ထိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့သည့် ကချင်လူထု ညီလာခံတွင် လွတ်လပ်သော ကချင်နိုင်ငံတော် တည်ထောင်ရန် ဆုံးဖြတ်ခဲ့သည် ဟူသော ဇန်နဝါရီ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်နေကြောင်း သိရသည်။
ကချင်လူမျိုးများ၏ အမျိုးသားညီလာခံကို ပြည်တွင်းပြည်ပမှ ကချင်အမျိုးသား အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ ဘာသာရေးအသီးသီးမှ ခေါင်းဆောင်များ၊ ကချင်ရိုးရာ ယဉ်ကျေးမှု အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ ကချင်နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ ကချင်လူမှုဖွံ့ဖြိုးရေး အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ လူဦးရေ (၂၂၀) တက်ရောက်ကြပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇန်နဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့ကြောင်း ယင်းကြေညာချက်တွင် ပါရှိသည်။
ကချင်လူထုညီလာခံမှ ကချင်ပြည်ကို လွတ်လပ်သော ကချင်နိုင်ငံတော် တည်ထောင်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း၊ ကချင်ပြည်၏ အချုပ်အခြာအာဏာသည် ပြည်သူလူထုထံတွင် အပြည့်အဝရှိသော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အထက်ပါ အကြောင်းအရာများကို ဆောင်ရွက်ရာတွင် မိမိလူမျိုး၏ ခိုင်မာသော သမိုင်းဖြစ်စဉ်များနှင့် လည်းကောင်း၊ နိုင်ငံတကာဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကျင့်သုုံးသည့် လမ်းစဉ်များဖြင့် လည်းကောင်း၊ ငြိ်မ်းချမ်းသော နိုင်ငံရေး ဆွေးနွေးသည့် လမ်းစဉ်ဖြင့် ဆွေးနွေးဆောင်ရွက်သွားရန် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။
အဆိုပါ ကချင်အမျိုသား ညီလာခံမှ ကချင်ပြည်နှင့် ကချင်ပြည်သူလူထုများ၏ အနာဂတ်အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များနှင့် မြေယာများ၏ လုံခြုံမှုဆိုင်ရာများကို လုပ်ဆောင်သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း၊ ယနေ့မှစ၍ ကချင်လူမျိုးများ၏ လုပ်ဆောင်နေသော နိုင်ငံရေး လုပ်ငန်းစဉ်များနှင့် တွေးခေါ်မြော်မြင်မှုများသည် ညီလာခံမှ သဘောတူထားသော ဆုံးဖြတ်ချက်များသို့ ဦးတည်ရောက်ရှိစေသည့် လုပ်ဆောင်မှုများ ဖြစ်လာစေရန်၊ စဉ်ဆက်မပြတ် ပြည်သူလူထုအားလုံး လုပ်ဆောင်သွားရန် ဆွေးနွေးသဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း ကချင်လူထုညီလာခံက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်စွဲဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်သော ညီလာခံမှ ကြေညာချက်နှင့် ပတ်သက်၍ ဆက်သွယ်ရန် ဦးနော်လတ်၏ ဖုန်းနံပါတ် ပါရှိသော်လည်း The Daily Eleven သတင်းစာက အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းကိုင်ဆောင် ဖြေကြားခြင်း မရှိသေးသဖြင့် အသေးစိတ် မေးမြန်နိုင်ခြင်း မရှိခဲ့ပေ။
သို့သော်လည်း RFA သတင်းဌာန၏ ယင်းသတင်းနှင့် ပတ်သက်၍ ဖော်ပြချက်တွင်မူ “သီးခြားနိုင်ငံတော်တစ်ခု တည်ထောင်နိုင်ဖို့အတွက် ကချင်ပြည်နယ်အတွင်းမှာ နေထိုင်နေတဲ့ တိုင်းရင်းသား အားလုံးနဲ့ ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်သလို သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေနဲ့ ငြိမ်းချမ်းစွာ အဖြေရှာသွားမှာ ဖြစ်ကြောင်း” ကချင်လူမျိုးများ အမျိုးသားညီလာခံ ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးနော်လတ်က ဖြေကြားထားသည်ဟု ဖော်ပြပါရှိခဲ့သည်။
