘာဝအတိုင်း ရှိချင်တာပါ။ အဲဒါကြောင့် ဒီလူတွေရဲ့ ယုံကြည်မှု၊ တန်ဖိုးထားမှုတွေဟာ လုပ်ခဲ့မယ်ဆိုရင် ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အောက်ဘက်မှာဖြစ်လာ မယ့်ဟာက ဆည်တွေက ရေကိုပိတ်လိုက်ရင် အောက်ဘက်မှာ ရေကနည်းသွားမှာ ဖြစ်ပါတယ်။ အဲဒီလို နည်းသွားလို့ရှိရင် သင်္ဘောသွား လာမှုတွေက ယုတ်လျော့လာမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဧရာဝတီမြစ်ဝှမ်းဒေသမှာ နှစ်စဉ် မြေနုကျွန်းဆိုပြီးပေါ်တာရှိပါ တယ်။ အဲဒီမြေနုကျွန်းဖြစ်ပေါ်မှုဟာ ပျောက်သွားမှာ ဖြစ်တဲ့အတွက် မြေနုကျွန်းစိုက်ပျိုးရေးက ပျက် သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ပျက် သွားမှာ ဖြစ်တဲ့အတွက် ဧရာဝတီရဲ့ ထုတ်လုပ်မှုက ကျဆင်းသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က အပေါ် ပိုင်းက ရေလွှတ်တာ နည်းသွားရင် ဧရာဝတီမြစ်အတွင်းကို ပင်လယ်ရေ တွေ ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ အဲဒီလိုဝင်လာတာက ဘယ်အထိ အောင် ရောက်နိုင်သလဲဆိုရင် ကျွန် တော်တို့ ခန့်မှန်းထားတာက ပြည်မြို့ကိုတောင် ကျော်သွားနိုင်တယ်လို့ မှန်းထားတယ်။ အဲဒီလိုသာဆိုရင် ဧရာဝတီမြစ်ဝှမ်းဒေသရဲ့ စိုက်ပျိုးရေးကိုပါ ထိခိုက်သွားနိုင်ပါတယ်။ အဲဒါကြောင့် ဧရာဝတီရဲ့ ထုတ်လုပ်မှုဟာ အများကြီး ကျဆင်းသွားနိုင်ပါတယ်။ ဒီအချက် တွေကတော့ ထိခိုက်မှု သေချာတဲ့ အချက်တွေကြောင့် ကန့်ကွက်နေရတာ ဖြစ်ပါတယ်” ဟု သဘာဝပတ် ဝန်းကျင်ဆိုင်ရာ ပညာရှင် ဦးညိုမောင်က ရှင်းပြသည်။

ထို့ပြင် မြစ်ဆုံစီမံကိန်းကြောင့် ရေလွှမ်းမိုးမှုဧရိယာမှာ ဟက်တာ ၄၈၀၀ ခန့်ရှိပြီး ကျေးရွာပေါင်း ၄၉ ရွာနှင့် လူပေါင်း ၁၈၀၀၀ ခန့် ရေ နစ်မြုပ်မည့်ဘေး ရင်ဆိုင်ရနိုင် ကြောင်း၊ ဒေသတွင်း သစ်တောများ ရေလွှမ်းမိုးခံရခြင်း၊ ငါးအထွက် လျော့ကျခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ပျောက်ဆုံးသွားနိုင်ခြင်း၊ ဧရာဝတီ မြစ်အောက်ပိုင်းရှိ ဂေဟစနစ်များ ပျက်စီးခြင်း၊ ရေစီးရေလာ ပျက်စီးခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊  မြန်မာတစ်နိုင်ငံလုံး၏ ရာခိုင်နှုန်း ၆၀ ဆန်စပါးထွက်ရာ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသသည် ထိခိုက်ပျက် စီးမှုများနှင့် ရင်ဆိုင်ရမည်ဖြစ် ကြောင်း၊ အထူးသဖြင့် မြစ်ဆုံစီမံ ကိန်းကြောင့် ဧရာဝတီမြစ်ဝှမ်းတစ် လျှောက်တွင်ရှိသည့် မြို့ပေါင်း ၂၁၅ မြို့၊ ကျေးရွာပေါင်း ၁၉၄၄၃ ရွာနှင့် လူဦးရေ ၃၇ သန်း၏ အသက် ရှင်ရပ်တည်မှုများ ပြောင်းလဲနိုင် ကြောင်း ပညာရှင်များက ခန့်မှန်း ထားသည်။

