မလေးရှားကိုရှုံးနိမ့်ပြီး မြန်မာအသင်း ဆီမီးဖိုင်နယ်နဲ့လွဲချော်

မလေးရှားကိုရှုံးနိမ့်ပြီး မြန်မာအသင်း ဆီမီးဖိုင်နယ်နဲ့လွဲချော်
Photo: AFP
Photo: AFP
Published 24 November 2018

 

■ မလေးရှား ၃-၀ မြန်မာ

၂၀၁၈ အာဆီယံဆူဇူကီးဖလား အုပ်စု (A) ရဲ့နောက်ဆုံးပွဲစဉ်တွေကို ယနေ့ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းမှာ မလေးရှားအသင်းကို (၀-၃) ဂိုးနဲ့ရှုံးနိမ့်ပြီး ဆီမီးဖိုင်နယ်တက်ရောက်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

နှစ်သင်းစလုံးအတွက် ဆီမီးဖိုင်နယ်တက်ရောက်ရေး အဆုံးအဖြတ်ပွဲစဉ်ဖြစ်သလို၊ အဝေးကွင်းယှဉ်ပြိုင်ရတဲ့ မြန်မာအသင်းအနေနဲ့ ပွဲကိုပိုပြီး သတိကြီးကြီးကစားခဲ့တာပါ။

မြန်မာအသင်းနည်းပြ အန်တွမ်နီဟေးအနေနဲ့ ပြီးခဲ့တဲ့ ဗီယက်နမ်နဲ့ပွဲမှာ ပုံစံကောင်းပြနိုင်ခဲ့တဲ့ ဝင်းမိုးကျော်နဲ့ စိုးမိုးကျော် လူငယ်ကစားသမား (၂) ဦးကို ခံစစ်မှာဆက်လက်အသုံးပြုခဲ့ပြီး အကောင်းဆုံးစုဖွဲ့မှုနဲ့ အဝေးကွင်းမှာရလဒ်ကောင်းဖို့ကြိုးစားခဲ့တာပါ။

သရေကျခွင့်တောင်မရှိတဲ့ အိမ်ရှင်မလေးရှားအသင်းကလည်း အိမ်ကွင်းမှာ အမှားအယွင်းမရှိဖို့ သူတို့ရဲ့အတောင့်တင်းဆုံးလူအင်အားနဲ့ မြန်မာအသင်းကိုရင်ဆိုင်ခဲ့တာပါ။

ပွဲအစပိုင်းတွေမှာ မြန်မာအသင်း ကစားပုံမာမာထန်ထန်နဲ့ ကစားနိုင်ခဲ့ပြီး အိမ်ရှင်ကိုအကောင်းဆုံးဖိအားပေးနိုင်ခဲ့သလို၊ ခံစစ်ပိုင်းကလည်းပုံစံကောင်းကို ပြနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ မလေးရှားအသင်းကလည်း ကွင်းလယ်နဲ့ တိုက်စစ်ပိုင်း အပေးအယူအချိတ်အဆက်မိမိနဲ့ မြန်မာအသင်းဘက်ကိုပြန်လည်ထိုးဖောက်ခဲ့ပြီး ပွဲကကြည့်ကောင်းခဲ့ပါတယ်။

ပွဲချိန် (၂၆) မိနစ်မှာတော့ မလေးရှားအသင်း အဖွင့်ဂိုးရသွားခဲ့ပြီး မလေးရှားအသင်းရဲ့ ကန်သွင်းမှု ဘားတန်းထိပြီးပြန်ထွက်လာတဲ့ဘောလုံးကို ဂိုးရှေ့မှာအသင့်ရှိနေတဲ့ တိုက်စစ်မှူး နော်ရှာရူးလ်က ပိတ်သွင်းယူခဲ့တာပါ။

ဂိုးပေးလိုက်ရချိန်မှာ မြန်မာအသင်းချေပဂိုးရနိုင်တဲ့အပိုင်အခွင့်အရေးတွေရှိခဲ့ပေမယ့် မလေးရှားဂိုးသမားအကောင်းဆုံးလက်စွမ်းပြခဲ့လို့ အရာမထင်ခဲ့ပါဘူး။

