NLD အစိုးရရဲ့ အဂတိတိုက်ဖျက်ရေး မေးခွန်းများ

NLD အစိုးရရဲ့ အဂတိတိုက်ဖျက်ရေး မေးခွန်းများ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ တွေ့ဆုံစဉ်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ တွေ့ဆုံစဉ်
Published 20 January 2019
ဇော်မင်းနိုင်

“ကိုယ်စားလှယ်များအနေနဲ့ အခက်အခဲရှိရင်လည်း လူကြီးတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်လို့ရပါတယ်။ ဒါပေမဲ့ အမှားကိုတော့ အမှန်မလုပ်ခိုင်းပါနဲ့။ အဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ယောက် အလွဲသုံးစား ပြုလုပ်လို့ ဥပဒေအရ အရေးယူခံရမယ် ဆိုရင်လည်း ထောင်ဝင်စာတွေ့ဖို့တော့ လူလွှတ်ပေးပါမယ်”

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီအစိုးရ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီးတော့ အခုလို ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

နှစ်ပေါင်းငါးဆယ်ကျော် အာဏာရှင်အစိုးရအောက်မှာ နေထိုင်ခဲ့ရပြီးတော့ အရပ်သားအစိုးရစစ်စစ် တက်လာခဲ့ချိန်မှာ အများပြည်သူက အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်တွေ ထားခဲ့ကြပါတယ်။

သမ္မတဦးဝင်းမြင့် တက်လာခဲ့ချိန်မှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အရှိန်မြှင့် လုပ်ဆောင်လာတာကိုလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ အဂတိတိုက်ဖျက်ရေး အဖွဲ့တွေ ဘယ်အချိန်ကတည်းက ပေါ်ပေါက်ခဲ့တာလဲ

မြန်မာနိုင်ငံအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ဆောင်ရာမှာ ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းကတည်းက စတင်လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက စစ်ဘေးဒဏ်သင်‌့မှုကြောင့် ပြည်သူလူထုကို ထောက်ပံ့ရေးပစ္စည်းတွေ ထောက်ပံ့ခဲ့ရာမှာ ခိုးယူခြင်း၊ အဂတိလိုက်စားခြင်းများမှ တားဆီးနိုင်ဖို့ ပြည်သူ့ထောက်ပံ့ရေး ပစ္စည်းများ ခိုးယူခြင်းမှ ကာကွယ်သည်‌့ ကော်မတီ (Civil Supplies Theft Preventive Committee) ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာမှာ ဖွဲ့စည်းခဲ့ပါတယ်။

အဲဒါနဲ့ တစ်ဆက်စပ်တည်း ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးကော်မတီ (Public Porperty Protection Committee) နဲ့ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးရဲအဖွဲ့ (Public Property Protection Police – P4) တို့ကို ခန့်အပ်ပြီး စုံစမ်းစစ်ဆေးရေး လုပ်ငန်းတွေကို ဆောင်ရွက်စေခဲ့ပါတယ်။

အဲဒီအဖွဲ့တွေက ၁၈၆၁ ခုနှစ် က ပြဋ္ဌာန်းခဲ့သည်‌့ ပြစ်မှုဆိုင်ရာဥပဒေ အခန်း (၉) ပုဒ်မ ၁၆၁ မှ ၁၆၅ အထိ ပါဝင်တဲ့ ပြဋ္ဌာန်းချက်တွေအရ ပြည်သူ့ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု၊ တာဝန်ထမ်းဆောင်ရန် ပျက်ကွက်မှုတွေကို အရေးယူ ဆောင်ရွက်ခဲ့ပါတယ်။

ဒါ့အပြင် အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက် တားမြစ်နိုင်ဖို့ ၁၉၄၈ ခုနှစ်မှာတော့ အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေကို သီးခြားပြဋ္ဌာန်းခဲ့ပါတယ်။