“ဒါတွေဟာ ဘယ်လိုမှ ငြင်း ပယ်လို့မရတဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာထိခိုက်မှုတွေပဲ။ ကျွန်တော် လေ့လာ မှတ်သားရသလောက် မြစ် ဆုံရေ ကာတာစီမံကိန်းက သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုဘဝပတ်ဝန်း ကျင်တွေ ထိခိုက်နိုင်ခြေမြင့်မား လွန်းလို့ မလုပ်သင့်ဘူးလို့ ပြည်တွင်း ပြည်ပ ပညာရှင်တွေက အခိုင် အမာပြောဆိုထားပြီး ဖြစ်တယ်။ သဘာဝဘေးအန္တရာယ်အနေနဲ့ အကြီးမားဆုံးကတော့ ငလျင်ဘေး အန္တရာယ်ပဲ။ ဒါကိုလည်း ပညာရှင်တွေက အတိအလင်း ပြောကြားပြီး သားဖြစ်တယ်” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ဦးမင်းချစ်နိုင်က ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NLD အစိုးရဖြစ်ခဲ့လျှင် မြစ်ဆုံရေကာတာနဲ့ ပတ်သက်ပြီး ယခင်အစိုးရ၊ သက်ဆိုင်ရာကုမ္ပဏီများ နှင့် မည်သို့သဘောတူညီချက်များ ယူထားကြောင်း ပြည်သူထံ ပထမ ဆုံးချပြမည်ဟု ၂၀၁၅ အောက်တို ဘာ ၂ ရက်က မြစ်ကြီးနားမြို့၌ ပြုလုပ်သည့် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ပထမဦးဆုံး လုပ်မယ့်ကိစ္စက မြစ်ဆုံရေကာတာနဲ့ ပတ်သက်လို့ အစိုးရဟာ သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ဘယ်လိုသဘောတူညီချက်ကို ယူထားလဲဆိုတာ ပြည်သူကို ချပြဖို့ ကျွန်မတို့ လုပ်ပါ့မယ်။ မြစ်ဆုံရေကာတာနဲ့ ပတ်သက်လို့ အစိုးရနဲ့ သက်ဆိုင်ရာ ကုမ္ပဏီနဲ့ ဘယ်လိုသဘောတူညီချက်တွေ ရေးထားလဲဆိုတာ ပြည်သူကိုချပြဖို့ လုပ်မှာပါ။ သဘောတူညီချက်တွေမှာ ဘယ်လိုအချက်တွေ ပါလဲဆိုတာ လုံးဝမသိပါဘူး။ ဘာပါလဲဆိုတာ မသိဘဲနဲ့ ဟိုဟာ လုပ်ပေးမယ် ဒီဟာလုပ်ပေးမယ်လို့ ပြောရင် အင် မတန် တာဝန်မဲ့ရာ ရောက်ပါတယ်။ ဒီစီမံကိန်းကို ရပ်လိုက်တယ်ဆိုရင် ဒါဟာ စီးပွားရေးအရ သဘောတူညီ စာချုပ်များရဲ့ သဘောသဘာဝအရ လျော်ကြေးဆိုတာ ပေးရတယ်။ ဘယ်လို နစ်နာကြေးတွေလဲ၊  ဘယ်လိုလျော်ကြေးတွေလဲ၊ ဘယ်လောက်အထိ ကျွန်မတို့နိုင်ငံ ထိခိုက်နိုင်လဲ။ ကျွန်မတို့ မသိဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုသို့ပြောကြားခဲ့သော်လည်း ယခုအချိန်အထိ မြစ်ဆုံစီမံကိန်းစာချုပ် ချပြနိုင်ခြင်း မရှိသေးသည့်အပေါ် ပြည်သူများက အားမလိုအားမရ ဖြစ်နေကြသည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး NLD ပါတီ အနိုင်ရ၍ အစိုးရဖွဲ့ပြီးချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ၂၀၁၆ ဧပြီ ၅ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပြည်သူသို့ ချပြရန် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ၎င်းကိုယ်တိုင် စာချုပ်မဖတ်ရသေးသည့်အတွက် ပြည်သူကိုချပြရန် ခက်ခဲကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားသည်။

“ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ သူလည်းပြောသွားတယ်။ ပြည်သူကိုချမယ်ဆိုတာ။ အခုအထိလည်း ချပြတာ မတွေ့ရသေးဘူး။ ဒီအချိန်မှာတော့ ပြတ်သားဖို့ အချိန်တန်ပြီလို့ ပြောချင်ပါတယ်” ဟု ဓမ္မဆရာ ဦးတူးလွန်က ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang နှင့် ကောင်စစ်ဝန်ချုပ် Mr. Wang Yu တို့ ပါဝင်သည့် ၁၁ ဦးအဖွဲ့သည် ၂၀၁၆ ခုနှစ် ဇွန် ၃ ရက် ကချင်ပြည် နယ် ခရီးစဉ်အတွင်း မြစ်ဆုံဆည် စီမံကိန်းကို ပြန်လည်ပြုလုပ်လိုကြောင်း၊ ပြည်ထောင်စု အစိုးရက လူထု၏ ဖြေရှင်းချက်ကို အကြံဉာဏ်ယူပြီး ညှိနှိုင်းတိုင်ပင် စေလိုကြောင်း၊ မြန်မာပြည်သူလူထုနှင့် ဆက်သွယ်မှုများ ပြုလုပ်ရဦးမည် ဖြစ်ကြောင်း ပြောကြားထားသည်။

