၂၀၁၈ ခုနှစ်အတွင်း ရုပ်ရှင်၊ ဂီတ၊ စာပေအနုပညာရှင်အချို့ ကြွေလွင့် သွားခဲ့ရပြီး ယင်းသို့ ကြွေလွင့်ခဲ့သူများတွင် ငယ်ရွယ်ကာ အနုပညာ မျှော်လင့်ချက်များစွာဖြင့် လုပ်ကိုင်နေသူများ၊ ပရိသတ် လေးစားချစ်ခင်ရသည့် ၀ါရင့်အနုပညာရှင်များ ပါဝင်ခဲ့သည်။ ၂၀၁၈ ခုနှစ်အတွင်း ကြွေလွင့်ခဲ့ရသည့် အနုပညာရှင်အချို့မှာ ဇန်နဝါရီ ၂ ရက်တွင် သရုပ်ဆောင်အောင်ရဲထွေး၊ ဇူလိုင် ၁၀ ရက်တွင် တေးရေးတေးဆို ဦးရဲလွင်၊ အောက်တိုဘာ ၃ ရက်တွင် သရုပ်ဆောင် မင်းသွေး၊ နိုဝင်ဘာ ၂၉ ရက်တွင် ကဗျာဆရာ လူအိမ်၊ နိုဝင်ဘာ ၃၀ ရက်တွင် ကဗျာဆရာ မောင်အောင်ပွင့်၊ ဒီဇင်ဘာ ၃ ရက်တွင် ဒါရိုက်တာ ဦးခင်ဇော် စသူတို့ဖြစ်သည်။
၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် သရုပ်ဆောင် အောင်ရဲထွေးရုတ်တရက် သေဆုံးခဲ့ရမှုမှာ ကြားရသူများအတွက် အံ့အားသင့် ကြေကွဲစရာ ဖြစ်ခဲ့ရသည်။ အောင်ရဲထွေးသည် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းတွင် The One Entertainment Park ၌ ပြုလုပ်သော နှစ်သစ်ကူးပါတီပွဲ၌ လူတစ်စုက ၀ိုင်းဝန်းရိုက်နှက်သဖြင့် ဒဏ်ရာများစွာရရှိပြီး ဇန်နဝါရီ ၂ ရက် မွန်းလွဲပိုင်းတွင် သေဆုံး ခဲ့ခြင်းဖြစ်သည်။
ဇူလိုင် ၁၀ ရက်တွင် ကြွေလွင့်ခဲ့ရသည့် တေးရေးတေးဆို ဦးရဲလွင်မှာ မဇ္ဈိမလှိုင်းအဖွဲ့၏ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်ကာ ပန်းခရမ်းပြာ၊ နဒီမင်္ဂလာ စသည့် တေးသီချင်းများစွာ ဖန်တီးခဲ့သူဖြစ်သည်။ ပန်းရဲ့လမ်း ငြိမ်းချမ်းရေးတေးဂီတ အဖွဲ့အား ဦးဆောင်တည်ထောင်ခဲ့ပြီး အနုပညာဖျော်ဖြေမှုဖြင့် အလှူငွေရှာဖွေကာ စစ်ဘေးသင့် ပြည်သူများအတွက် လှူဒါန်းခဲ့သူတစ်ဦးဖြစ်သည်။ ဦးရဲလွင်သည် ကွယ်လွန်ချိန်တွင် အသက် ၇၁ နှစ်ရှိကာ ပရိသတ်များနှင့် အနုပညာရှင်များက ကြေကွဲဝမ်းနည်းခဲ့ကြသည်။
အောက်တိုဘာ ၃ ရက်တွင် ကွယ်လွန်ခဲ့သည့် သရုပ်ဆောင်မင်းသွေးမှာ ဘောလုံးကစားရင်း ရုတ်တရက် အမောဖောက် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ အသက် ၃၃ နှစ်သာရှိသေးပြီး အနုပညာဖန်တီးမှုများအား တက်ကြွစွာ လုပ်ဆောင်နေဆဲအချိန်တွင် ကွယ်လွန်သွားသဖြင့် ပရိသတ်များနှင့် အနုပညာရှင်များ ကြေကွဲဝမ်းနည်းခဲ့ရသည်။
နိုဝင်ဘာ ၂၉ ရက်တွင် ကဗျာဆရာ လူအိမ် ကွယ်လွန်ခဲ့ပြီး အသက် ၅၆ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ကဗျာဆရာလူအိမ်သည် ထင်ရှားသည့် ကဗျာဆရာတစ်ဦးဖြစ်ကာ နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ နိုဝင်ဘာ ၃၀ ရက်တွင်လည်း ကဗျာဆရာ မောင်အောင်ပွင့် ကြွေလွင့်ခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားဟောင်း ကဗျာဆရာတစ်ဦးဖြစ်သည်။ ဆရာမောင်အောင်ပွင့်၏ ဘဝဖြစ်စဉ်အား A Burma Story Book အမည်ဖြင့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့သည်။
ဒီဇင်ဘာ ၃ ရက်တွင် ဒါရိုက်တာ ဦးခင်ဇော်ကွယ်လွန်သွားခဲ့ပြီး အသက် ၉၁ နှစ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးခဲ့သူဖြစ်ပြီး ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ဖူးသူလည်း ဖြစ်သည်။