အဲဒီအက်ဥပဒေ ပုဒ်မ ၄(၁) အရ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ အချက်လေးချက်ကို ပြုလုပ်မယ်ဆိုရင် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံရမှာ ဖြစ်ပြီးတော့ ပြစ်မှုကျူးလွန်ရာမှရရှိတဲ့ ငွေကြေးနဲ့ အကျိုးအမြတ်တွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူ့ဝန်ထမ်းတွေ ရှောင်ရမယ့် အချက်လေးချက်ကတော့ ‘မည်သူ့ထံမှမဆို တရားဝင်ခံစားခွင့်များမှအပ တံစိုးလက်ဆောင်များ အမြဲတစေ လက်ခံခြင်း၊ မိမိဆောင်ရွက်မှု သို့မဟုတ် အထက်အရာရှိ၏ ဆောင်ရွက်ပေးမှု အတွက် မိမိအတွက်သော် လည်းကောင်း၊ အခြားသူ တစ်ဦးအတွက်သော် လည်းကောင်း အဖိုးတန်ပစ္စည်းများ လက်ခံရယူခြင်း၊ မိမိရာထူးကို အလွဲသုံးစားပြု၍ အဖိုးတန်ပစ္စည်းကို လည်းကောင်း၊ ငွေကြေးကိုလည်းကောင်း လက်ခံရယူခြင်း၊ မိမိထံယုံကြည် အပ်နှံထားသော ပြည်သူပိုင်ပစ္စည်းများအား လိမ်လည်အလွဲသုံးစား ပြုခြင်းတို့ပဲ ဖြစ်ပါတယ်။

၁၉၅၁ ခုနှစ်မှာတော့ အထူးစုံစမ်းစစ်ဆေးမှု အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးတော့ အထူးစုံစမ်းစစ်ဆေးရေးဌာန အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။

အဲဒီအဖွဲ့က နိုင်ငံတော်အစိုးရ ဝန်ကြီးချုပ်ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိပြီးတော့ ဝန်ထမ်း ၃၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ။

တပ်မတော်က အာဏာသိမ်းပြီးနောက် ၁၉၆၃ ခုနှစ်မှာတော့ အထူးစုံစမ်းစစ်ဆေးမှု အုပ်ချုပ်‌ရေးအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး အထူးစုံစမ်းစစ်ဆေးရေးဌာနကို ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်ကို ထည့်သွင်းဖွဲ့စည်းခဲ့တာကတော့ လက်ရှိအချိန်အထိပဲ ဖြစ်ပါတယ်။

၁၉၇၂ ခုနှစ်မှာတော့ အထူးစုံစမ်းစစ်ဆေးရေးဌာနကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနလို့ ပြောင်းလဲခေါ်ဝေါ် ခဲ့ပါတယ်။

လက်ရှိ ဦးအောင်ကြည် ဦးဆောင်နေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကတော့ ၂၀၁၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို အမည်ပြောင်းထားတာ ဖြစ်ပါတယ်။ ယခု ဦးအောင်ကြည် ဦးဆောင်တဲ့ ကော်မရှင်ကိုတော့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီမှာ အမည်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

 

ယဉ်ကျေးမှုသဖွယ် အမြစ်တွယ်နေတဲ့ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု

နှစ်ပေါင်း ၅၀ ကျော်နီးပါး အမြစ်တွယ်နေခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှုဟာ ပညာရှင်များ ပြောကြားချက်အရ ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ အမြစ်တွယ်နေတဲ့ အမျိုးအစား (Systemic Corruption) ဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။

အစိုးရအဆက်ဆက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ခဲ့ပေမယ့်လည်း ပပျောက်သွားခြင်း မရှိတဲ့အပြင် တာဝန်ရှိဝန်ထမ်းအချို့က ဥပဒေကို ဖောက်ဖျက်ကျူးလွန်လာကြလို့ ယဉ်ကျေးမှုတစ်ခုသဖွယ် ကြီးမားကျယ်ပြန့် လာခဲ့တာပဲ ဖြစ်ပါတယ်။

“အဂတိလိုက်စားမှုက လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ အလုပ်အကိုင် လွယ်ကူအဆင်ပြေစေရေး စတာတွေနဲ့ ရောထွေးနေပြီး လူအများစုက မကြိုက်နှစ်သက်ပေမယ့် နားလည်လက်ခံပေးရမယ့် စံနှုန်းတစ်ခုလို ဖြစ်နေပါတယ်။ သူက နေရာတိုင်းမှာ အမြဲလိုလို ရှိနေတဲ့အပြင် သူ့ကိုဘယ်သူကမှ ထိထိရောက်ရောက် တိုက်ဖျက်နိုင်မှာ မဟုတ်ဘူးလို့ မှတ်ထင်ခြင်း ခံနေရပါတယ်” လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ၂၀၁၈ ခုနှစ် ဒီဇင် ဘာ ၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။