သံအမတ်ကြီးခရီးစဉ်တွင် တရုတ်နိုင်ငံ နိုင်ငံတကာ စီးပွားရေး ဌာနညွန်ကြားရေးမှူးချုပ် Mr. Lieu Zan က  ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံရာ၌ အချက်သုံးချက်ကို ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းအချက်များမှာ (၁) ဆည်စီမံ ကိန်းကို ပယ်ဖျက်ပါက ဒေါ်လာ သန်း ၈၀၀ လျော်ကြေးပေးရမည် ဖြစ်ကြောင်း၊ (၂) ဆည်စီမံကိန်း ပြန်စပြီး ဆည်ပြီးစီးသည်အထိ ဆောင်ရွက်ခွင့်ပြုမည် ဆိုပါက စီမံကိန်းမှ ဒေါ်လာ သန်း ၅၀၀ နှစ်စဉ် အခွန်ငွေရမည်ဖြစ်ကြောင်း၊ (၃) ယင်းနှစ်ချက်ကို မရွေးချယ်ဘဲ စီမံ ကိန်းကို မဖျက်သိမ်းဘဲ၊ ဆက်မလုပ်ဘဲ ရပ်ဆိုင်းထားမည်ဆိုပါက တရုတ်ကုမ္ပဏီများက တင်ရှိနေ သည့် အလုံးအရင်း ချေးငွေများ၏ အတိုး ဒေါ်လာ သန်း ၅၀ ကို တရုတ် ကုမ္ပဏီများကိုယ်စား မြန်မာနိုင်ငံက နှစ်စဉ်ပေးဆပ်ရမည် ဖြစ်ကြောင်း မီဒီယာများတွင် ရေးသားဖော်ပြခဲ့ကြသည်။

NLD အစိုးရဖွဲ့ပြီး မကြာမီအချိန်တွင် နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်က ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းအတွင်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ငါးဦး၊ ဝန်ကြီးဌာနခုနစ်ခုမှ အတတ် ပညာရှင်များ၊ ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်မှ အဖွဲ့ဝင်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသား ရေအရင်းအမြစ် ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တမံကြီးများ အသင်းမှ ပညာရှင်နှစ်ဦး စုစုပေါင်း ဦးရေ၂၀ ဖြင့် ၂၀၁၆ ခုနှစ် သြဂုတ် ၁၂ ရက်တွင် ဖွဲ့စည်းခဲ့သည်။

ကော်မရှင်အဖွဲ့ဝင်များသည် မြစ်ဆုံစီမံကိန်းရှိရာ မြစ်ကြီးနားမြို့သို့ သွားရောက်ရာတွင် ဒေသခံများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ခဲ့ပြီး ဒေသခံများ၊ မြို့မိ မြို့ဖများနှင့် အရပ်ဘက် အဖွဲ့အစည်း ၁၈ ဖွဲ့စလုံးက မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရန်ကိုသာ တောင်းဆိုခဲ့ကြသည်။ ကော်မရှင်အနေဖြင့် စီမံကိန်းနှင့် ပတ်သက်သည့် လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်များကို နိုင်ငံတော်သမ္မတထံ ပြီးခဲ့သည့် တစ်နှစ်ခန့်ကပင် တင်ပြထားသည် ဆိုသော်လည်း အများပြည်သူကို ရှင်းလင်းချပြနိုင်ခြင်း မရှိသေးပေ။

ထိုသို့ အစီရင်ခံနှင့် ပတ်သက်၍ ချပြနိုင်ခြင်း မရှိသေးသည်ကိုလည်း ပြည်သူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပညာရှင်များက အားမလို အားမရ ဖြစ်ခဲ့ရသည်။

“မြစ်ဆုံနဲ့ ပတ်သက်ပြီးတော့ မှ စာချုပ်ကို မချပြဘူးဆိုတာ မြန်မာနိုင်ငံအတွက် အကျပ်အတည်းတွေ အများကြီးဖြစ်နေပြီးတော့ ငြင်းဆန် လို့ မရနိုင်တဲ့ အကြောင်းအချက် တွေကြောင့်မိုလို့ ဖြေရှင်းဖို့အတွက် တခြားဘယ်နည်းနဲ့ လုပ်ဆောင် ထားသလဲဆိုတာ ကျွန်မတို့ မသိဘူး။ ဒါပေမဲ့ ပြည်သူကို ချပြနိုင်ဖို့လောက် အောင်ကို မလွယ်ကူ လောက်ဘူး လို့ယူဆတယ်။ ဒါကြောင့် မချပြဘူး လို့ ယူဆတယ်။ နောက်တစ်ခုက မြစ်ဆုံ ကော်မရှင်ကနေပြီး တော့မှ ပြီးဆုံးသွားပြီဖြစ်ပေမယ့် အစီရင် ခံစာကို မထုတ်ပြန်ဘူးဆိုတာကလည်းပဲ ဒီအစီရင်ခံစာ အရဆိုရင် ဆောက်ဖို့ လုံးဝမတင့်တယ်ဘူးဆို တဲ့ ရလဒ်မျိုးထွက်နေတယ်လို့ ယူဆတယ်။ ဒါကြောင့်မိုလို့သာ ပြည်သူကို ချမပြတာလို့ ယူဆတယ်” ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ဆိုသည်။

အစိုးရအနေဖြင့် ကော်မရှင်၏ အစီရင်ခံစာ ချပြမည်ဆိုပါက မြစ်ဆုံစီမံကိန်းကို အပြတ်ရှင်းရမည် ဖြစ်သောကြောင့် အပြတ်မရှင်းချင် သေးသည့်အတွက် အချိန်အနည်းငယ်ဆွဲနေခြင်း ဖြစ်နိုင်ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက သုံးသပ်သည်။

