တပ်မတော်က တရားစွဲဆိုထားသောအမှုအချို့ ရုပ်သိမ်းခဲ့သော်လည်း ပုသိမ်မှ ငြိမ်းချမ်းရေး သရုပ်ဖော်ကပြခဲ့သည့် ကျောင်းသားကိုးဦးအမှု မပါဝင်

တပ်မတော်က တရားစွဲဆိုထားသောအမှုအချို့ ရုပ်သိမ်းခဲ့သော်လည်း ပုသိမ်မှ ငြိမ်းချမ်းရေး သရုပ်ဖော်ကပြခဲ့သည့် ကျောင်းသားကိုးဦးအမှု မပါဝင်
Published 2 September 2017

တပ်မတော်က တရားစွဲဆိုထားသော အမှုများ ရုပ်သိမ်းခဲ့သော်လည်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ငြိမ်းချမ်းရေး သရုပ်ဖော်ပြကွက်ကပြခဲ့သည့် ကျောင်းသားကိုးဦးအား ပုဒ်မ (၅၀၀) ဖြင့် တရားစွဲဆိုထားသည့် အမှုမပါရှိသေးကြောင်း တရားစွဲဆိုခံ ကျောင်းသားများထံမှ သိရသည်။

စက်တင်ဘာ ၁ ရက်တွင် တပ်မတော်မှ မီဒီယာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့အပေါ် တရားစွဲဆိုထားသည့်အမှုများ ကျေအေးပိတ်သိမ်းကြောင်း ကြေညာခဲ့သော်လည်း ပုသိမ်မြို့ ပုသိမ်ဟိုတယ်တွင် ဇန်နဝါရီ ၉ ရက်က ငြိမ်းချမ်းရေး အလုပ်ရုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး သရုပ်ဖော်ကကွက် ကပြခဲ့သော ကျောင်းသားကိုးဦးအား တပ်မတော်ကိုယ်စား အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုဗိုလ်မှူးကြီးအောင်မျိုးနိုင်မှ ပုဒ်မ (၅၀၀) ဖြင့် တရားစွဲဆိုခဲ့သော အမှုနှင့်ပတ်သက်၍ အကြောင်းကြားမှု မရှိသေးကြောင်း တရားစွဲဆိုခံရသည့် ကျောင်းသားကိုအောင်ခန့်ဇော်ထံမှ သိရသည်။

“တပ်မတော်က မီဒီယာတွေနဲ့ လူပုဂ္ဂိုလ်ရေးစွဲဆိုထားတဲ့အမှုတွေ ရုပ်သိမ်းတယ်ဆိုတော့ ဝမ်းသာစရာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဒီပုသိမ်မြို့မှာ ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲမှာ စစ်ပွဲအလိုမရှိ ကပြခဲ့ကျောင်းသားတွေကို ပုဒ်မ (၅၀၀) နဲ့စွဲထားတဲ့ ကျွန်တော်တို့တွေကိုတော့ အကြောင်းကြားခြင်း မရှိသေးပါဘူး။ အခုလို အမှုတွေရုပ်သိမ်းတဲ့အခါမှာ ကျွန်တော်တို့ဘက်ကလည်း ငြိမ်းချမ်းရေး ဖျော်ဖြေခဲ့တာဖြစ်တဲ့အတွက် အမှုကို ရုပ်သိမ်းဖို့ မျှော်လင့်တယ်။ လက်ရှိအချိန်အထိတော့ ကျွန်တော်တို့ ပါမလာသေးဘူး” ဟု တရားရင်ဆိုင်နေရသည့် ကိုအောင်ခန့်ဇော်က ပြောကြားသည်။

ပုသိမ်မြို့နယ်တရားရုံးမှ တရားရှင် လွှတ်ပေးခဲ့သော ကျောင်းသားခြောက်ဦးအား ပုသိမ်ခရိုင်တွင် အယူခံတက်ခဲ့သောကြောင့် ပြန်လည်တရားစွဲဆိုခံရသည့် အခြေအနေ ဖြစ်နေကြောင်း၊ ကျောင်သားများထဲတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားများပါရှိကာ ပြီးခဲ့သည့်စာသင်နှစ်တွင် စာမေးပွဲများ ကျရှုံးကာ နစ်နာမှုများဖြစ်ပွားနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပုသိမ်မြို့မှ ကျောင်းသားကိုးဦးနှင့် အလားတူပုဒ်မ (၅၀၀) ဖြင့် တပ်မတော်မှ တရားစွဲဆိုထားသည့် လူပုဂ္ဂိုလ်များဖြစ်သော မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅ (က)ဖြင့် အမှုဖွင့်လှစ်ခဲ့သည့် ဦးထင်ကျော် (ခ) ကျော်ထင်၊ တောင်ငူမြို့နယ် တရားရုံး၌ ရာဇသတ်ကြီးဥပဒေပုဒ်မ -၅၀၅ (ခ) ဖြင့် အမှုဖွင့်လှစ်ခဲ့သည့် တောင်ငူ ဗကသဒုတိယဥက္ကဋ္ဌ ဝေယံသိန်း (ခ) ဗစ်တာ ဦးဆောင်သော ကျောင်းသားမျိုးဆက် ကေတုအိုးဝေတော်လှန်သံချပ်အဖွဲ့တို့ကို တရားစွဲဆိုထားသည့် အမှုများကိုလည်း ရုပ်သိမ်းပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent