မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်တွင် လေဖြတ်နေသော အမျိုးသမီးကြီးတစ်ဦးအား အိမ်အတွင်း ဝင်ရောက်ဓားထိုးမှုဖြစ်ပွားပြီး ကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေး

မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်တွင် လေဖြတ်နေသော အမျိုးသမီးကြီးတစ်ဦးအား အိမ်အတွင်း ဝင်ရောက်ဓားထိုးမှုဖြစ်ပွားပြီး ကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေး
Published 27 August 2017

မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ (၂) တွင် လေဖြတ်နေသော အမျိုးသမီးကြီးအား အိမ်အတွင်းဝင်ရောက် ဓားထိုးခံရမှုဖြစ်ပွားခဲ့ပြီး တရားခံဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၄ ရက် မွန်းလွဲ ၃ နာရီကျော်က မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် မီးသတ်တိုက်တန်း နယ်မြေ (၃) တွင် ဈေးရောင်းချနေသော ဦးညိုတူး (၅၇ နှစ်) သည် ၂၀၁၄ ခုနှစ်ခန့်က စတင်လေဖြတ်နေသော ဇနီးဖြစ်သူ ဒေါ်မာမာအေး (၅၇ နှစ်) အား ရန်မျိုးအောင် ရပ်ကွက်နယ်မြေ (၂) နေအိမ်သို့ ပြန်လည်ကြည့်ရှုရာ ဇနီးဖြစ်သူ ဒေါ်မာမာအေးမှာ နေအိမ်အတွင်း ခုတင်ပေါ်တွင် စောင်းလျက်အနေအထားလဲနေပြီး ဝဲဘက်နားရွက်ဘေးတွင် ဓားခုတ်ပြတ်ရှ သွေးထွက်ဒဏ်ရာများဖြင့် တွေ့ရှိသဖြင့် ရဲစခန်းသို့ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း ကနဦးစစ်ဆေးချက်အရ သိရှိရသည်။

“အသေးစိတ်စစ်ဆေး နေပါတယ်။ ခုချိန်တော့ ဘာမှပြောလို့မရသေးပါဘူး။ ဓားထိုးခံရတဲ့ အဒေါ်ကြီးတော့ သက်သာလာပါပြီ။ မန္တလေးဆေးရုံမှာ တက်ရောက်ကုသနေပါတယ်” ဟု အမှတ် (၂) နယ်မြေရဲစခန်းမှ ဒုရဲအုပ်လှမျိုးသူက ပြောကြားသည်။

“ကျွန်တော်တို့ကို ရဲကလှမ်းအကြောင်းကြားတာနဲ့ ရန်မျိုးအောင်ထဲက အမျိုးသမီးကြီးကို သွားသယ်ပေးရတယ်၊ အမျိုးသမီးကြီးက shock ရနေတာနဲ့ သွေးလန့်အသက်ရှူကြပ်ပြီး သတိမရတစ်ချက် ရတစ်ချက်ဖြစ်နေတာ။ အဲဒီလိုဖြစ်ပြီး နှလုံးတွေဘာတွေ ရပ်သွားတာကို ရှေးဦးသူနာပြုနည်းနဲ့ကုသပြီး ဆေးရုံပို့ပေးရတယ်။ အဘွားကြီးက သတိရလာတာနဲ့ ဆေးရုံကို ချက်ချင်းခေါ်ပြီး ဆေးရုံကလည်း ရောက်တာနဲ့ ဒရစ်ချိတ်ဘာညာနဲ့ဆိုတော့ အားတွေရှိလာတယ်။ ဒဏ်ရာအခြေအနေကတော့ နားနောက်မှာ ထိုးသွင်းဒဏ်ရာ တစ်ချက်တွေ့တယ်။ အဲဒီကလည်း သွေးတွေထွက်နေတယ်။ ကံကောင်းတာက သွေးလွှတ်ကြောကို မထိတာပဲ။ ဒဏ်ရာကတော့ တော်တော်နက်တယ်။ ကျွန်တော်တို့လည်း ဆေးရုံကိုလွှဲပို့ပေးခဲ့တယ်။ အခုနောက်ပိုင်းတော့ မန္တလေးကို ထပ်လွှဲကုတယ်လို့ကြားတယ်” ဟု မိတ္ထီလာခရိုင် ကြက်ခြေနီတပ်ဖွဲ့ ဒုတိယတန်းဦးစီးမှူး ဦးနေဦးက ပြောကြားသည်။

အဆိုပါအမှုအား မိတ္ထီလာမြို့ အမှတ် (၂) နယ်မြေရဲစခန်းမှ ဒုရဲအုပ်လှမျိုးသူက အမှုစစ်အဖြစ်ဆောင်ရွက်ကာ (ပ) ၂၂၅/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၄၅၂/ ၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent