‘မီ’ ဇာတ်ရုပ်ဖြင့် ပရိသတ်ကို ကိုင်လှုပ်နိုင်သူ အကယ်ဒမီပိုင်ဖြိုးသု

‘မီ’ ဇာတ်ရုပ်ဖြင့် ပရိသတ်ကို ကိုင်လှုပ်နိုင်သူ အကယ်ဒမီပိုင်ဖြိုးသု
Published 1 January 2019

၂၀၁၈ ခုနှစ်တစ်နှစ်တာအတွင်း ထင်ရှားသည့်အနုပညာရှင်တစ်ဦးအဖြစ် ယခုနှစ်အတွင်း ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးနိုင်ခဲ့ကာ ‘မီ’ ဇာတ်ရုပ်ဖြင့် ပရိသတ်အားပေးမှုပိုမိုရရှိလာခဲ့သူ အကယ်ဒမီပိုင်ဖြိုးသုအား ရွေးချယ်ဖော်ပြအပ်ပါသည်။

အကယ်ဒမီပိုင်ဖြိုးသုသည် ၂၀၁၈ ခုနှစ်အတွင်းတွင် ‘3 Girls’ ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုရရှိခဲ့ကာ ယခုနှစ်အတွင်းတွင် ရုပ်ရှင်ဇာတ်ကားအများအပြား ဆက်တိုက် ရိုက်ကူးခွင့်ရခဲ့သူလည်း ဖြစ်သည်။ စာရေးဆရာမ ကြည်အေး၏ ထင်ရှားသည့်ဝတ္ထုဖြစ်သော ‘မီ’ အား ပိုင်ဖြိုးသု၏ ကိုယ်ပိုင်ထုတ်လုပ်ရေးက ထုတ်လုပ်ကာ အကောင်းဆုံးကြိုးစားပါဝင်ခဲ့သဖြင့် ‘မီ’ ဇာတ်ရုပ်ဖြင့်အ ကယ်ဒမီပိုင်ဖြိုးသုမှာ ပိုမိုထင်ရှားလာခဲ့သည်။ ပိုင်ဖြိုးသုသည် ၂၀၁၈ ခုနှစ်အတွင်းတွင် ချစ်သူဖြစ်သူ ဒါရိုက်တာဏကြီးနှင့် စေ့စပ်ကြောင်းလမ်းခဲ့ပြီး ၂၀၁၉ ဇန်နဝါရီလအတွင်း၌လည်း လက်ထပ်မင်္ဂလာပွဲဆင်နွှဲရန် စီစဉ်ထားသည်။

အကယ်ဒမီပိုင်ဖြိုးသုသည် ကလေးသရုပ် ဆောင်တစ်ဦးအဖြစ် ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးသည့် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားအချို့တွင် ပါဝင်ခဲ့သည်။ ထို့ နောက် ပညာရေးအားဦးစားပေးကာ ဆေးတက္ကသိုလ်မှ ဘွဲ့ရရှိသည်အထိ ဆက်လက်သင်ယူပြီးမှသာ အနုပညာလောကအတွင်းသို့ ‘စိုင်းစိုင်းကို ချစ်တယ်’ ဇာတ်ကားဖြင့် တစ်ကျော့ပြန်ရောက်ရှိလာခဲ့သည်။ အနုပညာပျိုးခင်း (၂)၏ စင်တင်မင်းသမီးတစ်ဦးအဖြစ် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများစွာ ရိုက်ကူးခွင့်ရခဲ့သည်။ ပိုင်ဖြိုးသုသည် ဒါရိုက်တာ ခရစ်(စ်)တီးနားခီရိုက်ကူးမည့် ‘Now & Ever ထာဝရနှောင်ကြို’  ဇာတ်ကားတွင် ပါဝင်လျက်ရှိသည်။  

Most Read

Most Recent