Invicible ရုပ်ရှင်ဇာတ်ကားဖြင့် ဟောလိဝုဒ်သို့ ခြေတစ်လှမ်းလှမ်းနိုင်ခဲ့သည့် သရုပ်ဆောင်မော်ဒယ်လ် မေမြတ်နိုး

Invicible ရုပ်ရှင်ဇာတ်ကားဖြင့် ဟောလိဝုဒ်သို့ ခြေတစ်လှမ်းလှမ်းနိုင်ခဲ့သည့် သရုပ်ဆောင်မော်ဒယ်လ် မေမြတ်နိုး
Published 1 January 2019
လင်းလင်းခိုင်

ဟောလိဝုဒ်မှရိုက်ကူးသည့် Invicible ရုပ်ရှင်ဇာတ်ကားတွင် ပထမဆုံး မြန်မာသရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင်ခွင့်ရခဲ့သည့် သရုပ်ဆောင်မော်ဒယ်လ် မေမြတ်နိုးအား ယခုနှစ်အတွင်း ထင်ရှားသည့် လူငယ်အနုပညာရှင်တစ်ဦးအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။ မေမြတ်နိုးသည် ဟောလိဝုဒ်က ရိုက်ကူးသည့် Invicible ရုပ်ရှင်ဇာတ်ကား၏ Casting ရွေးချယ်မှုသို့ ထိုင်းနိုင်ငံသို့ ကိုယ်တိုင်သွားရောက်စဉ် ပါဝင်ရွေးချယ်ခံခဲ့ရာမှ ပါဝင်ခွင့်ရခဲ့ပြီး လက်ရှိတွင် ရိုက်ကူးပြီးစီးပြီဖြစ်ကာ Official Poster ထွက်ရှိထားပြီးဖြစ်သည်။ ထို့ပြင် ယင်းဇာတ်ကားကို ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်နှင့် နိုင်ငံအများအပြား၌ ရုံတင်ပြသရန် စီစဉ်ထားကြောင်းသိရသည်။

“မြတ်နိုးက Asia’s Next Top Model ပြိုင်ပွဲအတွက် ဘန်ကောက်ကို သွားဖြစ်တယ်။ အဲဒီအချိန်မှာပဲ ဒီဇာတ်ကားအတွက် Casting ခေါ်နေတာကို အွန်လိုင်းမှာတွေ့တယ်။ လျှောက်ကြည့်တဲ့အခါ လူတွေ့ခေါ်တယ်။ ပြီးတော့ မြတ်နိုးလက်တွေ့ သရုပ်ဆောင်ပြရတယ်။ ပထမတစ်ကြိမ်မှာ မြတ်နိုး သရုပ်ဆောင်ပြတာကို အဆင်မပြေဘူး။ သေချာစိတ်နှစ်ပြီး လုပ်ကြည့်ဆိုပြီး အခွင့်အရေးထပ်ပေးတယ်။ အဲဒါနဲ့ ထပ်ကြိုးစားတဲ့အခါ အရွေးခံရတာပေါ့။ ဇာတ်လမ်းကတော့ အက်ရှင်ဇာတ်ကားပါ။ ဒီဇာတ်ကားရိုက်ကူးတဲ့အခါ သူတို့လိုချင်တဲ့အမူအရာ၊ အပြောအဆိုပုံစံဖြစ်အောင် သေချာကြိုးစားခဲ့ရတယ်။ မြတ်နိုးရဲ့ ပထမဆုံးနိုင်ငံတကာ ခြေလှမ်းဖြစ်တာကြောင့် အားပေးကြပါလို့လည်း ပြောချင်ပါတယ်။ ဒုတိယခြေလှမ်းအနေနဲ့လည်း အဲဒီဒါရိုက်တာရိုက်ကူးမယ့် ဇာတ်ကားသစ်မှာ ပါဝင်ခွင့်ရပါမယ်” ဟု သရုပ်ဆောင်မေမြတ်နိုးက ဆိုသည်။

သရုပ်ဆောင်မေမြတ်နိုး ပါဝင်ခွင့်ရခဲ့သည့် ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားဖြစ်သော Invicible တွင် သရုပ် ဆောင်များအဖြစ် Jonny Strong၊ Marko Zaror နှင့် သရုပ်ဆောင်များစွာပါဝင်ထားခြင်းဖြစ်သည်။ အဓိကသရုပ်ဆောင်တစ်ဦး အဖြစ်ပါဝင်သည့် Jonny Strong သည် Fast & Furious ဇာတ်ကားနှင့် မြန်မာပရိသတ် ရင်းနှီးမှု ရရှိထားပြီးသူလည်း ဖြစ်သည်။

သရုပ်ဆောင်မေမြတ်နိုးသည် Asia’s Next Top Model ပြိုင်ပွဲတွင် လည်းမြန်မာကိုယ်စားပြုအဖြစ် ပထမဆုံးပါဝင်နိုင်ခဲ့သည့် မော်ဒယ်လ်တစ်ဦးဖြစ်ကာ နိုင်ငံတကာမော်ဒယ်လ်အေဂျင်စီများနှင့် ချိတ်ဆက်၍ လုပ်ကိုင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ 

 

Most Read

Most Recent