စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် အနည်းဆုံး (၂) လခန့်အနားယူရမည်ဖြစ်သည်ဟု စပါးအသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။
ဟာရီကိန်းသည် အဆိုပါဒဏ်ရာကို တနင်္ဂနွေနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် စပါး (၀-၁) မန်ယူပွဲတွင် ရရှိခဲ့ခြင်းဖြစ်ပြီး ၄င်းအနေဖြင့် မတ်လအစောပိုင်းအထိ လေ့ကျင့်ခန်းပြုလုပ်ရန်ပင် မသေချာသေးကြောင်း သိရသည်။
စပါးအသင်း၏ ထုတ်ပြန်ချက်တွင် '' ကနဦးအကဲဖြတ်မှုတွေအရ မန်ယူနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဟာရီကိန်းရဲ့ဘယ်ဘက်ခြေချင်းဝတ်က အရွတ်ဟာ ထိခိုက်မှုရှိခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဟာရီကိန်းရဲ့ဒဏ်ရာကို ဆက်လက်ပြီးစောင့်ကြည့်မှုတွေ ပြုလုပ်သွားရမှာပါ။ ဒါပေမဲ့ သူ့အနေနဲ့ ဒဏ်ရာကပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ပြန်လည်ပြုလုပ်ရမှာဖြစ်ပြီး မတ်လအစောပိုင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်'' ဟုပါရှိသည်။
အာရှဖလားပြိုင်ပွဲကစားရန်အတွက် အဓိကတိုက်စစ်ကစားသမားတစ်ဦးဖြစ်သည့် ဆွန်ဟောင်မင်မှာလည်း တောင်ကိုရီးယားအသင်းနှင့် ဇန်နဝါရီ (၁၄) ရက်နေ့က သွားရောက်ပူးပေါင်းခဲ့ရာ စပါးအသင်း၏ ပွဲစဉ်အချို့ကိုလွဲချော်မည်ဖြစ်ပြီး ယခုဟာရီကိန်း၏ ဒဏ်ရာသတင်းမှာ စပါးအသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့သည်။
ဟာရီကိန်းသည် ယခုဒဏ်ရာကြောင့် အသင်း၏ ပွဲစဉ် (၁၄) ပွဲကို လွဲချော်မည်ဖြစ်ပြီး ဖေဖော်ဝါရီလနှောင်းပိုင်းနှင့် မတ်လအစောပိုင်းတွင် ဒေါ့မွန်အသင်းနှင့် ကစားရမည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပွဲစဉ် (၂) ပွဲစလုံးကိုလွဲချော်မည်ဖြစ်ကြောင်းသိရသည်။
အသက် (၂၅)နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည် ယခုရာသီတွင် စပါးအတွက် ပြိုင်ပွဲစုံ ပွဲ (၃၀)တွင် ဂိုး (၂၀)အထိ သွင်းယူပေးထားသူ ဖြစ်သည်။
လက်ရှိစပါးအသင်း၏ တိုက်စစ်တွင် စပိန်ဝါရင့်တိုက်စစ်မှူး လော်ရန်တေးနှင့် နယ်သာလန်တိုက်စစ်မှူး ယန်ဆန်တို့သာရှိကြောင်း သိရသည်။
■ ဟာရီကိန်းလွဲချော်ဖွယ်ရှိနေသည့် စပါးအသင်း၏ပွဲစဉ်များ
ဇန်နဝါရီ ၂၀ - ဖူလ်ဟမ် (EPL)
ဇန်နဝါရီ ၂၄ - ချယ်လ်ဆီး (EFL)
ဇန်နဝါရီ ၂၇ - ခရစ္စတယ်ပဲလေ့်စ် (FA)
ဇန်နဝါရီ ၃၀ - ဝက်ဖို့ဒ် (EPL)
ဖေဖော်ဝါရီ ၂ - နယူးကာဆယ် (EPL)
ဖေဖော်ဝါရီ ၁၀ - လက်စတာ (EPL)
ဖေဖော်ဝါရီ ၁၃ - ဒေါ့မွန် (UCL)
ဖေဖော်ဝါရီ ၂၃ - ဘန်လေ (EPL)
ဖေဖော်ဝါရီ ၂၄ - EFL FINAL
ဖေဖော်ဝါရီ ၂၇ - ချယ်လ်ဆီး (EPL)
မတ် ၂ - အာဆင်နယ် (EPL)
မတ် ၅ - ဒေါ့မွန် (UCL)
မတ် ၉ - ဆောက်သမ်တန် (EPL)
မတ် ၁၆ - ခရစ္စတယ်ပဲလေ့စ် (EPL)
EPL- ပရီးမီးယားလိဂ်
EFL - လိဂ်ဖလား
FA - FA ဖလား
UCL - ချန်ပီယံလိဂ်