ကျဆင်းလာသော ဟောင်ကောင်အိမ်ခြံမြေစျေးကွက်

ကျဆင်းလာသော ဟောင်ကောင်အိမ်ခြံမြေစျေးကွက်
Published 19 January 2019
မောင်ကြွယ်စိုး

ကမ္ဘာပေါ်မှာ မြေဧရိယာ အကျယ်အဝန်း အသေးဆုံးလည်းဖြစ် တိုက်တာအဆောက်အအုံလည်း အကြီးဆုံးဖြစ်တဲ့ ဟောင်ကောင်မှာ နေထိုင်တဲ့ ပြည်သူတွေဟာ သူတို့နေထိုင်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး မကျေနပ်မှုတွေကို ထုတ်ဖော်ပြောလေ့ရှိပါတယ်။ အသက် ၃၉ နှစ်အရွယ်ရှိ ဝေလီဆိုရင် စတုရန်း ပေ ၂၀၀ ပဲရှိတဲ့ တိုက်ခန်းလေးမှာ နေရပါတယ်။ ကျွန်မရဲ့ တိုက်ခန်းလေးထဲမှာ အကြီးမားဆုံးဆိုလို့ ကုတင်ပဲရှိပါတယ်လို့ ဝေလီက ပြောကြားခဲ့ပါတယ်။

သူမအနေနဲ့ အဲဒီတိုက်ခန်းအတွက် ငှားရမ်းက ဟောင်ကောင်ဒေါ်လာ ၂၃၀၀၀ ပေးရပါတယ်။ သူမအနေနဲ့ လက်ရှိတိုက်ခန်းထက် ကျယ်တဲ့ အခန်းကို ငှားယူမယ်ဆိုရင် စျေးနှုန်းက အင်မတန်ကြီးမားပါတယ်။ လက်ရှိအခန်းမှာ မီးဖိုချောင် မပါတဲ့အတွက် အဆင်မပြေပါဘူးလို့ ပြောကြားခဲ့ပါတယ်။

ဟောင်ကောင်မှာရှိတဲ့ Nano တိုက်ခန်းတွေဟာ ဟောင်ကောင်ရှိ ဆင်းရဲသားလူတန်းစားတွေ နေထိုင်တဲ့ရပ်ကွက်မှာ ဆောက်လုပ်ထားတာဖြစ်ပြီး အဲဒီလိုတိုက်ခန်းပေါင်း ၂၀၀၀၀၀ ခန့်ရှိပါတယ်။ အသုဘခေါင်းနဲ့တူတဲ့ တိုက်ခန်းတွေလို့ တင်စားခံရတဲ့ အဆောက်အအုံတွေဟာ အကျဉ်းခန်းကမှ ပိုပြီးကျယ်လိမ့်မယ်လို့ ဝေဖန်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။

အဲဒီလို အခန်းကျဉ်းလေးမှာ နေရတဲ့လူတွေဟာ ကျယ်ဝန်းတဲ့နေရာကို အလိုရှိနေကြပါတယ်။ လက်ရှိအနေအထားက အကျဉ်းစခန်းနဲ့ တူနေတာကြောင့် အပြစ်ကျတဲ့လူတွေလို ခံစားနေရပါတယ်လို့လည်း တိုက်ခန်းနေ ပြည်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဟောင်ကောင်ဟာ ပြီးခဲ့တဲ့ ခုနစ်ကာလအတွင်း မှာ အိမ်ခြံမြေတိုက်တာ စျေးကွက်မှာ စျေးအမြင့်ဆုံး ရှိတယ်လို့ သတ်မှတ်ထားခြင်း ခံခဲ့ရပါတယ်။

ဟောင်ကောင်မှ ဝီဆန်လျောင်ဟာ အိမ်တစ်လုံးပိုင်ဆိုင်ဖို့အတွက် ကြိုးပမ်းခဲ့တာ ကြာပါပြီ။ လက်ရှိအချိန်မှာတော့ သူ့ရဲ့အိမ်မက်တွေဟာ အကောင်အထည်ဖော်ဖို့နီးစပ်လာပြီ ဖြစ်ပါတယ်။ တစ်ချိန်တုန်းကတော့ ဟောင်ကောင်ရဲ့ အိမ်ခြံမြေစျေးနှုန်းတွေဟာ အဆမတန်မြင့်တက်နေခဲ့ပေမဲ့ ယခုအခါမှာတော့ စျေးတွေ ကျဆင်းလာပါတယ်။

