၂၀၁၇ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး ရာမို့စ် ဆေးကျရှုံးသည့်စွပ်စွဲမှုအား ရီးယဲလ်အသင်း ငြင်းဆန်

၂၀၁၇ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး ရာမို့စ် ဆေးကျရှုံးသည့်စွပ်စွဲမှုအား ရီးယဲလ်အသင်း ငြင်းဆန်
Photo : AFP
Photo : AFP
Published 25 November 2018

ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်သည် ၂၀၁၇ ခုနှစ် ချန်ပီယံ လိဂ် ဗိုလ်လုပွဲအပြီးတွင် တားမြစ်ဆေးကျရှုံးခဲ့ကြောင်း ဂျာမနီအခြေစိုက် Der Spiegel မဂ္ဂဇင်း၏ စွပ်စွဲဖော်ပြမှုကို ရီးယဲလ်အသင်း က ငြင်းဆန်ခဲ့ကြောင်း သိရသည်။

Der Spiegel မဂ္ဂဇင်းသည် ဘောလုံး လောက၏လျှို့ဝှက်ချက်များဖွင့်ချနေသည့် Football Leaks မှ အချက်အလက်များအား ပြန်လည်ဖော်ပြခဲ့ခြင်းဖြစ်ပြီး ကာဒစ်ဖ်မြို့၌ ကျင်းပသည့် ၂၀၁၇ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပြီး တားမြစ်ဆေးစစ်ဆေးရာ ရာမို့စ်အနေ ဖြင့် ရောင်ရမ်းမှုသက်သာစေသည့်ဆေးသုံး စွဲထားကြောင်း တွေ့ရှိသော်လည်း အရေးယူခံရခြင်းမရှိကြောင်း၊ ၎င်းသည် Dexamenthasone ဆေးသုံးစွဲထားကြောင်း တွေ့ရှိသော်လည်း ရီးယဲလ်အသင်းဆရာဝန်ကမူ ယင်း ဆေးနှင့်အလားသဏ္ဌာန်တူသည့် Celestone Chronodose ဆေးကို ပွဲမတိုင်မီ ထိုးသွင်း ကုသမှုခံယူထားသည်ဟု အစီရင်ခံစာပေးပို့ ခဲ့ကြောင်း၊ ယင်းဆေးနှစ်မျိုးစလုံးမှာ ကမ္ဘာ့ တားမြစ်ဆေးတိုက်ဖျက်ရေးအေဂျင်စီ (WADA) မှ တားမြစ်စာရင်းထည့်သွင်းထားသည့် ဆေးများဖြစ်ကြောင်း သိရသည်။ 

Der Spiegel မဂ္ဂဇင်း၏ စွပ်စွဲဖော်ပြမှုအား ရီးယဲလ်အသင်းက နိုဝင်ဘာ ၂၃ ရက်တွင် တုံ့ပြန် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး တိကျမှုမရှိသည့် ဖော်ပြမှုနှင့်ပတ်သက်၍ မှတ်ချက်ပေးလိုခြင်း မရှိကြောင်း ဖော်ပြထားသည်။

''အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ် နှင့်ပတ်သက်၍ Der Spiegel ၏ဖော်ပြမှုကို အောက်ပါအတိုင်း ရှင်းလင်းအပ်ပါသည်။ 

(၁) ဆာဂျီယိုရာမို့စ်အနေဖြင့် တားမြစ်ဆေး စည်းမျဉ်းအား ချိုးဖောက်ဖူးခြင်းလုံးဝမရှိပါ။ 

(၂) WADA နှင့် UEFA ၏ ကျွမ်းကျင်သူများ စစ်ဆေးထားသည့် ရလဒ်နှင့်ပတ်သက်၍ တိကျသောအချက်များအား UEFA ထံ ပေးပို့ ရပြီး ဖော်ပြပါဖြစ်ရပ်အား ချက်ချင်းပိတ်သိမ်း ခဲ့ပြီးဖြစ်ပါသည်။ 

(၃) အထက်တွင်ဖော်ပြထားသည့်သတင်းမှာ တိကျခိုင်မာမှုမရှိသောကြောင့် အသင်းအနေဖြင့် မှတ်ချက်ပေးမည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်''ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) ကလည်း WADA ၏ စည်းမျဉ်းချိုးဖောက်၍ တားမြစ်ဆေး ကျရှုံးသည့်ဖြစ်ရပ် ဖြစ်ပွားဖူးခြင်းမရှိကြောင်း ကြေညာချက်ထုတ်ပြန်သည်။

Most Read

Most Recent