“အစီရင်ခံစာကတော့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးတာတော့ ရှိတာပေါ့။ ဒေသခံတချို့နဲ့ ဆွေးနွေးတာ ရှိတယ်။ အဲဒီမှာ ကန့်ကွက်တဲ့သူက များတယ်လို့ ကျွန်တော်ယူဆတယ်။ အဲဒါကြောင့် ဒီဟာကို ချပြလိုက်ပြီဆိုရင် အပြတ်ရှင်းရတော့မယ်လေ။ အစိုးရက ဒါကို အပြတ်မရှင်းချင်သေးလို့ အချိန်နည်းနည်းဆွဲပြီး မချပြသေးတာလားလို့ ကျွန်တော်ယူဆတယ်” ဟု ဒေါက်တာတူးဂျာက ပြောကြားသည်။

NLD အစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ အပြီးတိုင် ရပ်ဆိုင်းမည်ဆိုပါက တရုတ်ကုမ္ပဏီကို ဒေါ်လာသန်း ၈၀၀ လျော်ကြေးပေးရမည့် အခြေအနေတွင် ရှိနေသည့်အပြင် လက်ရှိမြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် ရခိုင်အရေးကြောင့် နိုင်ငံတကာ ဖိအားနှင့် ပြည်တွင်းငြိမ်းချမ်းရေးတွင် တရုတ်နိုင်ငံ၏ ပါဝင်မှုက အဓိကကျနေသည့် အနေအထားတွင် ရှိနေသည့်အတွက် ခေါင်းခဲစရာ ဖြစ်နေသည်။

၂၀၁၇ သြဂုတ် ၂၅ ရက်တွင် မောင်တောနယ်စပ်ရှိ လုံခြုံရေး ကင်းစခန်း ၃၀ နှင့် တပ်မတော် လုံခြုံရေးစခန်း တစ်ခုတို့ တစ်ပြိုင်နက် ဝင်ရောက် အကြမ်းဖက် တိုက်ခိုက်ခံရမှုမှ စတင်ကာ ရခိုင်ပဋိပက္ခအပေါ် အခြေခံပြီး မြန်မာ့အရေးသည် အပြောင်းအလဲများစွာ စတင်ဖြစ်ပေါ်လာသည်။ အလစ်အငိုက် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် တပ်မတော်သား တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ဒု-လဝကမှူးတစ်ဦး ကျဆုံးခဲ့ရပြီး ဒဏ်ရာရသူ အများအပြားလည်း ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ အနောက် ဘက်စွန်းမြို့ဖြစ်သည့် မောင်တောဒေသကို ဘင်္ဂါလီအကြမ်းဖက် သမားများက ရည်ရွယ်ချက်ရှိရှိဖြင့် စနစ်တကျ ကြိုတင်အကွက်ဆင် တိုက်ခိုက်လာမှုသည် မြန်မာ့ အချုပ်အခြာအာဏာကို ထိပါးလာသည့် အခြေအနေအထိ သက်ရောက်လာစေမည်ကို အစကနဦးတွင် သတိမပြုမိခဲ့ကြပေ။ နောက်ပိုင်းတွင် အကြမ်းဖက်သမားများက ၎င်းတို့မှာ အာဆာ(ARSA) အာရကန်ရိုဟင်ဂျာ လွတ်မြောက်ရေး တပ်ဖွဲ့ဟု ကြွေးကြော်ကာ တိုက်ခိုက်မှုများ ပြုလုပ်လာသည်အထိ ကြီးမားကျယ်ပြန့်လာခဲ့သည်။ ၎င်းတို့သည် ကြိုတင်စီစဉ်ထားသည့်အတိုင်း တိုက်ခိုက်မှုများကို ညဥ့်နက်ပိုင်းနှင့် နံနက်အရုဏ်တက်ချိန် မရောက်မီ အချိန်တို့တွင် နေရာစုံမှ စနစ်တကျ အလစ်အငိုက် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

အကြမ်းဖက် တိုက်ခိုက်မှု စတင်သည့်အချိန်မှာ ကိုဖီအာနန်၏ ရခိုင်အရေးနှင့် ပတ်သက်သည့် အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်ချိန်နှင့် တစ်ရက်တည်း တစ်ပြိုင်နက် ချိန်သားကိုက် ဆိုသလိုပင် စတင်လာကြခြင်း ဖြစ်သည်။ ယင်းသို့သော ချိန်သားကိုက် လုပ်ဆောင်မှုများနှင့်အတူ ဘင်္ဂါလီအရေးမှာ နိုင်ငံတကာ မျက်နှာစာတွင် ချိန်ကိုက်ဗုံး ခွဲပြလိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။

ရခိုင်အရေးအပေါ် အခြေခံပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်လာစေနိုင်သည့် ဖိအားပေးမှုများကိုပါ အနောက်နိုင်ငံများက လုပ်ဆောင်လာခဲ့ကြသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် လူ့အခွင့်အရေး ခေါင်းစဉ်ကို အသုံးပြုကာ တံခါးပိတ်ဆွေးနွေးပွဲများနှင့်အတူ ဗြိတိန်နိုင်ငံ ဦးဆောင်သော အနောက်အုပ်စုက မြန်မာအစိုးရနှင့် တပ်မတော်အပေါ် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး မြန်မာအနေဖြင့် အိမ်နီးချင်း တရုတ်၊ အိန္ဒိယနိုင်ငံများ၏ ထောက်ခံအားပေးမှုကို ရရှိခဲ့သော်လည်း ဗြိတိန်၊ အမေရိကန်၊ EU နှင့် ကုလသမဂ္ဂမှ လူ့အခွင့်အရေးကို အခြေခံကာ ပြင်းပြင်းထန်ထန် ဖိအားပေးမှုများ၊ ဘင်္ဂါလီအရေးကို ရှေ့တန်းတင်မှုများ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာခဲ့ကြသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဘင်္ဂါလီအရေးကို ရှေ့တန်းတင်ဆွေးနွေးခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ Agenda တစ်ရပ်အဖြစ် ဖိအားပေးမှုများ ပြုလုပ်လာခဲ့သည်။ ကုလလူ့အခွင့်အရေး ကောင်စီက ရခိုင်ပြည်နယ်ကို လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ စေလွှတ်ရန် ဦးစွာဆောင်ရွက်ခဲ့ကြသည့်အပြင် ဖိအားပေးမှုများ တစ်စစတိုးမြင့်လာခဲ့သည်။ ထို့ပြင် ကုလလုံခြုံရေး တပ်ဖွဲ့ဝင်များပါ ဝင်ရောက်လာနိုင်သည့် ICC အစီအစဉ်ကိုပါ လုပ်ဆောင်မည့် အခြေအနေမျိုးအထိ ပုံဖော်လာခဲ့သည်။