ဆယ်စုနှစ်များစွာ ကျူးလွန်လာတဲ့ အခြေအနေမှာ ပြည်သူတွေအနေနဲ့ မျှော်လင့်ချက် ကင်းမဲ့နေသလို ဖြစ်နေရတယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ အင်စတီကျူးရှင်းတွေရဲ့ ခေါင်း ဆောင်တွေမှာ အဂတိနဲ့ ပတ်သက်ပြီး စိတ်နှစ်မျိုး ရှိနေပြီးတော့ တမျိုးက ‘လက်အောက် အလုပ်ဌာနတွေမှာ အဂတိလိုက်စားမှုတွေ ရှိနေတယ်။ ဒီအဂတိ လိုက်စားမှုတွေက ရွံဖို့သိပ်ကောင်းတယ်။ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းပြီး လာဘ်မရရင် ဘာမျှအလုပ် မလုပ်တော့ဘူး’ လို့တစ်ဖက်က ညည်းတွားနေပြီးတော့ တခြားတစ်ဖက်မှာတော့ သူ့ဆီရောက်လာတဲ့ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်တွေကို သူ့အတွက် အန္တရာယ် မရှိဘူးထင်ရင် လက်ခံနေတတ် ကြတယ်လို့ ဦးအောင်ကြည်က ပြောပါတယ်။

ဒါပေမဲ့ အစိုးရဌာနပိုင်းမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေရဲ့ ရာခိုင်နှုန်း ၈၀ ခန့်ကတော့ အဂတိ လိုက်စားဖို့ နှစ်သက်တဲ့သူတွေ မဟုတ်ဘူးလို့ ဦးအောင်ကြည်က ပြောပါတယ်။

“အစိုးရဌာနတွေထဲမှာ လူတိုင်းဟာ အဂတိလိုက်စားမှုကို နှစ်မြို့ကြတာ မဟုတ်ပါဘူး။ သူတို့မှာလည်း သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့သူတို့ နေချင်တဲ့သူတွေ အများကြီး ရှိပါတယ်။ အဂတိလိုက်စားမှုကို ဆန့်ကျင်သူတွေ အများကြီး ရှိပါတယ်။ ကျွန်တော်ရဲ့ အတွေ့အကြုံပေါ့” လို့ ဒီဇင်ဘာ ၇ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။      

လက်ရှိမှာတော့ အဂတိလိုက်စားမှုက ပုံစံအမျိုးမျိုးနဲ့ ကျုးလွန်လာကြပါတယ်။ အုပ်စုဖွဲ့ ကျူးလွန်မှု၊ တစ်ဦးတစ်ယောက်ချင်း ကျူးလွန်မှု၊ ပြည်ပနိုင်ငံများနဲ့ ဆက်သွယ်ပြီး ကျူးလွန်မှု စတဲ့ပုံစံမျိုးစုံနဲ့ ကျူးလွန်လာတာပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေရဲ့ အဂတိလိုက်စားမှုတွေကို စောင့်ကြည့်လေ့လာတဲ့အဖွဲ့ တစ်ခုရှိပါတယ်။ အဲဒီအဖွဲ့ကတော့ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (Transparency International) လို့ ခေါ်ပါတယ်။ အဲဒီအဖွဲ့ရဲ့၂၀၁၁ ခုနှစ် ထုတ်ပြန်ချက်မှာတော့ ကမ္ဘာ့ နိုင်ငံပေါင်း ၁၈၂ နိုင်ငံမှာ မြန်မာနိုင်ငံက အဆင့် ၁၈၀ ရရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ အဆင့် ၁၄၇ ကို ရောက်ရှိလာခဲ့ပြီးတော့ နောက်ဆုံးထုတ်ပြန်ထားတဲ့ ၂၀၁၇ ခုနှစ် အဆင့်သတ်မှတ်ချက်အရတော့ အဆင့် ၁၃၀ ရရှိခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ အကျင့်ပျက်ခြစားမှု အညွှန်းကိန်း အနည်းဆုံး နိုင်ငံကတော့ စင်ကာပူ ဖစ်ပြီး အဆင့် ၆ ရရှိထားပါတယ်။