ဟောင်ကောင်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် လူဦးရေ မြင့်မားခဲ့ပါတယ်။အဲဒီအတွက် ဟောင်ကောင်မှာ တိုက်ခန်းတစ်ခန်း ရရှိဖို့အရေးဟာ အင်မတန်မှခက်ခဲလှပါ တယ်။ သာမန်အလုပ်သမားတွေအဖို့ မြေတွေ လူနေတိုက်ခန်းကြီးတွေ ဝယ်ဖို့နေနေသာသာ အပေါစားတိုက်ခန်း တစ်ခန်းကို မဝယ်နိုင်ကြပါဘူး။

လက်ရှိအချိန်မှာတော့ လန်ဒန်၊ ဗင်ကူး၊ ဗား၊ ဆစ်ဒနီနဲ့ ရှန်ဟိုင်းတွေမှာ အိမ်ခြံမြေစျေးကွက်တွေ ကျဆင်းနေပါတယ်။ ဟောင်ကောင်ဟာလည်း အဲဒီနိုင်ငံတွေ ကြုံတွေ့ရတဲ့အဖြစ်မျိုးကို မရှောင်လွှဲနိုင်ပါဘူး။ ယခုအချိန်မှာ တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်ဖို့ ကြိုးပမ်းတဲ့ လျောင်အတွက် တိုက်ခန်းစျေးနှုန်းတွေ ကျဆင်းနေခြင်းဟာ မင်္ဂလာသတင်းပဲ ဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေး စစ်ပွဲဂယက်ကြောင့် တရုတ်ရဲ့စီးပွားရေးဟာ ဆက်လက်ကျဆင်းနေမှာ ဖြစ်ပါတယ်။ အဲဒီဂယက်ကြောင့် ဟောင်ကောင်ရဲ့ စီးပွားရေးကိုလည်း ရိုက်ခတ်မှာဖြစ်ပါတယ်။

လက်ရှိတိုက်ခန်းတွေရဲ့ စျေးနှုန်းဟာ ကျွန်တော့်အတွက် အစဉ်ပြေပါတယ် လို့ လျောင်က ပြောကြားခဲ့ပါတယ်။ အသက် ၃၀ အရွယ်ရောက်တဲ့ အချိန်ထိသူတို့ဟာ မိဘတွေနဲ့အတူ နေထိုင်ကြရပါတယ်။ မိမိအနေ နဲ့ တိုက်ခန်းစျေးနှုန်းတွေ ဒီထက်ပိုကျမှာကို စောင့်မနေတော့ပါဘူး။ ရွေးချယ်စရာ ပိုရဖို့ပဲ အရေးကြီးပါတယ်။ ကျွန်တော် နှစ်သက်တဲ့ တိုက်ခန်းတစ်ခု ရှာတွေ့တယ်ဆိုရင် ဝယ်ဖို့ လက်မနှေးပါဘူးလို့ လျှောင်က ပြောကြားခဲ့ပါတယ်။

လျောင်ဟာ ယခုနှစ်နှောင်းပိုင်းမှာ အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီအတွက် သူ့အနေနဲ့စိတ်ကြိုက်တိုက်ခန်း ရှာဖွေဖို့ အချိန်ရနေပါသေးတယ်။ ဟောင်ကောင်မှာ အိမ်ခြံမြေစျေးနှုန်းတွေ စျေးကျလာတာ နှစ်လခန့်ရှိနေပါပြီ။ တစ်ချိန်တုန်းကတော့ ဟောင်ကောင်မှာရှိတဲ့ တိုက်တာအဆောက်အအုံတွေကို ပြည်မကြီးကလူတွေ ဝယ်ယူတာ များပြားကြပါတယ်။

စီးပွားရေး ကောင်းမွန်တဲ့ ပြည်မကြီးမှ တရုတ်နိုင်ငံသားတွေဟာ ဟောင်ကောင်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ကြသလို တိုက်ခန်း ဝယ်ယူမှုတွေလည်း ပြုလုပ်နေကြတဲ့အတွက် ဟောင်ကောင်သားတွေအဖို့ လက်ပိုက်ကြည့် နေရတဲ့ အနေအထားရှိခဲ့ပါတယ်။ နောင်လာမယ့် သုံးလကနေ တစ်နှစ်အတွင်း တိုက်ခန်း စျေးနှုန်းတွေ ကျဆင်းလိမ့်မယ်လို့ စီးပွားရေး ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

