ခံစစ်ပိုင်းအပါအဝင် ကဏ္ဍအသီးသီးတွင် ပြဿနာများရှိနေကြောင်း ချယ်လ်ဆီးနည်းပြ ဆာရီ သုံးသပ်

ခံစစ်ပိုင်းအပါအဝင် ကဏ္ဍအသီးသီးတွင် ပြဿနာများရှိနေကြောင်း ချယ်လ်ဆီးနည်းပြ ဆာရီ သုံးသပ်
ဆာရီအား စပါးအသင်းနှင့်ပွဲ၌ တွေ့ရစဉ် (Photo – AFP)
ဆာရီအား စပါးအသင်းနှင့်ပွဲ၌ တွေ့ရစဉ် (Photo – AFP)
Published 26 November 2018

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက စပါးအသင်းအား ဂိုးပြတ်ရှုံးနိမ့်သည့်ပွဲ၌ ခံစစ်ပိုင်းအပါအဝင် ကဏ္ဍအသီးသီးတွင် ပြဿနာများရှိနေကြောင်း သုံးသပ်ပြောကြားသည်။

ချယ်လ်ဆီးအသင်းသည် ပွဲအစ ၁၆ မိနစ်အတွင်း အယ်လီ၊ ဟာရီကိန်းတို့၏ သွင်းဂိုးများ ခွင့်ပြုခဲ့ရပြီး ၅၄ မိနစ်တွင်လည်း ဆွန်ဟောင်မင်က ဂျော်ဂျင်ဟို၊ ဒေးဗစ်လူးဝစ်ဇ် တို့ကိုကျော်ဖြတ်၍ တတိယဂိုး သွင်းယူမှုခံခဲ့ရသည်။ ချယ်လ်ဆီးအသင်းအတွက် နှစ်သိမ့်ဂိုးကို လူစားဝင်တိုက်စစ်မှူး ဂျရူးက ၈၅ မိနစ်တွင် ခေါင်းတိုက်သွင်းယူခဲ့သော်လည်း ဆာရီလက်ထက် ပြိုင်ပွဲအဆင့် ၁၉ ပွဲမြောက်တွင် ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့သည်။ သို့ဖြစ်ရာ ဆာရီက “ခံစစ်ပိုင်းကတော့ ကပ်ဆိုးတစ်ခုလိုပဲ ကြုံခဲ့ရတာပါ။ ကျွန်တော်ပြောတာ ခံစစ်စည်းမဟုတ်ဘဲ ခံစစ်ပိုင်းကိုပါ။ တိုက်စစ်ကစားသမားတွေက ဖိအားပေးတာ တော်တော်ဆိုးခဲ့တယ်။ ကွင်းလယ်ကစားသမားတွေကလည်း ခံစစ်တာဝန်ကို ကောင်းကောင်း မယူနိုင်ဘူး။ ခံစစ်စည်းကတော့ ကပ်ဆိုးတစ်ခု ရင်ဆိုင်ခဲ့ရသလိုပါပဲ။ အသင်းရဲ့ ခံစစ်ပိုင်းက တော်တော်အခက် တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖြေရှင်းရမယ့်ပြဿနာတွေ အများကြီးရှိနေတယ်ဆိုတာ သိပါတယ်။ ဒီနေ့ကတော့ အားလုံးလည်း ရှင်းရှင်းလင်းလင်း သိသွားတာပေါ့။ ပထမဆုံးအနေနဲ့ ကစားသမားတွေ အဲဒီလိုသိသွားပါစေလို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက ပွဲအပေါ်ချဉ်းကပ်တဲ့နေရာမှာ ပြဿနာတော်တော်ရှိနေ တယ်လို့ သူတို့ကို ကျွန်တော်ပြောထားလို့ပါ။ ဒီနေ့ပွဲမှာလည်း အဲဒီလိုချဉ်းကပ်ပုံမျိုး ထပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်ရဲ့ အဆင့်အတန်းချင်းမတူတော့ ၁၀ မိနစ်မှာပဲ ကျွန်တော်တို့ ရှုံးသွားပါပြီ။ ဒီအချက်က ပထမဆုံးဖြေရှင်း ရမယ့်ပြဿနာပါ။ ရုပ်ပိုင်းဆိုင်ရာ ရှုထောင့်ကကြည့်ရင် ကျွန်တော်တို့ကစားတာ တော်တော်လေးဆိုးပါတယ်။ အထူးသဖြင့် ပွဲစပြီး မိနစ် ၂၀၊ ၂၅ မိနစ်လောက်မှာ စိတ်ပိုင်းဆိုင်ရာနဲ့ နည်းစနစ်ပိုင်းက တော်တော်ဆိုးပါတယ်။ နည်းဗျူဟာပိုင်းကတော့ အလုပ်တွေအများကြီးလုပ်ဖို့ လိုပါသေးတယ်။ ဒီနေ့မှာ ပြဿနာတွေ အများကြီးရှိနေတာ တွေ့လိုက်ရပါတယ်” ဟု သုံးသပ်ပြောကြားသည်။

Most Read

Most Recent