AA သောင်းကျန်းသူများကို နှိမ်နင်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက တပ်မတော်သို့ သောင်းကျန်းမှု နှိမ်နင်းရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

AA သောင်းကျန်းသူများကို နှိမ်နင်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက တပ်မတော်သို့ သောင်းကျန်းမှု နှိမ်နင်းရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနှင့် အိမ်တော်သတင်းထောက်များ ဇန်နဝါရီ ၁၉ ရက်က အလွတ်သဘောတွေ့ဆုံနေစဉ်
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနှင့် အိမ်တော်သတင်းထောက်များ ဇန်နဝါရီ ၁၉ ရက်က အလွတ်သဘောတွေ့ဆုံနေစဉ်
Published 20 January 2019
နေရိုင်း၊ ဇေယျာထွန်း၊ အောင်မင်းသိန်း

ပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ထိပါးနှောင့်ယှက်လာသည့် AA သောင်းကျန်းသူများကို နှိမ်နင်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက တပ်မတော်သို့ သောင်းကျန်းမှုနှိမ် နင်းရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းခန်းမတွင် ဇန်နဝါ ရီ ၁၉ ရက်က ပြုလုပ်သည့် သမ္မတအိမ်တော် သတင်းထောက်များနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အထက်ပါ ပြောကြားချက်အပါအဝင် အချက်ငါးချက်အား ပြောဆိုထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံ အစိုးရအနေဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်စိမ်များကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်။ မကြာသေးမီက AA သောင်းကျန်းသူ အဖွဲ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့ခြင်းသည် နိုင်ငံတော်အစိုးရက အထူးအလေးထားဆောင်ရွက်လျက်ရှိသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် များစွာထိခိုက်စေသည်။ နိုင်ငံတော်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးကို တပ်မတော်က တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်”ဟု ဦးဇော်ဌေးက ပြောကြားသည်။

ဆက်လက်၍ “ပြည်သူတို့၏ အသက် အိုးအိမ်၊ စည်းစိမ်နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ထိပါးနှောင့်ယှက်လာသည့် AA သောင်းကျန်းသူများကို နှိမ်နင်းနိုင်ရန်အတွက် နိုင်ငံတော်အစိုးရက တပ်မတော်သို့ သောင်းကျန်းမှု နှိမ်နင်းရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ပြည်သူများ လုံခြုံဘေးကင်းစေရေးကို ထိပါးနှောင့်ယှက်သည့် လုပ်ဆောင်ချက်မှန်သမျှကို ထိရောက်သော ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး (Effective Counter insurgency Operation) ဆောင်ရွက်သွား မည်ဖြစ်သည်”ဟု ဦးဇော်ဌေးက ပြောကြားသည်။

ဇန်နဝါရီ ၁၈ ရက်က တပ်မတော်မှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မှာကြားချက်နှင့် ပတ်သက်၍ ထည့်သွင်းရှင်းလင်းသွားခဲ့ကြောင်း၊ ယင်းရှင်းလင်းချက်နှင့်ပတ်သက်၍ အစိုးရ၏မှတ်ချက်အား သိလိုကြောင်း မေးမြန်းမှုကို “ဒါက Privileged Information ဖြစ်ပါတယ်။ အခြားထင်မြင်ချက် မပေးလိုပါ ဘူး”ဟု ဦးဇော်ဌေးက ပြန်လည်ဖြေကြားသည်။ အိမ်တော်သတင်းထောက်များနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်မျာအား ARSA အကြမ်းဖက်အဖွဲ့နှင့် AA သောင်းကျန်းသူအဖွဲ့မှ တိုက်ခိုက်ခံရမှုဖြစ်စဉ် အခြေပြုမြေပုံကိုလည်း အိမ်တော်သတင်းထောက်များထံသို့ ဖြန့်ဝေပေးခဲ့သည်။

AA လက်နက်ကိုင်အဖွဲ့သည် သောင်းကျန်းသူအဖွဲ့ဖြစ်သည့်အတွက် ပြတ်ပြတ်သားသား ချေမှုန်းရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ မှာကြားခဲ့ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောကြားခဲ့သည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီက  ဇန်နဝါရီလ ၁၈ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက “၂၀၁၉ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတရုံးမှာ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပါတယ်။ အဲဒီညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ AA အဖွဲ့ဟာ သောင်းကျန်းသူအဖွဲ့သာ ဖြစ်တယ်။ ထိထိရောက်ရောက် ပြတ်ပြတ်သားသား ချေမှုန်းဖို့ မှာကြားခဲ့ပါတယ်။ အဲ့လိုမှာကြားခဲ့သလိုပဲ တကယ်လို့ မချေမှုန်းနိုင်ခဲ့လို့ရှိရင် နိုင်ငံတကာကနေပြီးတော့ ARSA အဖွဲ့ကို ပြင်းပြင်း ထန်ထန်တိုက်ခိုက်ခဲ့တာဟာ ဘာသာခြားမို့ ချေမှုန်းတာလား။ AA ကျတော့ တိုင်းရင်းသားဖြစ်နေလို့ မချေမှုန်းသလားစသဖြင့်ပေါ့။ လက်ညှိုထိုးစရာ ဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့ ပြတ်ပြတ်သားသားချေမှုန်းဖို့ မှာကြားခြင်း ဖြစ်ပါတယ်။ အဲ့လိုညွှန်ကြားချက်နဲ့အညီ သောင်းကျန်းသူအဖွဲ့ကို ဇန်နဝါရီ ၅ ရက်နေ့ ကနေ ၁၆ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ရှစ် ကြိမ်၊ မိုင်းဖြစ်စဉ်ငါးကြိမ်ဖြစ်ပွားခဲ့ပါတယ်။ AA သောင်းကျန်းသူအဖွဲ့ထံကနေ အလောင်း ၁၃ လောင်းရရှိခဲ့ပြီး တပ်မတော်ဘက်မှ အရာရှိစစ်သည်အချို့ ကျဆုံးခဲ့ပါတယ်။စစ်ဆင်ရေးကို ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

(ယခုသတင်းပါ AA နှင့်ပတ်သက်သည့် အသုံးအနှုန်းများသည် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ပြောကြားချက်များအတိုင်း တိုက်ရိုက်သုံးစွဲထားခြင်းဖြစ်ပါသည်။)

 

Most Read

Most Recent