၂၀၁၈ တွင် ဘင်္ဂါအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များက မြန်မာနိုင်ငံ အပေါ်တွင် မမျှမတ ဖြစ်လာသည်။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အနေအထားဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ဖွယ်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားဆန်မှုကို ချိုးဖောက်သော ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးလျက် တရားစွဲရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ကို ဇွန် ၂၇ ရက်တွင် တောင်းဆိုခဲ့သည်။

၂၀၁၈ သြဂုတ် ၂၇ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ ဘင်္ဂါလီမွတ်စလင်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အတင်းအဓမ္မ မောင်းထုတ်ခဲ့သော မြန်မာတပ်မတော်၏ စစ်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော် ခေါင်းဆောင်များ၌ တာဝန်ရှိကြောင်းနှင့် ၎င်းတို့အား ICC ၌ တရားစွဲဆို နိုင်ရေးအတွက် လွှဲပြောင်းပေးသင့်ကြောင်း အကြံပြုခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သြဂုတ် ၂၈ ရက်က လုံခြုံရေးကောင်စီ၌ ကျင်းပသော မြန်မာနိုင်ငံအရေး ဆွေးနွေးပွဲတွင် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအနက် တရုတ်နှင့် ရုရှားတို့က ကန့်ကွက်ခဲ့သည်။

ထို့ပြင် နိုဝင်ဘာ ၁၆ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်တင်ရှုတ်ချထားသည့် ဆုံးဖြတ်ချက် တစ်ရပ်ကို အတည်ပြုခဲ့သည်။ ကုလသမဂ္ဂ၏ ကော်မတီက မြန်မာနိုင်ငံရှိ အခွင့်အရေး ချိုးဖောက်မှုအားလုံးကို  ရှုတ်ချလိုက်ပြီး ဘင်္ဂါလီကိစ္စ အပါအဝင် ချိုးဖောက်မှုများကို လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန်နှင့် ကြိုးကိုင်ဆောင်ရွက်သူများ အနေဖြင့် တာဝန်ခံမှုရှိစေရေး သေချာစေရန် တောင်းဆိုလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ၏ ယခုဆုံးဖြတ်ချက်ကို မြန်မာ၊ တရုတ်နှင့် ရုရှားတို့ အပြင် အခြားနိုင်ငံခုနစ်နိုင်ငံတို့က ကန့်ကွက်မဲပေးခဲ့ကြပြီး ဂျပန်အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံက မဲမပေးဘဲ နေခဲ့ကြသည်။ ဒီဇင်ဘာ ၂၂ ရက်တွင် ယင်းဆုံးဖြတ်ချက်ကို ပင် ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ထောက်ခံမဲ အများစုဖြင့် မဲခွဲဆုံးဖြတ် အတည်ပြု ခဲ့သည်။ ဆုံးဖြတ်ချက်မူကြမ်းအပေါ် ထောက်ခံမဲ ၁၃၆ မဲ၊ ကန့်ကွက်မဲရှစ်မဲ၊ ကြားနေ မဲ ၂၂  မဲ ဖြင့် အတည်ပြု နိုင်ခဲ့ခြင်းဖြစ်သည်။ ထောက်ခံမဲပေးသည့် နိုင်ငံများတွင် ဗြိတိန်၊ အမေရိကန် အစရှိသည့် နိုင်ငံများ ပါဝင်ပြီး ကန့်ကွက်မဲပေး သည့်အထဲ ရုရှား၊ တရုတ်၊ ဘီလာ ရုစ်၊ မြန်မာနှင့် အာဆီယံနိုင်ငံများထဲမှ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ ပါဝင်သည်။

ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ကုလသမဂ္ဂ၏ တစ်ဖက်သတ်ဆုံးဖြတ်များကို တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်၍ ကြားခံဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နှစ်ပေါင်းရှည်ကြာနေပြီဖြစ်သော ပြည်တွင်းစစ် အဆုံးသတ်ရေးဖြစ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရသည်။

အထူးသဖြင့် NCA လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးသော မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်ခုနစ်ဖွဲ့ ပါဝင်သည့် ပြည် ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကို NCA လမ်းကြောင်းတွင် ပါဝင်လာရန် တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက် ပေးနေသည်။

