မမှန်စွပ်စွဲခြင်း၊ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသရေဖျက်ခြင်းများ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အပေါ် ပြုလုပ်သည်ဟုဆိုကာ ဒဂုံမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည့် မိုက်ကယ်ကျော်မြင့်၏ အမှုအား ဆက်လက်စစ်ဆေး

မမှန်စွပ်စွဲခြင်း၊ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသရေဖျက်ခြင်းများ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အပေါ် ပြုလုပ်သည်ဟုဆိုကာ ဒဂုံမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည့် မိုက်ကယ်ကျော်မြင့်၏ အမှုအား ဆက်လက်စစ်ဆေး
Published 29 August 2017

မြေယာကိစ္စများကို သတင်းစာရှင်းလင်းခဲ့မှုနှင့် ဆက်စပ်၍ မမှန်စွပ်စွဲခြင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသရေဖျက်ခြင်းများ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အပေါ် ပြုလုပ်ခဲ့သည်ဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အရာရှိတစ်ဦး၏ တရားစွဲဆိုခြင်းကိုခံထားရသည့် မိုက်ကယ်ကျော်မြင့်အမှုကို သြဂုတ် ၂၈ ရက်တွင် ဒဂုံမြို့နယ်တရားရုံး မြို့နယ်တရားသူကြီးတရားခွင်တွင် ဆက်လက် စစ်ဆေးခဲ့သည်။

အမှုနှင့်ပတ်သတ်၍ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၁ အမှုအတွက် တရားလိုပြသက်သေအဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လက်ထောက်ညွန်ကြားရေးမှူး တစ်ဦးနှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အတွက် မြောက်ဒဂုံမြို့နယ် (၄၄) ရပ်ကွက်မှ ရှာဖွေပုံစံတွင် လက်မှတ်ရေးထိုးခဲ့သည့် အမျိုးသားနှစ်ဦးတို့ကို တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“၂၁၁ အမှုအတွက်က တရားလိုပြသက်သေသုံးဦး တင်ထားတဲ့အနက် တစ်ဦးစစ်ဆေးပြီးပါပြီ။ ၆၆ (ဃ) အတွက်ကတော့ တရားလို ပြသက်သေကိုးဦးအနက် ခုနစ်ဦးစစ်ဆေး ပြီးစီးခဲ့ပါပြီ။ ကျွန်တော့်ကို အခုလို တရားစွဲဆိုထားတာတွေဟာ တရားမျှတမှုမရှိဘူးလို့ ထင်တယ်” ဟု မိုက်ကယ်ကျော်မြင့်က တရားရုံးချိန်းအပြီးတွင် ပြောကြားသည်။

ထို့ပြင် လာမည့်ရုံးချိန်းကို စက်တင်ဘာ ၇ ရက်သို့ ပြန်လည်ချိန်းဆိုပေးခဲ့ပြီး ယင်းနေ့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အမှုအတွက် တရားလိုပြသက်သေနှစ်ဦးကို ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

မြေယာကိစ္စများနှင့်ပတ်သက်၍ လာဘ်စားမှုများရှိခဲ့သည်ဟုဆိုကာ သတင်းစာ ရှင်းလင်းခဲ့သည့် မိုက်ကယ်ကျော်မြင့်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ၂၁၁ (မမှန်စွပ်စွဲခြင်း)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့ဖြင့် ဒဂုံမြို့နယ်တရားရုံး၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူးဦးမိုးဟိန်းက တရားလိုပြု တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မိုက်ကယ်ကျော်မြင့်သည် ၎င်းရင်ဆိုင်နေရသည့်အမှုနှစ်မှုအတွက် တစ်မှုလျှင် ကျပ်သိန်း ၁၀၀ တန် အာမခံဖြင့် ဒဂုံမြို့နယ်တရားရုံးမှ သြဂုတ် ၈ ရက်တွင် အာမခံရရှိခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၂ ရက်က တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်း ဟစ်တိုင်အနီးတွင် ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာ စီမံကိန်း အပိုင်း (၂) အကောင်အထည်ဖော်နေသည့် မြေယာကိစ္စများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးတင်ထွန်းဆိုသူက ငွေကြေးများလာဘ်ယူခဲ့သည်ဟုဆိုကာ မိုက်ကယ်ကျော်မြင့်က လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟု ကြေညာခဲ့ပြီးနောက်တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းမီဒီယာများအား ရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မိုက်ကယ်ကျော်မြင့်သည် မြောက်ဒဂုံမြို့နယ် တရားရံးတွင် ခြေချုပ်နှင့် ခံဝန်အက်ဥပဒေပုဒ်မ ၅ (၁)(စ)(ဆ) ဖြင့်လည်းကောင်း၊ တာမွေမြို့နယ်တရားရုံးတွင် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့်လည်းကောင်း တရားစွဲဆိုခံခဲ့ရကြောင်း သိရသည်။

Most Read

Most Recent