မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ကစားသမားအနေဖြင့် ယနေ့ညကစားမည့် ယန်းဘွိုင်းစ်အသင်းနှင့်အိမ်ကွင်းပွဲစဉ်ပရိသတ်များ၏ဖိအားကို ရင်မဆိုင်လိုပါက အိမ်တွင်သာ ပွဲကိုထိုင်ကြည့်သင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီတွင် အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်၌ ပြိုင်ပွဲစုံ (၉)ပွဲကစားထားရာ (၃)ပွဲသာအနိုင်ရထားသောကြောင့် ပရိသတ်များ၏ဖိအားနှင့်ရင်ဆိုင်ရပြီး လှောင်ပြောင်အော်ဟစ်မှုများကိုလည်း ကြုံတွေ့နေရသည်။
သို့ဖြစ်ရာ မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ကစားသမားများအနေဖြင့် ကွင်းအတွင်းရင်ဆိုင်ရမည့် ဖိအားကို ရင်မဆိုင်လိုပါက အသင်းနှင့်လာရောက်ပူးပေါင်းခြင်းမရှိဘဲ အိမ်တွင်သာ ပွဲကိုထိုင်ကြည့်သင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟိုက '' ကွင်းထဲမှာ ကစားရတာဖိအားတွေရှိတယ်လို့ခံစားရတယ်ဆိုရင် အိမ်မှာပဲနေသင့်ပါတယ်။ အိမ်ဆိုတာက ဘောလုံးကွင်းထဲက နေရာတစ်နေရာကိုပြောတာမဟုတ်ပါဘူး။ ကိုယ်နေတဲ့အိမ်ကိုပဲ ပြောတာပါ။ အိမ်မှာနေပြီး တီဗွီကနေပဲ ပွဲကိုထိုင်ကြည့်ပါ။ ပရိသတ်တွေက အသင်းကိုအားပေးဖို့ ကွင်းထဲကိုလာကြမှာဖြစ်ပါတယ်။ အဲဒါကြောင့် အိမ်ကွင်းမှာကစားရတာ ကျွန်တော့်အနေနဲ့ ဖိအားရှိတယ်လို့မခံစားရပါဘူး။ ဒီလိုခံစားနေရတယ်ဆိုရင်လည်း ဒါဟာ ပရိသတ်တွေနဲ့ အိမ်ကွင်းကို လေးစားမှုမရှိတာပါပဲ။ ဒီလိုစကားမျိုးကို ကျွန်တော်လုံးဝမပြောချင်ပါဘူး။ ယန်းဘွိုင်းစ်နဲ့ပွဲကို အိမ်ကွင်းမှာ ချက်ချင်းကစားချင်တယ်လို့ ပြောချင်တာပါ'' ဟုပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယန်းဘွိုင်းနှင့်ပွဲစဉ်တွင် ဂိုးမသွင်းနိုင်ပါက အသင်းသမိုင်းတစ်လျှောက် ဥရောပပြိုင်ပွဲ၌ အိမ်ကွင်း (၃)ပွဲဆက်ဂိုးမသွင်းယူနိုင်ခြင်းအဖြစ် ပထမဆုံးမှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် လက်ရှိအချိန်တွင် အုပ်စုပွဲစဉ် (၄)ပွဲကစားပြီးချိန်၌ ရမှတ် (၇)မှတ်ရရှိထားပြီး ယန်းဘွိုင်းစ်နှင့်ပွဲစဉ်တွင် အနိုင်ရပါက (၁၆)သင်းအဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။