ထင်ရှားသည့် ဖြစ်ရပ်အဖြစ် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးနှင့် တတိယအကြိမ် အစည်းအဝေးကို နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FNPCC) မှ တိုင်းရင်းသား ခေါင်းဆောင်များက အသီးသီး တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၈ မေလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းက မြောက်ပိုင်းခေါင်းဆောင် ကိုယ်စားလှယ် များကို တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံခဲ့ပြီး ၂၁ ရာစု ပင်လုံညီလာခံ ဖိတ်ကြားပါက တက်ရောက်ရန် တိုက်တွန်း အကြံပြုခဲ့သည်။

ထို့ပြင် မစ္စတာဆွန်ကော်ရှန်းသည်၂၁ ရာစုပင်လုံ တတိယအစည်းအဝေး မစတင်မီ နေပြည်တော်ကို လာရောက်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို တွေ့ဆုံခဲ့ကာ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။ ၂၀၁၈ ဇူလိုင်လဆန်းပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့တက်ရောက်ရန် တရုတ်သံရုံးမှတစ်ဆင့် အစိုးရက ဖိတ်ကြားခဲ့သည်။

၂၁ ရာစုပင်လုံ တတိယ အစည်းအဝေး မစတင်မီ ဇူလိုင် ၁၀ ရက်တွင် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်များက နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ကြပြီး ငြိမ်းချမ်းရေး ကော်မရှင်မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

၂၀၁၈ ဇူလိုင် ၁၁ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ‘၀’ အဖွဲ့ (UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူယိ၊ ကချင်အဖွဲ့ (KIO) ဒုတိယ ဥက္ကဋ္ဌ (၂) အက်စ်ဂွမ်မော်၊ မိုင်းလားအဖွဲ့(NDAA) ဒုတိယဥက္ကဋ္ဌ ဦးစံပေ့၊ ရှမ်းအဖွဲ့ (SSPP) ဥက္ကဋ္ဌ ဦးဆေထင်တို့နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်လာစေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထို့အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့ကိုတွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement - NCA) ဆိုင်ရာကိစ္စရပ်များ၊ ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

ဇူလိုင် ၁၂ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့ထဲမှ ‘၀’ အဖွဲ့ (UWSA) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အမ်း၊ ရှမ်းအဖွဲ့(SSPP) ဥက္ကဋ္ဌ ဦးဆေးထင်၊ မိုင်းလားအဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစံပေ့နှင့် ကချင်အဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ(၂) အက်စ်ဂွမ် မော်တို့နှင့် တွေ့ဆုံခဲ့ပြီး တအာင်းအဖွဲ့ (TNLA)မှ တားခူးလန်း၊ ကိုးကန့်အဖွဲ့ (MNDAA) မှ ဦးရန်ဝင်ကျုံးနဲ့ ရခိုင်အဖွဲ့ (AA) တို့မှ ဦးညိုထွန်းအောင် တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

ထိုသို့သော အခြေအနေများသည် မြန်မာ့ငြိမ်းချမ်းရေး လမ်းကြောင်းတွင် တရုတ်နိုင်ငံ၏ ပါဝင်မှုကြောင့် ရရှိလာသည့် အနေအထားပင်ဖြစ်သည်။ တရုတ်နိုင်ငံ ဘက်ကလည်း မြန်မာ့ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အစွမ်းကုန် ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအပေါ် ဘင်္ဂါလီကိစ္စကြောင့် ကျရောက်နေသည့် နိုင်ငံတကာနှင့် ကုလသမဂ္ဂ၏ ဖိအားများကို တရုတ်နိုင်ငံက ကြားခံပေးနေသည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေးတွင်လည်း အဓိကအခန်းကဏ္ဍမှ ဝင်ရောက် လုပ်ကိုင်ပေးနေသည့်အတွက် NLD အစိုးရ အနေဖြင့် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် ပစ်ပစ်ခါခါ ငြင်းနိုင်ရန် ဆိုသည်မှာ မလွယ်ကူသည့် အနေအထားမျိုး ဖြစ်နေသည်။

တရုတ်နိုင်ငံ အနေဖြင့်လည်း ယခုလို အခြေအနေအပေါ်တွင် အကျိုးစီးပွားကို ရှေ့တန်းတင်မည် ဆိုပါက နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထိခိုက်နိုင်ဖွယ်ရှိသည်။ NLD အစိုးရဘက်ကလည်း မြစ်ဆုံစီမံကိန်းကို ပြည်သူများ တောင်းဆိုထားသည့်အတိုင်း အပြီးတိုင် ရပ်ဆိုင်းမည်ဆိုလျှင် နိုင်ငံတကာ ဖိအားနှင့် ပြည်တွင်း ငြိမ်းချမ်းရေး အပေါ်တွင် တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်ပေးမှု အခန်းကဏ္ဍသည် မည်သို့ဖြစ်လာမည်ကို နိုင်ငံရေး လေ့လာသူများ စိတ်ဝင်စားနေသည်။

မြစ်ဆုံစီမံကိန်းကြောင့် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို ပစ်ထားနိုင်ဖွယ်မရှိဘဲ ငြိမ်းချမ်းရေးတွင်လည်း ပါဝင်ကူညီနေမည်ကို ယုံကြည်ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ဆိုသည်။