NLD လက်ထက်မှာ ငါးကြီးကြီး ကြော်ထားသလား

၂၀၁၈ ခုနှစ် ဇန်နဝါရီက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး စာတမ်းဖတ်ပွဲမှာ စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်က စာတမ်းဖတ်ကြားခဲ့ပါတယ်။

အဲဒီစာတမ်းမှာ အာဏာရ အစိုးရအနေနဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်ပြီး ငါးကြီးကြီး ကြော်ပြဖို့ ပြောကြားလိုက်တာပါ။ ကြော်မယ့်ငါးကလည်း နမူနာတစ်ခုအနေနဲ့ ကိုယ့်ကန်ထဲက ငါးကို အရင်ကြော်ပြပါလို့ ဦးမြင့်က တိုက်တွန်းခဲ့တာပဲ ဖြစ်ပါတယ်။

“တကယ်လုပ်နေတဲ့ဟာ ပြရမယ်။ ပြတဲ့အခါ အများအားဖြင့် ဘယ်လိုလုပ်ကြသလဲဆိုရင် ဥပမာက ငါးကြီးကြီး အချို့ကို ကြော်လိုက်ပါတဲ့။  သိက္ခာပျက်နေတဲ့ ဟာတွေကို လုပ်ပြလိုက်ပါတဲ့။ ပြဿနာကလည်း အဲဒီဟာကလည်း ငါးကြော်တဲ့ဟာကလည်း ဘယ်လိုဖြစ်လဲဆိုတော့ နိုင်ငံရေးအရ သူများငါးပဲ ကြော်ချင်တယ်။ ကိုယ့်ငါး မကြော်ချင်ဘူး။ ကြော်လို့ရှိရင်လည်း ကိုယ့်ရေကန်ထဲက ငါးကိုကြော်ပါ” လို့ ဦးမြင့်က ပြောကြားခဲ့ပါတယ်။

NLD အစိုးရလက်ထက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ပြည်ထောင်စုဝန်ကြီး တစ်ဦးဖြစ်တဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးခဲ့ပါတယ်။ အဲဒီစစ်ဆေးချက် တွေကိုလည်း လျို့ဝှက်အဆင့်အတန်း သတ်မှတ်ထားသည့် ကိစ္စမှတစ်ပါး ကော်မရှင် ဆုံးဖြတ်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

ဦးကျော်ဝင်းနဲ့ ပတ်သက်ပြီး ကော်မရှင်ကို အချက်ရှစ်ချက်ပါတဲ့ တိုင်ကြားစာအပေါ် ဆန်းစစ်ခဲ့ရာ အချက်သုံးချက်က လူမှုရေးကိစ္စ ဖြစ်နေပြီး အချက်နှစ်ချက်မှာ အဂတိလိုက်စားမှုနဲ့ သက်ဆိုင်သော တိုင်ကြားချက် မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ကျန်တဲ့ အချက်သုံးချက်အနက် ပထမအချက်က ငွေကြေးခဝါချမှုဖြစ်ပြီး ပုဂ္ဂလိက ဘဏ်တစ်ခုရဲ့ မ,တည်ရင်းနှီးငွေမှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းနေသည် ဆိုသည့်အချက် ဖြစ်ပါတယ်။

ယင်းအချက်နှင့် ပတ်သက်၍ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းမှု ရှိ မရှိနှင့် နိုင်ငံတော်သို့ အခွန်ပေးဆောင်ရန် ကျန်မကျန် ဆိုတဲ့အချက်တွေကို ဗဟိုဘဏ် လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွေကို ပေးပို့စိစစ်စေခဲ့ပါတယ်။