“သူတို့ရဲ့ သဘောထားဆန္ဒပေါ့နော်။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ဘာလဲဆိုတော့ ပင်လုံဖွဲ့စည်းမှုကို ပြန်လေ့လာကြည့်မယ်ဆိုရင် နဂိုက ပင်လုံမှာပါခဲ့တဲ့ လူမျိုးစုလေးစုပေါ့။ စုစုပေါင်း အဲဒီတုန်းက ဗမာအပါအဝင် ငါးခုလို့ ပြောကြတာပေါ့။ ကချင်ရယ်၊ ချင်းရယ်၊ ရှမ်းရယ်၊ ကယားရယ်၊ Burma Proper ရယ် အဲဒီတုန်းကတော့ သီးခြားစီ ရှိကြတယ်။ စုပေါင်းပြီးတော့မှ နို်င်ငံတစ်ခု ထူထောင်တယ်။ သူတို့မှာ Feeling တွေ ရှိကြမှာပေါ့။ သီးခြားစီဆိုတဲ့ Feeling လေးတွေ။ ဒါကတော့ ကျွန်တော့်အမြင်ကတော့ ရင်ထဲက ဆန္ဒကတော့ ထုတ်ဖော်ခွင့်ရှိတယ်။ ပြောတော့ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် Rule of Law တော့ သွားရပါလိမ့်မယ်။ အဲဒီလိုပဲ မြင်ပါတယ်” ဟု ကချင်ပြည်နယ် အခြေစိုက် လှုပ်ရှားသည့် အမည်မဖော်လိုသူ ကချင်နိုင်ငံရေး ခေါင်းဆောင်တစ်ဦးက ပြောကြားသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူးဖြစ်သူ ဦးခင်ဇော်ဦးက ၎င်းအသုံးပြုနေသည့် Facebook စာမျက်နာတွင် အဆိုပါ ထုတ်ပြန်ချက်အပေါ် ကချင်လက်နက်ကိုင်အဖွဲ့ (KIO) က မည်သို့သဘောထားမည်ကို မသိရှိကြောင်းနှင့် ကိုဂွမ်မော် (KIO အဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်) နှင့် တွေ့သည့်အချိန်တွင် မေးရန် မှတ်သားထားလိုက်ကြောင်း ဇန်နဝါရီ ၁၇ ရက်က ရေးသားခဲ့သည်။
ထိုသို့ ဦးခင်ဇော်ဦး၏ ရေးသားထားသော ပိုစ့်အောက်တွင် ဗိုလ်ချုပ်ဂွမ်မော်က “KNO ကို မေးရမယ့်မေးခွန်း။ KIO ကို လာမမေးပါနဲ့” ဟု ပြန်လည် ရေးသားထားသည်။
ကချင်အမျိုးသား အစည်းအရုံး (KNO) သည် ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး ယခုကြေညာချက် ထုတ်ပြန်ခဲ့သော ကချင်လူထုညီလာခံ ဖြစ်မြောက်ရေးတွင် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။
ကချင်ပြည်နယ်ရှိ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ၏ ထိန်းချုပ်နယ်မြေတွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သော ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) သည် ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်တာ တပ်မတော်နှင့် ထိတွေ့မှုများ ဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့် ရဲကင်းစခန်း လေးခုအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများ အပြီးတွင် AA အဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နို်င်နှင့် ဧရာဝတီသတင်းဌာန၏ အင်တာဗျူးတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မိမိတို့၏ ကံကြမ္မာကို သူများဆုံးဖြတ်ခံရသည့်ဘဝမှ လွတ်မြောက်ရန်အတွက် တိုက်ပွဲဖော်ဆောင်ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်ကို Confederate အဆင့် လိုချင်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဗိုလ််ချုပ်ထွန်းမြတ်နိုင်က "ဝ" လက်နက်ကိုင်အဖွဲ့ (UWSP/UWSA) ၏ လက်ရှိဖြစ်တည်နေမှုအတိုင်း လိုလားကြောင်းလည်း အင်တာဗျူးတွင် ထုတ်ဖော်ပြောဆို ထားခဲ့သည်။ ယင်း အင်တာဗျူး ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ကြေညာချက် ထပ်မံထွက်ပေါ် လာခြင်းလည်း ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပါ နိုင်ငံတော် အခြေခံမူများ အခန်း (၁)၊ ပုဒ်မ (၁၀) တွင် “နိုင်ငံတော်တွင် ပါဝင်သည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စု နယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ စသည့် နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ” ဟူ၍ ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် ယခုကြေညာချက်ပါ သဘောတူ ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေကြောင်း သိရသည်။ မြန်မာနိုင်ငံ ရာဇသတ်ကြီး (Myanmar THE PENAL CODE) ၏ ပုဒ်မ ၁၂၂ တွင် “(၁) မည်သူမဆို ပြည်ထောင်စုနိုင်ငံအတွင်းတွင် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးကို ကျူးလွန်လျှင် သေဒဏ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်း ပို့ဒဏ်ဖြစ်စေ ချမှတ်ခြင်း ခံရမည်။ (၂) ပြည်ထောင်စု နိုင်ငံသား ဖြစ်သူသည် သို့တည်းမဟုတ် သာမန်အားဖြင့် ပြည်ထောင်စုနိုင်ငံ အတွင်းတွင် နေထိုင်သူသည် ပြည်ထောင်စုနိုင်ငံအပတွင် နိုင်ငံတော်သစ္စဖောက်ဖျက် ပုန်ကန်မှုကြီးကို ကျူးလွန်လျှင် သေဒဏ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းပို့ဒဏ်ဖြစ်စေ ချမှတ်ခြင်းခံရမည်။” ဟူ၍ ပြဋ္ဌာန်းထားသည်။