“တရုတ်ကတော့ မြစ်ဆုံ ကြောင့် ကျွန်တော်တို့နိုင်ငံအပေါ် မှာ မိတ်ပျက်သွားမယ်လို့ မထင်ဘူး။ ကျွန်တော် လေ့လာသုံးသပ် ကြည့်ရသလောက် တရုတ်အစိုးရ (ဗဟို)အနေနဲ့လည်း ဒါကြီးက ဖြစ် ချင်မှဖြစ်လိမ့်မယ်ဆိုတဲ့ အတွေး မျိုးနားလည်သဘော ပေါက်တဲ့ဟာ မျိုးက သူတို့မှာ ရှိလိမ့်မယ်လို့ သုံး သပ်မိတယ်။ ဒါကို သူတို့လည်း မျှော်လင့်ချက် သိပ်တော့မထားပါ ဘူး။ ဒါပေမဲ့ လုပ်များလုပ်နိုင် မလားဆိုတာကို သူတို့က မြည်းစမ်း ကြည့်တဲ့သဘောပဲ။ မလုပ်ဖြစ်ဘူး ဆိုရင်တော့ တရုတ်နိုင်ငံ ကျွန်တော် တို့ နိုင်ငံကို ပစ်ပစ်ခါခါ ပစ်ထားမှာ မဟုတ်ဘူး။ ဆက်ဆံနေမှာပဲ။ ငြိမ်း ချမ်းရေးမှာလည်း ထဲထဲဝင်ဝင် ပါဝင်ကူညီနေဦးမှာပဲလို့ ကျွန်တော်ကတော့ ယုံကြည်တယ်။ တရုတ် နိုင်ငံအပေါ်မှာ အဲဒီလို ကျွန်တော် ကတော့ ယုံကြည်မှုရှိတယ်။ တရုတ်က မြစ်ဆုံကိစ္စကို ကိုင်ပြီးတော့မှ ကျွန်တော်တို့နိုင်ငံ အစိုးရကို သူတို့ လိုရာဆွဲ အကျပ်ကိုင်မှု လုပ်မယ်လို့ ကျွန်တော်မထင်ဘူး” ဟု ဒေါက်တာတူးဂျာက ပြောကြားသည်။

ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဂွမ်ဂေါင်အောင်ခမ်းက “ဦးသိန်းစိန်လက်ထက်မှာလည်း မြစ်ဆုံကို ယာယီရပ်ဆိုင်းခဲ့တယ်။ အဲဒီအချိန်တုန်းကလည်း တရုတ်ဘက်က မမျှော်လင့်တဲ့ဟာမျိုး ဖြစ်ခဲ့တယ်။ အခုလည်း နိုင်ငံတကာ ဖိအားတွေ ရှိနေတယ်။ တစ်ဆက်တည်းမှာပဲ ပြည်တွင်းငြိမ်းချမ်းရေးရဲ့ အခြေအနေကလည်း ရှိနေတဲ့ အချိန်မှာ လက်ရှိအစိုးရဟာ အင်မတန်မှ တရုတ်ရဲ့ အကူအညီ လိုအပ်နေတယ်ဆိုတာ မြင်တွေ့ရတယ်။ ဒါပေမဲ့ တစ်ဖက်ကနေ မြစ် ဆုံကို လက်ခံပြီးမှ တရုတ်ရဲ့ အလိုကျအတိုင်းသာ လုပ်သွားမယ်ဆိုရင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လူမျိုးရေးကအစ အဘက်ဘက်က နေ နောက်ဆက်တွဲ ပြဿနာတွေက ကြီးကြီးမားမားနဲ့ ရင်ဆိုင်ရလာနိုင်တယ်။ နောက်တစ်ချက်ကတော့ ငြိမ်းချမ်းရေးမှာဆိုရင် ကျွန်တော်တို့က တရုတ်ကို အားကိုးတော့ အားကိုးရမယ်။ ဒါပေမဲ့ နိုင်ငံတကာကပါ ပါဝင်တဲ့ အခင်းအကျင်း တစ်ခုတော့ ဖြစ်သင့်တယ်။ တစ်ခုရှိတာကတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို အခုလက်ရှိ အစိုးရရော၊ တပ်မတော်ကရော ပွင့်ပွင့်လင်းလင်းနဲ့ အကုန်လုံး ပါဝင်နိုင်တဲ့ အခင်းအကျင်းကို လုပ်မယ်ဆိုရင် ဘာမှအားကိုးစရာ မလိုဘူး။ ကိုယ့်ဘာသာ ဖြေရှင်းလို့ရတဲ့ ဟာမျိုးလည်း ရှိပါတယ်။ နိုင်ငံတကာက ဖိအားတွေ အခုအချိန်မှာ ခံနေရတယ်။ ဒါကိုလည်း တရုတ်ဘက်ကိုပဲ အားကိုးပြီးမှ လုပ်နေရင် နောက်ဆက်တွဲတွေက အများကြီး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်က ဒီလိုပဲ မြင်ပါတယ်” ဟုဆိုသည်။