ဝန်ကြီးဌာနတွေရဲ့ ပြန်ကြားချက်အပေါ် မူတည်ပြီး ဗဟိုဘဏ်က ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက် နေ့စွဲနှင့် ဘဏ်လိုင်စင် ထုတ်ပေးထားခဲ့တာကြောင့် အဲဒီအချိန်တုန်းက ဦးကျော်ဝင်း တာဝန်ထမ်းဆောင်တဲ့ ကာလမဟုတ်ဘူးလို့ ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

ဒုတိယအချက်မှာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ကို သွတ်သွင်းဖွဲ့စည်းခွင့်ပြုသည့် ကိစ္စဖြစ်ပြီး အဲဒါကလည်း ယခင်အစိုးရလက်ထက်က စတင်ခဲ့ခြင်းဖြစ်ပြီးတော့ လုပ်ငန်းမပြီးပြတ်လို့ ယခုအစိုးရလက်ထက်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ပါဝင်၍ ဖြစ်မြောက်နိုင်စွမ်း လေ့လာဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းပြီး  ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြဆုံးဖြတ်ခဲ့လို့ မှန်ကန်တဲ့ တိုင်ကြားချက် မဟုတ်ဘူးလို့ ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

တတိယအချက်ကတော့ လုပ်ငန်းရှင်ကြီးတစ်ဦးက စီမံဘဏ္ဍာအမည်ခံပြီး ဝန်ကြီးဌာနပေါင်းစုံ ဂေါက်ရိုက်ပြိုင်ပွဲ ကျင်းပပေးခဲ့တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်ခဲ့ပေမယ့် လုပ်ငန်းရှင်မှာလည်း အခွင့်အရေး တစ်စုံတစ်ရာ မရရှိလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ဖွင့်ဆိုချက်နဲ့ အကျုံးမဝင်ဘဲ ခိုင်လုံတဲ့ အထောက်အထား မရှိဘူးလို့ ကော်မရှင်က ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီလိုပဲ အစိုးရဌာနပိုင်းမှာ တာဝန်ယူတဲ့ ရာထူးကြီး တာဝန်ယူထားတဲ့ သူတွေထဲမှာ FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ်နဲ့ ရန်ကုန်တိုင်းတရားဥပဒေချုပ် ဦးဟန်ထူးတို့ အမှုတွေပဲ ဖြစ်ပါတယ်။

အဲဒီအမှုတွေကတော့ ကော်မရှင်က စစ်ဆေးချက်တွေအရ အဂတိလိုက်စားတယ်လို့ ခိုင်မာတဲ့ သက်သေတွေ ရှိတဲ့အတွက်ကြောင့် တရားရုံးမှာ တရားစွဲဆို အရေးယူထားပါတယ်။

ဒါ့အပြင် အကောက်ခွန်ဦးစီးဌာနက အရာထမ်း၊ အမှုထမ်း ၁၂ ဦးကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူထားပါတယ်။

အဲဒီ ၁၂ ဦးထဲမှာ ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့သူ သုံးဦး၊ ဒုတိယ ညွှန်ကြားရေးမှူး တစ်ဦး၊ ဦးစီးအရာရှိ၊ ဒုတိယဦးစီးအရာရှိ၊ လက်ထောက် အကောက်ခွန်မှူး စတဲ့သူတွေ ပါဝင်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ အမှုဖွင့် အရေးယူထားမှုတွေမှာ လူတွေအကြား ထင်ရှားတဲ့ အမှုတွေကတော့ ဒေါက်တာသန်းထွဋ်အမှုနဲ့ ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အမှုတို့ပဲ ဖြစ်ပါတယ်။

ဦးဟန်ထူးရဲ့ ရာထူးအရဆိုရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အင်္ဂါစဉ်အရ အဆင့် ၁၁ နေရာမှာ ရှိပါတယ်။ ဦးဟန်ထူးနဲ့ အမှုတွဲမှာ ပါဝင်တဲ့ သူတွေကလည်း ဒုတိယခရိုင် တရားသူကြီးလို ရာထူးမြင့်တဲ့ သူတွေလည်း ပါဝင်ပါတယ်။