တရုတ် - အမေရိကန် ကုန်သွယ်ရေးစစ်ပွဲဟာ ဟောင်ကောင်စီးပွားရေးကို ရိုက်ခတ် နိုင်ကြောင်း သုံးသပ်ထားကြပါတယ်။ ဟောင်ကောင်ဟာ မြေလွတ်ရှားပါးမှု ပြဿနာရှိခဲ့ ပြီး တစ်ထပ်တိုက်ကလေးတွေရဲ့ စျေးနှုန်းဟာ အင်မတန်မြင့်တက်ခဲ့ပါတယ်။ အဲဒီလို အခြေအနေမျိုးကနေ လွတ်ကင်းလာပြီလို့ဆိုရမှာ ဖြစ်ပါတယ်။

ဟောင်ကောင်မှ တိုက်ခန်းပိုင်ရှင်အနေနဲ့လည်း မိမိတို့ရဲ့ တိုက်ခန်းတွေကို လက်ရှိ အခြေအနေမှာ မရောင်းဘဲနဲ့ စျေးကောင်းရမှ ရောင်းချဖို့ စီစဉ်သူတွေလည်း ရှိနေပါတယ်။ တစ်ချိန်တုန်းက စတုရန်းပေ ၄၅၀ ရှိတဲ့ တိုက်ခန်းကို ဟောင်ကောင် ကိုးသန်းနဲ့ ဝယ်ထားခဲ့ တဲ့ အိမ်ရှင်တစ်ယောက်ဟာ လက်ရှိအချိန်မှာ သူ့တိုက်ခန်းရဲ့ ပေါက်စျေးဟာ ဟောင်ကောင်ငွေ ၈.၅ သန်းပဲ တန်ပါတော့တယ်။ အဲဒါကြောင့်မို့ တိုက်ခန်းကို ရောင်းချဖို့ စီစဉ်ထားပေမဲ့ လက်တွေ့မှာတော့ မရောင်းချဖို့ ဆုံးဖြတ်ထားကြောင်း အိမ်ပိုင်ရှင်က ပြောကြားခဲ့ပါတယ်။

တရုတ်-အမေရိကန် ကုန်သွယ်မှုစစ်ပွဲ  ဂယက်ဟာ ဟောင်ကောင်ကို ရိုက်ခတ်မှုတွေ  ဖြစ်ခဲ့တဲ့အတွက် ဟောင်ကောင်ရဲ့ အိမ်ခြံမြေ စျေးကွက်ဟာ ပြိုကွဲနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ပတ်သက်ပြီး The Royal Institute of Chartered Surveyors (RICS) မှ အကြီးတန်း ဘောဂဗေဒပညာရှင် ရှောန်အယ်လစ်ဆန်က မှတ်ချက်ပေးထားပါတယ်။ ဒါ့အပြင် စီးပွားရေး ပညာရှင်တစ်ဦးဖြစ်သူ အိုင်းရစ်ပင်က ဟောင်ကောင်ရှိ လူနေ တိုက်ခန်းတွေရဲ့ စျေးနှုန်းတွေဟာ ၁၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ပြောကြားခဲ့ပါတယ်။

ဟောင်ကောင်ရှိ ကျွမ်းကျင်လုပ်သားတွေအဖို့ ဝန်ထမ်းဘဝရဲ့ လစာငွေဟာ ၆၀ စတုရန်းမီတာရှိတဲ့ အခန်းတစ်ခန်း ဝယ်ယူနိုင်တဲ့ အခြေအနေမျိုး ရှိခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မတိုင်မီက သူရတဲ့လစာငွေဟာ မြင့်မားတဲ့အတွက် ဝယ်ယူနိုင်ခြင်း  ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အိမ်ခြံ မြေစျေးကွက် ပူးပေါင်း ပေါက်သွားတယ်ဆိုပေမယ့် ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတတဲ့ အခြေအနေ ရှိနေပါသေးတယ်။ ဟောင်ကောင်ရဲ့ အိမ်ခြံ မြေရောင်းဝယ်ရေးလုပ်ငန်းဟာ သိသိသာသာ နှေးကွေးသွားတာကတော့ မငြင်းနိုင်ပါဘူး။ ဝယ်လိုအားနဲ့ ရောင်းလိုအားတွေဟာ မျှတမှုမရှိတဲ့ အခြေအနေကိုလည်း ကြုံတွေ့နေရပါတယ်။ တိုက်ခန်းစျေးတွေ ကျတယ်ဆိုပေမယ့် လူအများစုကတော့  ဝယ်နိုင်ဖို့ မလွယ်သေးပါဘူး။

Most Read

Most Recent