ပထမပိုင်းပြီးလို့ နာကျင်အချိန်ပိုမှာတော့ မြန်မာနောက်ခံလူ စိုးမိုးကျော် မလေးရှားအသင်းရဲ့တိုက်စစ်ဆင်မှုကို ဖျက်ထုတ်ရင်းတွန်းတိုက်သလိုဖြစ်ခဲ့တာကြောင့် မလေးရှားအသင်းကို ပယ်နယ်တီပေးခဲ့ရပါတယ်။

ဒီပယ်နယ်တီကို တိုက်စစ်မှူးအက်ဒ်ဟာက ကန်သွင်းယူခဲ့ပြီး မလေးရှားအသင်းကို ဒုတိယဂိုးရစေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မြန်မာအသင်းလူစားအပြောင်းအလဲတွေနဲ့ ချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် မလေးရှားအသင်းရဲ့ ခံစစ်ပိုင်းက တည်တည်ငြိမ်ငြိမ်ရှိခဲ့တာကြောင့် ဂိုးတွေနဲ့ ဝေးခဲ့ပါတယ်။

ဒါ့အပြင် ရရှိတဲ့အခွင့်အရေးအချို့ကိုလည်း အသုံးမချနိုင်ခဲ့လို့ မြန်မာအသင်း နစ်နာခဲ့ရပါတယ်။ ပွဲချိန် (၈၈) မိနစ်မှာတော့ မလေးရှားအသင်းတတိယဂိုးရသွားခဲ့ပြီး မြန်မာနောက်ခံလူ စိုးမိုးကျော်ရဲ့ ဖျက်ထုတ်မှု မလေးရှား တိုက်စစ်မှူး အက်ဒ်ဟာနဲ့ ထိပြီး ဂိုးထဲကိုဝင်သွားခဲ့တာပါ။

လက်ကျန်မိနစ်မှာတော့ မလေးရှားအသင်းက ပွဲကိုထိန်းချုပ်ကစားသွားခဲ့ပြီး အိမ်ရှင်ပရိသတ်ရှေ့မှောက်မှာ မြန်မာအသင်းကို (၃) ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

ရှေ့ပွဲစဉ် (၃) ပွဲမှာ (၂) ပွဲနိုင်၊ (၁) ပွဲသရေနဲ့ ရလဒ်ကောင်းခဲ့တဲ့ မြန်မာအသင်းအဆုံးအဖြတ်ပွဲစဉ်မှာတော့ ခံစစ်ပိုင်းအမှားအယွင်းတွေ၊တိုက်စစ်ပိုင်းအားနည်းမှုတွေနဲ့အတူ တတိယအကြိမ်မြောက် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။

အုပ်စု (A) ရဲ့အခြားပွဲစဉ်မှာတော့ ဗီယက်နမ်အသင်းက အိမ်ကွင်းမှာ ကမ္ဘောဒီးယားအသင်းကို (၃-၀) ဂိုးနဲ့အနိုင်ယူပြီး အုပ်စုပထမနေရာနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

အုပ်စု (A) ပွဲစဉ်များအပြီး အုပ်စုရပ်တည်မှုမှာတော့ ဗီယက်နမ်အသင်းက (၁၀)မှတ်နဲ့ အုပ်စုပထမ၊ မလေးရှားအသင်းက (၉) မှတ်နဲ့ အုပ်စုဒုတိယ၊ မြန်မာအသင်းက (၇) မှတ်နဲ့ အုပ်စုတတိယ၊ ကမ္ဘောဒီးယားအသင်းက ရမှတ် (၃) မှတ်နဲ့ အုပ်စုစတုတ္ထနဲ့ လာအိုအသင်းက ရမှတ် (၀) နဲ့အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်ခဲ့ပါတယ်။

ဆူဇူကီးဖလား အုပ်စု(A)ပွဲစဉ် ရလဒ်များ

မလေးရှား ၃-၀ မြန်မာ

ဗီယက်နမ် ၃-၀ ကမ္ဘောဒီးယား

Most Read

Most Recent