အဲဒီလို အရေးယူမှု ဖြစ်စဉ်တွေ ရှိခဲ့ပေမယ့်လည်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းရဲ့ ဖြစ်စဉ်မှာတော့ နိုင်ငံဘဏ္ဍာငွေများကို အဂတိတရား ကင်းရှင်းစွာနဲ့ လုပ်ကိုင်ခဲ့သလား၊ ကိုယ့်လူမို့လို့ အရေးယူ မခံရတာလား ဆိုတဲ့ မေးခွန်းတွေကတော့ လူထုအကြားမှာ ရှိနေခဲ့ပါတယ်။

ဒါပေမဲ့ ကော်မရှင်အနေနဲ့ကတော့ ငါးကြီးကြီးကို ကြော်ပြထားသလို အသီးပုပ်တွေကိုလည်း ရနိုင်သလောက် ခြွေချနေတယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ဆိုပါတယ်။

“ကော်မရှင်က ကနဦးခြေလှမ်းအနေနဲ့ ငါးကြီးကြီးကို ကြော်ပြရပါတယ်။ ငါးကြီးကြီး ကြော်နေတုန်းမှာပဲ သစ်ပင်ရဲ့ အနိမ့်ကိုင်းမှာ သီးနေတဲ့ အသီးပုပ်တွေကိုလည်း ရနိုင်သလောက် လှမ်းပြီး ခြွေချနေရပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို တကယ်လုပ်လာပြီဆိုရင် ဘယ်နိုင်ငံမှာမဆို ဒီလိုစိတ်မချမ်းမြေ့စရာ အတွေ့အကြုံတွေကို မလွဲမသွေ ဖြတ်ကျော်ရမှာပဲ ဖြစ်ပါတယ်” လို့ ဦးအောင်ကြည်က ပြောကြားထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကလည်း သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့စဉ်က အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်မည်ဟု ပြောကြားခဲ့ပြီးနောက် အဂတိလိုက်စားမှုကြောင့် ပြည်သူ့ဘဏ္ဍာရန်ပုံငွေ ဆုံးရှုံးမှုကို ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် လျှော့ချနိုင်ရန်၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများတွင် စနစ်တစ်ခုကဲ့သို့ ပျံ့နှံ့ နေသော အဂတိလိုက်စားမှု သိသိသာသာ ကျဆင်းသွားစေရန်နဲ့ ကမ္ဘာ့ဘဏ်၏ ကောင်းမွန်သော စီမံအုပ်ချုပ်မှုဆိုင်ရာ ညွှန်းကိန်းတွင် အဂတိလိုက်စားမှု ထိန်းချုပ်နိုင်ခြင်း အဆင့်တိုးတက် လာစေဖို့ ချမှတ်ဆောင်ရွက်နေပြီးတော့ အစိုးရအနေဖြင့် အဂတိလိုက်စားမှု ရှုမြင်သုံးသပ်ချက် အညွှန်းကိန်း သတ်မှတ်ရာမှာ အားနည်းသော အချက်များကို ပိုမိုကောင်းမွန်အောင် စီမံမယ်လို့ အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

သမ္မတက အဲဒီလိုသဝဏ်လွှာ ပေးပို့ပြီး တစ်လကျော်အကြာ ၂၀၁၉ ခုနှစ်မှာတော့ အဂတိနဲ့ ပတ်သက်ပြီး သတင်းတစ်ပုဒ် ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ NLD ပါတီဝင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်နဲ့ ပတ်သက်တဲ့ သတင်းဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှာ အသုံးပြုဖို့ မော်တော်ယာဉ် ငါးစီးဝယ်ယူရာမှာ ငွေကြေးအလွဲသုံးစား ပြုလုပ်ခဲ့အတွက် ပါတီဗဟို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီးတဲ့နောက်မှာ ပါတီက ထုတ်ပယ်ခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၄ ရက်မှာ ပဲ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းကိုလည်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကရာထူးကထုတ် ပယ်ခဲ့ပါတယ်။ ထုတ်ပယ်ရတဲ့အ ကြောင်းရင်းကိုတော့ အခုချိန်အထိ ရှင်းလင်းခြင်းမရှိပေမယ့် စီးပွားရေး လောကအတွင်း သုံးသပ်မှုတွေအရတော့ သကြား Re-export ကိစ္စတွေနဲ့ ပတ်သက်မယ်လို့ ခန့်မှန်းပြောဆို နေကြပါတယ်။