ဇန်နဝါရီ ၁၃ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ထုတ်ပြန်ချက်တွင်ပါရှိသည့် မြစ်ဆုံစီမံကိန်း အကြောင်းအရာများကြောင့် ပြည်သူများ အကြားတွင် စိုးရိမ်စိတ်များက ယခုရက်ပိုင်းအတွင်း တစ်ကျော့ပြန် ကြီးထွားနေချိန်တွင် NLD ပါတီအနေဖြင့် ပြည်သူနှင့် ဆန့်ကျင်သော အလုပ်မလုပ်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ(၂)၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့သို့ ဇန်နဝါရီ ၁၈ ရက်က NLD ပါတီ တာဝန်ရှိသူများ သွားရောက်ရာတွင် မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ ရွှေတြိဂံဒေသ သတင်းလွှာ သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားရာ၌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပါတီက ရှင်းရှင်းလေးပဲ။ ပြည်သူ့အကျိုးကိုပဲ ရှေးရှုတယ်။ ပြည်သူနဲ့ တစ်သဘောထားတည်း ဖြစ်အောင် ရပ်တည်ထားတယ်။ အဲဒီမူအပေါ်မှာပဲ ရပ်တည်ထားတာ အခုထက်အထိပဲ။ ပြည်သူကို ရှေးရှုတယ်။ ပြည်သူ့အကျိုးပဲ လုပ်တယ်။ ပြည်သူနဲ့ ဆန့်ကျင်တဲ့ အလုပ်မလုပ်ဘူး။ မြစ်ဆုံနဲ့ ပတ်သက်လို့ရှိရင် ကိုယ်ပြောလိုက်မယ်။ စုံစမ်းရေး ကော်မရှင် ထပ်ဖွဲ့ပြီးတော့ စိစစ်ထားတယ်။ ဘာစာချုပ်မှ ကိုယ်တို့မဖတ်ခဲ့ရဘူး။ ဘာမှမသိခဲ့ရဘူး။ အဲဒီလို ကော်မရှင်ဖွဲ့ပြီးတော့ စိစစ်လေ့လာနေတာ။ ပြီးခါနီးနေပြီ။ အဖြေပေါ်လာလိမ့်မယ်။ ဒါပေမဲ့ ပြည်သူကိုပဲ မျက်နှာမူတယ်။ ပြည်သူ့အကျိုးကိုကြည့်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြစ်ကြီးနားခရီးစဉ်၊ ကချင်ပြည်နယ် ခရီးစဉ်မှာ ပြောခဲ့တဲ့ စကားလုံးလည်း ခင်ဗျားတို့ ကြားမှာပါ။ ဘယ်လိုပဲ သတင်းထွက်ထွက်ပါ။ NLD ဟာ ပြည်သူနဲ့ တစ်သားတည်းပဲရှိတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဒေါက်တာဇော်မြင့်မောင်၏ စကားအရ NLD က ပြည်သူနှင့် တစ်သားတည်းရှိသည် ဆိုသောကြောင့် မြစ်ဆုံစီမံကိန်းကို ပြည်သူများ၏ ဆန္ဒအတိုင်း အပြီးတိုင် ရပ်ဆိုင်းပစ်မည်လား ဆိုသည်က စိတ်ဝင်စားစရာ ကောင်းလှသည်။ ပြည်သူ့ဆန္ဒအတိုင်းသာ မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းလိုက်မည် ဆိုပါက မြန်မာနိုင်ငံအပေါ် ကြားခံဆောင်ရွက်ပေးနေသော ကိစ္စများတွင် တရုတ်နိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာ တည်ဆောက်လာသော ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ရှေးရှုပြီး ယခင်အတိုင်း ဆက်လက် ကူညီသွားမည်လား၊ သို့မဟုတ် ရပ်တန့်သွားမည်လား ဆိုသည်မှာ ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။

“မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်အစိုးရ၊ နှစ်ဖက်ကုမ္ပဏီတွေကြားမှာ ညှိနှိုင်းဆွေးနွေးပြီးတော့ အကောင်းဆုံး အခြေအနေတစ်ရပ် ထွက်အောင်လုပ်နိုင်ဖို့ အခွင့်အရေး ရှိနေတယ်လို့ မြင်တယ်။ အဲဒီလို တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုတွေကနေတစ်ဆင့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းဖို့ ဘယ်လိုဖော်ဆောင်နိုင်မလဲဆိုတဲ့ လမ်းပြမြေပုံတစ်ရပ် ရလာဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲဒီလို ရလာမယ်ဆိုရင ်ရှိရင်းစွဲ တရုတ်နဲ့ မြန်မာအကြားက ဆက်ဆံရေးကိုလည်းပဲ မထိခိုက်နိုင်ဘူး။ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံတကာရဲ့ ဖိအားတွေ မြင့်တက်လာတဲ့ အခြေအနေ အပေါ်မှာ အကြောင်းပြုပြီးတော့ တရုတ်အစိုးရရဲ့ ဗီတိုအာဏာအပေါ်မှာ မှီခိုနေရတဲ့ အနေအထား အပေါ်မှာလည်းပဲ ကြီးကြီးမားမား သက်ရောက်မှု မရှိဘဲနဲ့ ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာဖြစ်မယ့် အနေအထားတစ်ခုကို နှစ်ဖက်ညှိနှိုင်း ဆွေးနွေးမှုကနေ မဖြစ်မနေ ရအောင်ယူနိုင်ဖို့က လက်ရှိအစိုးရပဲဖြစ်ဖြစ် ၂၀၂၀ အလွန်မှာ ပေါ်လာမယ့် အစိုးရပဲဖြစ်ဖြစ် အပတ်တကုတ် ကြိုးစားသင့်တယ်လို့ မြင်တယ်” ဟု နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပြောဆိုသည်။

 

Most Read

Most Recent