ဆူဇူကီးပြိုင်ပွဲ အုပ်စုပွဲစဉ် (၄) ၏ အကောင်းဆုံးကစားသမားလေးဦးတွင် ကျော်ဇင်ထက် ပါဝင်

ဆူဇူကီးပြိုင်ပွဲ အုပ်စုပွဲစဉ် (၄) ၏ အကောင်းဆုံးကစားသမားလေးဦးတွင် ကျော်ဇင်ထက် ပါဝင်
Photo : MFF
Photo : MFF
Published 24 November 2018

Affsuzukicup.com ဝက်ဘ်ဆိုက်က  ရွေးချယ်သည့် ၂၀၁၈ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲ အုပ်စုပွဲစဉ် (၄) ၏ အကောင်းဆုံးကစားသမားလေးဦးစာရင်းတွင် မြန်မာဂိုးသမား ကျော်ဇင်ထက် ပါဝင်နေကြောင်း သိရသည်။

    

အကောင်းဆုံးကစားသမားလေးဦးတွင် မြန်မာဂိုးသမား ကျော်ဇင်ထက်နှင့်အတူ ဖိလစ်ပိုင်နောက်ခံလူ အယ်လ်ဗာရိုဆေးလ်ဗား၊ ကမ္ဘောဒီးယားကွင်းလယ်ကစားသမား ဆော့ဆူဟန်နာနှင့် စင်ကာပူတိုက်စစ်မှူး အစ်ဆန်ဖန်ဒီတို့ ပါဝင်နေသည်။

ကျော်ဇင်ထက်သည် ဗီယက်နမ်အသင်းနှင့် ဂိုးမရှိသရေ ကျသည့်ပွဲတွင် လက်စွမ်းပြနိုင်ခဲ့သူဖြစ်ပြီး ဗီယက်နမ်အသင်း၏ အပိုင်ဂိုးကန်သွင်းခွင့် လေးကြိမ်ထက်မနည်းကို လက်စွမ်းပြ၍  ကာကွယ်နိုင်ခဲ့သည်။

ကျော်ဇင်ထက်သည် ယင်းပွဲ၏ အကောင်းဆုံးကစားသမားဆုနှင့် အံ့အားသင့်ဖွယ်လွဲချော်ခဲ့သော်လည်း တရား ဝင်ဝက်ဘ်ဆိုက်က ရွေးချယ်သည့် အကောင်း ဆုံး လေးဦးစာရင်းတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

အစ်ဆန်ဖန်ဒီသည် တီမောအသင်းအား အနိုင်ရသည့်ပွဲတွင် နှစ်ဂိုးသွင်းယူခဲ့ပြီး လက်ရှိ စင်ကာပူလက်ရွေးစင်အသင်းနည်းပြချုပ် ဖန်ဒီအာမက်၏ သားလည်းဖြစ်သည်။

အယ်လ်ဗာရိုဆေးလ်ဗားသည် ထိုင်းနှင့် တစ်ဂိုးစီသရေကျသည့်ပွဲတွင် ပြိုင်ဘက်အသင်း၏တိုက်စစ် ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့သလို ကမ္ဘောဒီးယားကွင်းလယ်လူ ဆော့ဆူဟန်နာမှာလည်း ကမ္ဘောဒီးယားအသင်း ပထမဆုံးနိုင်ပွဲ ရစေရန် ခြေစွမ်းပြကစားခဲ့သူဖြစ်သည်။

ကျော်ဇင်ထက်သည် အုပ်စုသုံးပွဲအပြီး တွင် နှစ်ဂိုးပေးထားရသော်လည်း မြန်မာ အသင်းအတွက် အကောင်းဆုံးလက်စွမ်းပြ ကစားနေသူဖြစ်သည်။

ကျော်ဇင်ထက်သည် ယခုနှစ်မှသာ မြန်မာ့လက်ရွေးစင်အသင်းတွင် တစ်ကျော့ပြန်ရွေးချယ်ခံထားရခြင်းဖြစ်သည်။

Most Read

Most Recent