သကြား Re-export နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ၂၀၁၈ ခုနှစ် စက်တင်ဘာ၂၁ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဒေါ်လာစျေးကိစ္စနဲ့ ဆက်စပ်ပြီးတော့ သကြားကိစ္စကို ထည့်သွင်းပြောကြား ခဲ့ပါတယ်။

စျေးကွက်ထဲမှာ သကြားအပါ အဝင် ကုန်ပစ္စည်း Re-export ပါမစ်တွေ ဒေါ်လာသောင်းချီ စျေးပေါက်နေတာကို သိရှိထားတယ်လို့ ဦးဇော်ဌေးက တရားဝင်ထုုတ်ဖော် ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်နှစ်ခုစလုံးက ပြည်သူများအကြားမှာ ကျော်စောနေတဲ့ သတင်းတွေဖြစ်ပြီးတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေနဲ့ လည်း အရေးယူ ဆောင်ရွက်သင့်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ဘယ်ဒေသက ကော်မရှင်ကို တိုင်ကြားတာ အများဆုံးလဲ

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အသစ် ပြန်လည်ဖွဲ့စည်းပြီးတဲ့ နောက်ပိုင်းမှာတော့ ၂၀၁၈ ခုနှစ် အောက်တိုဘာလကုန်အထိ တိုင်ကြားမှု  ၁၃၀၀၀ ကျော်အထိ ရှိလာပြီးတော့ ရန်ကုန်တိုင်းဒေသကြီးမှာ အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး အများဆုံး တိုင်ကြားခံထားရတယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

တိုင်ကြားမှုတွေ အရတော့ စီမံခန့်ခွဲရေး အုပ်ချုပ်မှု လွဲမှားတာနဲ့ ပတ်သက်ပြီး ၂၀၁၇ ခုနှစ်မှာ ၃၅၆ စောင်ရှိပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ ၁၄၅၈ စောင် ဖြစ်လာပါတယ်။ အဂတိလိုက်စားတယ်လို့ တိုင်ကြားတာကတော့ ၂၀၁၇ ခုနှစ်မှာ ၂၆ စောင်ရှိပေမယ့် ၂၀၁၈ ခုနှစ်မှာ တော့ ၄၂ စောင်ဖြစ်လာပါတယ်။ အလားတူ မြေယာကိစ္စမှာ ၂၀၁၇ ခုနှစ်တုန်းက ၂၈၆ စောင် ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ၁၅၇၉ စောင် ရရှိခဲ့ပါတယ်။ တရားစီရင်ရေး အပိုင်းမှာလည်း ၂၀၁၇ ခုနှစ်မှာ ၃၇၂ စောင်ပဲရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာ တော့ ၁၃၃၄ စောင် ဖြစ်လာပါတယ်။

တိုင်ကြားမှု အများဆုံး အကြောင်းအရာတွေကတော့ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး ကဏ္ဍတွေမှာ တိုင်ကြားတာများပြီး ဒုတိယလိုက်တာကတော့ မြေယာကိစ္စနဲ့ တရားစီရင်ရေးကိစ္စတွေ ဖြစ်တယ်လို့ ကော်မရှင်က ဆိုပါတယ်။ ကော်မရှင်ကို တိုင်ကြားမှု အနည်းဆုံး ဒေသကတော့ ကယားပြည်နယ်ပဲ ဖြစ်ပါတယ်။

ကော်မရှင်က မြှင့်တင်ပေးရမယ့် အစိုးရရဲ့ပုံရိပ်

အဂတိလိုက်စားမှုဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ တည်ဆောက်နိုင်ရေးအတွက် အဓိကကျသည့် ခလုတ်တံသင်း ဖြစ်နေတာကို နားလည်သဘောပေါက်ပြီး နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု၊ ပြည်သူလူထုရဲ့ လူနေမှု အဆင့်အတန်း မြင့်မားရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လွယ်ကူလျင်မြန်စွာ ဝင်ရောက်နိုင်ရေးတို့ကို ထိခိုက်စေတဲ့ အတွက်ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို နိုင်ငံရေးဆန္ဒ (Political Will) ပြင်းပြစွာရှိပြီး ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် လုပ်ဆောင်ရန် သန္နိဋ္ဌာန်ချထားပြီး ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားထားပါတယ်။

သမ္မတရဲ့ နိုင်ငံရေးဆန္ဒ တစ်ခုအဖြစ် ရှိနေသည့် ကိစ္စတစ်ခုကို ပြည့်မြောက်စေရန် ကော်မရှင်အနေနဲ့ လုပ်ဆောင်ဖို့ လိုအပ်သလို အရေးယူမှု အပိုင်းတွေမှာလည်း အဂတိလိုက်စားရင် မျက်နှာမလိုက်ဘဲ အရေးယူမယ်လို့ ပြောထားတဲ့အတိုင်း စံနမူနာပြအဖြစ် လုပ်စေချင်တယ်လို့ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။   

“တိုင်းဒေသကြီး အစိုးရရော မည်သည့်အဖွဲ့အစည်းကဖြစ်ဖြစ် အဂတိလိုက်စားရင် အရေးယူမယ် ဆိုတာကို ပြောထားတာ ဖြစ်တဲ့အတွက် အဲဒီလိုမျိုး ရပ်တည်ချက်အတိုင်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ပါစေလို့ မှတ်ချက်ပေးချင်တယ်။ ဘာဖြစ်လို့လဲဆို မျက်နှာလိုက်တာတွေ၊ မျက်နှာနာရမယ့် ကိစ္စမျိုးတွေကို လုံးဝလှည့်မကြည့်ဘဲနဲ့ ဒါမျိုးလုပ်နိုင်တော့မှ နောက်ပိုင်း အဂတိကော်မရှင်ကိုဆက်ခံမယ့် နောက်ပိုင်း မျိုးဆက်တွေအတွက် စံပြနမူနာ အခွင့်အရေး တစ်ခုအနေနဲ့ ဖြစ်သင့်တယ်။ အထူးသဖြင့် PPP ဆိုတဲ့စနစ် ကျင့်သုံးမယ့် နိုင်ငံတစ်ခုဟာ အဂတိလိုက်စားမှု အလွန်များတဲ့ စနစ်တစ်ခုဖြစ်တယ် ဆိုတာကို ပြောချင်တယ်။ PPP စနစ်ကို ကျင့်သုံးတော့မယ်ဆိုရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တကယ်ကို စွမ်းအားရှိရှိနဲ့ ၁၀၀ ရာခိုင်နှုန်း မလုပ်နိုင်ဘူး ဆိုရင်တော့ တရုတ်နိုင်ငံမှာ အောင်မြင်ပေမယ့် ကျွန်မတို့နိုင်ငံမှာ အောင်မြင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် တရုတ်နိုင်ငံ အဂတိလိုက်စားမှုကို ပြစ်ဒဏ်ပေးခံရရင် ရာထူးကြီးကြီး နဲ့ သူကိုသာ တွေ့ရတယ်။ ဒါမျိုးတွေပဲ PPP စနစ်ကို ကျင့်သုံးတော့မယ်ဆိုရင် ပြင်ထားဖို့လိုတယ်” လို့ ဒေါ်စန္ဒာမင်းက ပြောကြားသည်။

သက်တမ်းနှစ်နှစ်ခန့်သာ ကျန်ရှိတော့တဲ့အချိန်မှာ NLD အစိုးရအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ယခုထက် ပိုမိုအားစိုက်ရတော့မှာပဲ ဖြစ်ပါတယ်။ အလှမ်းဝေးနေသေးတဲ့ ငြိမ်းချမ်းရေး၊ တိုးတက်မှု မရှိသေးတဲ့ စီးပွားရေး စတဲ့အခြေအနေတွေမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အာရုံစိုက် လုပ်ရတော့မှာပဲ ဖြစ်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ အဂတိလိုက်စားလို့ တရားစွဲခံရရင် ထောင်ဝင်စာ လာတွေ့မယ်ဆိုတဲ့ စကားအတွက် အပြစ်ရှိသူ မည်သူမဆို အရေးယူ ပြရတော့မယ့် အချိန်လည်း ဖြစ်ပါတယ်။      

 

Most Read

Most Recent