မန်ယူအသင်းဂိုးသမား ဒီဟေးယားသည် အသင်းတွင် ကာလရှည်ဆက်ရှိနေရန် ဆန္ဒရှိနေပြီး တစ်ပတ်လုပ်ခ ပေါင် (၃) သိန်းဖြင့် စာချုပ်သစ်အတွက် အသင်း၏ ကမ်းလှမ်းမှုကို မျှော်လင့်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်း၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည့် အသက် (၂၈) နှစ်အရွယ်ရှိ စပိန်ဂိုးသမား ဒီဟေးယားသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက စာချုပ်ပါအချက်အလက်များအရ မန်ယူအသင်းနှင့် တစ်နှစ်သက်တမ်းတိုးခဲ့သူဖြစ်သည်။
ဒီဟေးယားသည် ယင်းစာချုပ်အရ မန်ယူအသင်းတွင် ၂၀၂၀ ခုနှစ်အထိ ရှိနေမည်ဖြစ်ပြီး တစ်ပတ်လုပ်ခပေါင် (၂) သိန်းရရှိနေကြောင်း သိရသည်။
ဒီဟေးယားသည် မော်ရင်ဟိုလက်ထက်တွင် အသင်း၏ အနာဂတ်နှင့်ပတ်သက်ပြီး တွေဝေနေခဲ့သော်လည်း ယာယီနည်းပြဆိုးလ်ရှားလက်ထက်တွင် အသင်း၏ခြေစွမ်းနှင့် စိတ်ဓာတ်ပိုင်းမှာ များစွာတိုးတက်လာသည့်အတွက် အသင်းတွင် ကာလရှည်ကစားရန်ဆန္ဒရှိနေခြင်းဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် ဒီဟေးယားသည် စာချုပ်သစ်အတွက် တစ်ပတ်လုပ်ခ ပေါင် (၃) သိန်းအပြင် အပိုဆုကြေးများဖြင့် မန်ယူအသင်း၏ ကမ်းလှမ်းမှုကို မျှော်လင့်လျက်ရှိကြောင်း Daily Mail ကဖော်ပြခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းကွင်းလယ်လူ လင်ဂတ်ကလည်း ဒီဟေးယားမှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ဦးဖြစ်ပြီး အသင်းတွင် ၄င်းကိုဆက်ရှိနေစေလိုကြောင်း ပြောကြားခဲ့သည်။
လင်ဂတ်က '' ဒီဟေးယားကို အသင်းမှာ ကျွန်တော်တို့အားလုံးဆက်ရှိနေစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးပါ။ ကမ္ဘာ့အကောင်းဆုံးဂိုးသမားလို့တောင် ပြောလို့ရပါတယ်" ဟုပြောကြားခဲ့သည်။
ဒီဟေးယားသည် စပါးအသင်းအား (၁-၀) ဂိုးဖြင့်အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးအသင်း၏ ဂိုးကန်သွင်းမှုများကို လက်စွမ်းပြကာကွယ်နိုင်ခဲ့သည့်အတွက် မီဒီယာများ၏ ချီးကျူးမှုကို ခံနေရသူဖြစ်သည်။