ပျဉ်းမနားမြို့တွင် သမီးရည်းစားကိစ္စ ရန်ငြှိုးရှိသူချင်း အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားရာမှ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ပျဉ်းမနားမြို့တွင် သမီးရည်းစားကိစ္စ ရန်ငြှိုးရှိသူချင်း အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားရာမှ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
Published 2 September 2017

နေပြည်တော် ပျဉ်းမနားမြို့တွင် သမီးရည်းစားကိစ္စ ရန်ငြှိုးရှိသူချင်း အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားရာမှ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိမှု သြဂုတ် ၃၀ ရက် ည ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ပျဉ်းမနားမြို့မရဲစခန်းမှ သိရသည်။

“ရည်းစားကိစ္စဖြစ်ထားသူချင်း ဓားနဲ့ ထိုးကြတာပေါ့။ ရှင်းရှင်းပြောရရင် ကောင်မလေးရဲ့ အရင်ရည်းစားနဲ့ ကောင်မလေးရဲ့ နောက်ရည်းစားနဲ့ ရန်ဖြစ်တာပေါ့ဗျာ။ တခြားကိစ္စတွေတော့ မပါပါဘူး” ဟု နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က ပြောကြားသည်။

ပျဉ်းမနားမြို့ ဘိုကုန်းရပ် ရန်အောင် (၁) ရပ်ကွက် ရွှေညောင်ပင်ကားဂိတ်အနီးတွင် လူငယ်ငါးဦးခန့်ပါ အုပ်စုတစ်စုနှင့် လူငယ် ခုနစ်ဦးခန့်ပါအုပ်စုတစ်စု ခိုက်ရန်ဖြစ်ပွားရာမှ ယာဉ်မောင်းအလုပ်လုပ်ကိုင်သူ လူငယ်တစ်ဦးမှာ ဝဲဘက်နံဘေး ဓားထိုးသွင်း ဒဏ်ရာ၊ ဦးခေါင်းဝဲဘက်ပြတ်ရှဒဏ်ရာ၊ ဝဲလက်ဖျံပြတ်ရှဒဏ်ရာ၊ ဝဲဘက်ကျောပြင် ညိုမည်းဒဏ်ရာများရရှိကာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း၊ တွင်ခုံလုပ်ငန်းလုပ်ကိုင်သူ လူငယ်တစ်ဦးမှာ ပါးပြင်ပြတ်ရှဒဏ်ရာ၊ လက်ချောင်း ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုမှ ပြစ်မှုကျူးလွန်သူများကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ပျဉ်းမနားမြို့ ကင်ပွန်းတန်းအုပ်စု သဲကျွန်းကျေးရွာနေ ကျော်စိုးဦးနှင့် အပေါင်းပါများကို ညတွင်းချင်း ဖမ်းဆီးမိပြီး သက်သေခံ ပစ္စည်းများကိုလည်း သိမ်းဆည်းမိခဲ့ကြောင်း ပျဉ်းမနားမြို့မရဲစခန်းမှူး ဦးသန်းထိုက်က ပြောကြားသည်။

နေပြည်တော် ပျဉ်းမနားမြို့တွင် လူငယ်ချင်းအုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှုများနှင့် ညပိုင်းအချိန်များတွင် တုတ်၊ ဓားများကိုင်ဆောင်ကာ ရမ်းကားမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ပျဉ်းမနားမြို့ခံများက ပြောကြားသည်။ အဆိုပါ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှုများ၊ ရမ်းကားမှုများနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ခြင်းများ ပြုလုပ်နေသကဲ့သို့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က ပြောကြားသည်။

“ပျဉ်းမနားမှာအုပ်စုဖွဲ့ပြီး အကြမ်းဖက်တာတွေရှိတယ်။ အခုဖြစ်တဲ့ကိစ္စမှာဆိုရင် ကျူးလွန်သူက တပည့်တပန်းတွေရှိတယ်။ ဂိုဏ်းခေါင်းဆောင်လိုလို ဘာလိုလိုနဲ့ပေါ့။ အခုတော့ ခုနစ်ယောက် ဖမ်းမိထားပါတယ်။ ကျွန်တော်တို့လည်း မဖြစ်အောင်တတ်နိုင်သလောက် ကြိုကာတာတွေလည်း လုပ်တာပေါ့ဗျာ။ ဒါပေမဲ့ ဒီလိုလူမှုရေးကိစ္စ ဖြစ်တာတွေကလည်း ရှိတော့ရှိတာပေါ့။ ဖြစ်လာတော့လည်း ထိထိရောက်ရောက် အရေးယူမယ်။ အုပ်စုဖွဲ့ပြီး မလုပ်နိုင်အောင် ဒါမျိုးတွေ လုပ်ပါမယ်” ဟု ရဲမှူးကြီးဇော်ခင်အောင်က ပြောကြားသည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုမှ တရားခံဖြစ်သူ ကျော်စိုးဦးနှင့် ပါဝင်သူများအား ပျဉ်းမနားမြို့မရဲစခန်းတွင် (ပ) ၇၃၈၊ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄/၁၁၄ တို့ဖြင့် ရေးဖွင့်ထားရာမှ ဆေးရုံတက်လူနာ သေဆုံးသွားခြင်းကြောင့် ပုဒ်မ ၃၀၂၊ ၃၂၄၊ ၁၁၄ သို့ ပြောင်းလဲဖွင့်လှစ်ထားကြောင်း သိရသည်။

Most Read

Most Recent